ဧရာဝတီတိုင်းမ်
ဇွန် ၂၂ ရက်

ဧရာ၀တီတိုင်းတွင်းရှိ မြို့နယ်များတွင် အခြေခံ စားသောက်ကုန်ဖြစ်သည့် စားအုန်းဆီကို ၀ယ်ယူရာတွင် မှတ်ပုံတင်၊ ဖုန်းနံပါတ်၊ လက်ဗွေများတောင်းယူ ကာရောင်းချနေကြောင်းဒေသခံများထံမှသိရှိရသည်။

စစ်ကောင်စီက စားအုန်းဆီ ရောင်းချသည့်ဆိုင်များကို ယခုကဲ့သို့ညွန်ကြားထားခြင်းဖြစ်ပြီး လက်ရှိတွင် တစ်ဦးလျှင် ဆီ၅၀သားနှုန်းနှင့် အချက်အလက်များပေးကာ တန်းစီ၀ယ်ယူနေရကြောင်းသိရသည်။

“သူတို့က တန်းစီတိုင်းလဲမရဘူး ဆိုင်တွေမှာ၀ယ်နေကြသူပဲ ရတာ ၀ယ်သူရဲ့ နံမည်၊ မှတ်ပုံတင် ၊ လက်ဗွေပါနှိပ်ရတယ်။ အပြင်မှာ တစ်ပိဿာ တစ်သောင်းငါးထောင်နီးပါးဆိုတော့သည်းခံပြီး၀ယ်ရတာပဲ။ ဆိုင်တွေက နည်းနည်းပဲရောင်းပြီး ကုန်ပီပဲလုပ်ကြတာ ပြည်သူတွေပဲ ဒုက္ခရောက်ကုန်တာ”ဟု ပုသိမ်မြို့တွင်နေထိုင်သူအမျိုးသမီးတစ်ဦးမှ ဧရာ၀တီတိုင်မ်းကိုပြောသည်။

စစ်ကောင်စီက ရပ်ကွက်အချို့တွင် ဈေးနူန်းသက်သာရေးခေါင်းစဥ်နှင့် စားအုန်းဆီ တစ်ပိဿာလျှင်၅၈၀၀ ကျပ်နှုန်းရောင်းချရန် ညွှန်ကြားထားသော်လည်း နာရီပိုင်းသာ ဖြစ်သောကြောင့် လာရောက်တန်းစီသူ အများစုမှာ ၀ယ်ယူခွင့်မရကြောင်း ဒေသခံများကပြောသည်။

“ကျွန်တော်တို့ရပ်ကွက်နေသူတွေက အခြေခံလူတန်းစားများတယ် ပဲဆီ၀ယ်မစားနိုင်ဘူးလေ တစ်ကယ်ရောင်းပေးတော့ နာရီပိုင်း ပဲဟန်ပြရောင်းပေးတာ ငါးဆယ်သားဆိုပြီး လေးဆယ်သားလောက်ပဲပါတယ်”ဟု သာပေါင်းမြို့ တွင်နေထိုင်သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကိုပြောသည်။

ဧရာ၀တီတိုင်းတွင် ဇွန်လ အစပိုင်းကစတင်ပြီး စားအုန်းဆီ ပြတ်တောက်မှု ဖြစ်ပေါ်ခဲ့ရာစစ်ကောင်စီက မြို့နယ်တချို့တွင် စီမံချက်နှင့် ရောင်းချပေးနေသော်လည်း ပြည်သူများအနေဖြင့် အလုံအလောက် ဝယ်ယူ၍ မရကြောင်း သိရသည်။

#ဧရာ၀တီတိုင်း #စားအုန်းဆီ #၀ယ်ယူခွင့်ရရေးအတွက် #မှတ်ပုံတင်နှင့် #လက်ဗွေများတောင်းယူ #Ayeyarwaddy_Times