
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇွန် ၂၂ ရက်
စစ်ကောင်စီ၏ ငြိမ်းချမ်းရေးအဖွဲ့နှင့် ၎င်းတို့ အသိအမှတ်ပြု နိုင်ငံရေးပါတီများ အစုအဖွဲ့တို့ နှစ်ရက်တာ တွေ့ဆုံမှုတွင် ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို ဦးတည်သော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မများ ပြင်ဆင်နိုင်ရေး ဆွေးနွေးခဲ့ကြောင်း ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးထံက သိရသည်။
စစ်ကောင်စီ လက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် နိုင်ငံရေးပါတီများ အစုအဖွဲ့၏ အလုပ်အဖွဲ့တို့သည် နေပြည်တော်တွင် ဇွန် ၁၉ ရက်မှ ၂၀ ရက်အထိ နှစ်ရက်တာ တွေ့ဆုံ၍ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ဆွေးနွေးခဲ့ကြောင်း သိရသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြဿနာသည် လက်ရှိမြန်မာနိုင်ငံတွင် ဖြစ်နေသော ပြဿနာအားလုံး၏ အဓိကဖြစ်ကာ ယခင်က မူအားဖြင့် နှစ်ဖက်သဘောတူထားသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အခြေခံသော ပြည်ထောင်စုတည်ဆောက်ရန် မည်သည့်အချက်များ ပြင်ဆင်ကြရန် လိုမည်ဟူသော သဘောထား စုစည်းခြင်းဖြစ်ကြောင်း ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောသည်။
“ဒီအပေါ်မှာ ဒီမိုကရေစီကို ဦးတည်တဲ့ ပုဒ်မတွေပေါ့။ ဘယ်ဟာတွေကို ကျွန်တော်တို့ပြင်ဆင်ဖို့ လိုမလဲဆိုတာကိုတော့ သဘောထားအပြန်အလှန် ဆွေးနွေးကြတာရှိပါတယ်။ နောက်တစ်ခုကတော့ ဖက်ဒရယ်ကို ဦးတည်တဲ့ ဥပဒေတွေနဲ့ ပတ်သက်လို့ ဘယ်အချက်တွေကို ပြင်ဆင်ရမလဲဆိုတာ ကျွန်တော်တို့နှစ်ဖက်သဘောထားစုစည်းကြတာ ဖြစ်ပါတယ်” ဟု ဦးကိုကိုကြီးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ (၂)ရက်တာ တွေ့ဆုံပွဲတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှ ပြင်ဆင်ရန်သင့်သည်ဟု သုံးသပ်ယူဆရသော အချက်များ၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ အထွေထွေ ဆွေးနွေးချက်များ၊ သဘောထားများကို အပြန်အလှန် ဆွေးနွေးညှိနှိုင်း၍ ရရှိလာသည့် သဘောထားများအား သဘောထားစုစည်းချက်များအဖြစ် မှတ်တမ်းတင်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။
“အခုကတော့ ပထမဆုံးအကြိမ် ဆွေးနွေးပွဲဖြစ်တော့ မူအားဖြင့် အရေးကြီးတဲ့ အချက်တွေကို ဆွေးနွေးကြတယ်။ တစ်ချို့ ဖွဲ့စည်းပုံမှာပါတဲ့ ဥပဒေပိုင်းဆိုင်ရာ အချက်တွေကို ဆွေးနွေးကြတာ ရှိပါတယ်။ အဲ့တော့ တစ်ချို့ကိစ္စတွေမှာတော့ မူအားဖြင့်တော့ သဘောတူတယ်။ သို့သော် အသေးစိတ် ဆက်လက်ပြီးတော့ ဆွေးနွေးဖို့ သဘောတူခဲ့တာတွေလဲ ရှိပါတယ်” ဟု ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးက ဆိုသည်။
