ဧရာဝတီတိုင်းမ်
ဇွန် ၂၂ ရက်

ပြည်တွင်းတွင် အဓိက ကုန်စည်စီးဆင်းရာလမ်းကြောင်း ပိတ်ပင်ခံရပြီး လမ်းအသုံးပြုခွင့် တိုးမြှင့်ကောက်ခံသဖြင့် သယ်ယူပို့ဆောင်ရေး စရိတ်ကြီးမြင့်လာခြင်းသည် ကုန်ဈေးနှုန်း မြင့်တက်မှုကို ဖြစ်ပေါ်စေသည့် အချက်တစ်ခုဖြစ်ကြောင်း အသေးစားကုန်သွယ်မှု လုပ်ကိုင်နေသူများထံက သိရသည်။

ယခု ဇွန်လမှ စတင်ကာ ရန်ကုန် – ပဲခူးအဝေးပြေးလမ်းမကြီးပေါ်ရှိ Toll Gate များအပါအဝင် အချို့ Toll Gate များတွင် လမ်းအသုံးပြုခများကို ရာဂဏန်းမှ ထောင်ဂဏန်း၊ သောင်းဂဏန်းထိတိုးမြှင့် ကောက်ခံနေကြောင်း သိရသည်။

နယ်စပ်ကုန်သွယ်ရေးလမ်းများ အားလုံးပိတ်ဆို့ခံထားရသဖြင့် ကုန်စည်ပို့ဆောင်ရေး တွင် အခက်ခဲဖြစ်ပေါ်လျှက်ရှိကာ လမ်းကြောင်းအဆင့်ဆင့် အသုံးပြုရခြင်းကြောင့် ကုန်တင်ခများ ပိုများလာကြောင်း ကုန်သည်တစ်ဦးက ဆိုသည်။

“ကုန်ပို့တာက အရင်လို ၁၂ ဘီး၊ ၁၀ ဘီးကားတွေနဲ့ကုန်တင်လို့မရတော့ဘူး။ ကား အသေးလေး တွေနဲ့အဆင့်ဆင့်ထပ်သယ်ရတော့ စရိတ်တွေထောင်းတယ်။ မိုးတွင်း လမ်းတွေပျက်တော့ ကားတွေမဆွဲနိုင်ဘူး။ မြဝတီတောင် အသွားအပြန် အနည်းဆုံး ၇ ရက်လောက်ကြာတယ်” ဟု အသေးစားလုပ်ငန်းရှင်ကုန်သည်တစ်ဦးက ဧရာဝတီ တိုင်းမ်ကို ပြောသည်။

အာရှလမ်းမကြီးပိတ်ခံထားရချိန်တွင် မြဝတီနယ်စပ်ဂိတ်မှနေ၍ ထိုင်းနိုင်ငံထုတ် လူသုံးကုန်၊ စားသုံးကုန်ပစ္စည်းများအပါအဝင် စက်မှုကုန်ကြမ်းပစ္စည်းများကို တောလမ်း များအသုံးပြု၍ ကုန်စည်ပို့ဆောင်ရပြီး မိုးရာသီလမ်းအခက်အခဲများကြောင့် ကုန်တင်ခ ပိုမိုများကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

လက်ရှိ မြဝတီ – ရန်ကုန်ကုန်တင်ယာဉ်ငှားခ ( ကားအသေး) ကျပ်သိန်း ၃၀ မှ ကျပ်သိန်း ၅၀ ဝန်းကျင်ရှိကာ ရှမ်းပြည်မြောက်(မူဆယ်) မှ ကုန်ပစ္စည်းများကို လမ်းကြောင့် အဆင့်ဆင့် သယ်ယူရသဖြင့် မန္တလေးအရောက်ကုန်ကားတစ်ဦးလျှင် ကျပ် သိန်း ၇၀ မှ ၁၀၀ ဝန်းကျင်ရှိကြောင်းသိရသည်။

ကုန်ပစ္စည်များ သယ်ယူပို့ဆောင်ရာတွင် ကုန်တင်ယာဉ်စရိတ်မြင့်တက်မှုအပြင် စစ်ကောင်စီက တရားမဝင်ကုန်သွယ်မှုဟုဆိုကာ ဖမ်းဆီးမှုများရှိနေ၍ ကုန်စည်ဈေးနှုန်း မြင့်တက်မှုဒဏ်ကို နောက်ဆုံး အသုံးပြုသည့် စားသုံးသူများကသာ ခံစားနေရကြောင်း ရန်ကုန်ရှိ အိမ်ရှင်မတစ်ဦးက ဆိုသည်။

ဓာတ်ပုံ – ဧရာဝတီတိုင်း၊ လူမှုကွန်ရက်
#ကုန်စည်ပို့ဆောင်ရေး #ကုန်တင်ခမြင့်တက် #ကုန်စည်ဈေးနှုန်းပေါ်သက်ရောက် #စားသုံးသူများ #Ayeyarwaddy_Times