ထို့အပြင် စစ်ကောင်စီ၏ NSPNC နှင့် နိုင်ငံရေးပါတီများ အစုအဖွဲ့တို့အကြား နှစ်ဖက်တွေ့ဆုံမှုများ ပုံမှန်ပြုလုပ်သွားမည် ဖြစ်သလို ထူးခြားသော အခြေအနေများ ရှိလာပါကလည်း သီးခြားတွေ့ဆုံ ဆွေးနွေးကြရန် သဘောတူခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။
လက်ရှိ စစ်ကောင်စီက ပြုလုပ်ရန် ကြိုးပမ်းနေသော ရွေးကောက်ပွဲ မတိုင်ခင် နှစ်ဖက်ကြိုတင် သဘောတူညီချက်များ ရရှိထားရန် ၎င်းတို့အသိအမှတ်ပြု နိုင်ငံရေးပါတီများက တိုက်တွန်းပြောဆိုခဲ့ရာမှ (၄၇) ပါတီမှ ကိုယ်စားလှယ်များဖြင့် အဆင့်ဆင့် ရွေးချယ်ဖွဲ့စည်းထားသည့် နိုင်ငံရေးပါတီများ အစုအဖွဲ့ ပေါ်ပေါက်လာခြင်းဖြစ်ပြီး ယင်းအဖွဲ့၏ အလုပ်အဖွဲ့ကိုမူ (၁၆) ပါတီမှ အဖွဲ့ဝင် (၁၆) ဦးဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။
နိုင်ငံရေးဆိုသည်မှာ ရှု့ဒေါင့်အမျိုးမျိုးကနေ အမြင်သဘောထား အမျိုးမျိုးရှိကြပြီး ပြည်သူ့ပါတီအနေဖြင့် ထိခိုက်နာကျင်မှု အနည်းဆုံးနှင့် ပြုပြင်ပြောင်းလဲမှု ဖြစ်လာရန်အတွက် အကြမ်းမဖက် နိုင်ငံရေးနည်းလမ်းများအား ရွေးချယ်ထားသလို လက်ရှိမြန်မာ့အရေး အခြေအနေကို နိုင်ငံရေးနည်းလမ်းကနေသာ လုပ်နိုင်မည်ဖြစ်ကြောင်း ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောသည်။
“လက်ရှိဖြစ်နေတဲ့ သေကြေပျက်စီးမှုတွေ၊ မီးလောင်ဆုံးရှုံးမှုတွေ၊ အိုးအိမ်စွန့်ခွါရတာတွေ ဒီကိစ္စတွေကို အနည်းဆုံးတော့ ရပ်တန့်နိုင်ဖို့ လျော့နည်းသက်သာဖို့ ပြန်လည်ထူထောင်ရေး ကိစ္စတွေအားလုံး နိုင်ငံရေးနည်းလမ်းကနေပဲ လုပ်နိုင်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ဒါကြောင့်လဲ ဒီနည်းလမ်းကို ကျွန်တော်တို့ကတော့ တစိုက်မတ်မတ် ကြိုးစားတာဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
ယင်းအပြင် အလုပ်အဖွဲ့ (၁၆) ပါတီအနက်မှ ဦးဆောင်ပါတီများအဖြစ် (၄) ပါတီက အဖွဲ့ခေါင်းဆောင် (၄) ဦးကိုလည်း ရွေးချယ်ထားပြီး ၎င်းတို့မှာ ကြံ့ခိုင်ရေးပါတီ၊ ဦးစိုင်းအိုက်ပေါင်း ပါတီ၊ ဦးကိုကိုကြီး ပါတီနှင့် ဒေါက်တာအေးမောင် ပါတီတို့ဖြစ်ကာ ယင်းတို့အနေဖြင့် အလှည့်ကျ ဦးဆောင်၍ စစ်ကောင်စီ၏ NSPNC၊ အပစ်ရပ်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။
ထိုနိုင်ငံရေးပါတီများ အစုအဖွဲ့၏ အလုပ်အဖွဲ့ (၁၆) ပါတီမှာ စစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံနေသော ပြည်ခိုင်ဖြိုးပါတီ၊ ပြည်သူ့ပါတီ၊ ရခိုင့်ဦးဆောင်ပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ ပြည်ထောင်စု ငြိမ်းချမ်းရေးနှင့် ညီညွတ်ရေးပါတီ၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီနှင့် ရှမ်းနီပါတီ စသည်တို့ဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ – စစ်ကောင်စီ
#စစ်ကောင်စီ #ဒီမိုကရေစီ #ဖက်ဒရယ် #ဦးတည်သော #၂၀၀၈ခြေဥ #ပြင်ဆင်နိုင်ရေး #ဆွေးနွေးခဲ့ဟု #ဦးကိုကိုကြီးပြော #Ayeyarwaddy_Times