ဧရာဝတီတိုင်းမ်
ဇွန် ၂၂ ရက်

ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ် ကြိမ်ပင်ဆယ်ကျေးရွာတွင် ပြီးခဲ့သည့်ဇွန်လ၂၀ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်များသည်လက်ကိုင်ဖုန်းအတွင်း VPN ဆော့ဝဲလ် အသုံးပြုခြင်းရှိမရှိ စစ်ဆေးနေစဉ် ဆိုင်ကယ်မောင်း ထွက်ပြေးခဲ့သော လူငယ်တစ်ဦးအား သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း ဒေသခံများထံကသိရသည်။

အဆိုပါဖြစ်စဉ်တွင် ဆိုင်ကယ်မောင်းထွက်ပြေးခဲ့သော ဒေသခံလူငယ်တစ်ဦးအား စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ သေနတ်ဖြင့် ငါးချက်ထက်မနည်း ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း မျက်မြင်ကြုံတွေ့ခဲ့ရသည့် ဒေသခံများကပြောသည်။

“ရွာအဝင်ထိပ်က ပုသိမ်ကားလမ်းမပေါ်မှာ စစ်တပ်နဲ့ရဲတွေ ဆိုင်ကယ်တွေနဲ့လာပြီးတော့ VPN လာစစ်တယ်။ အဲ့တာကို အစစ်မခံပဲ ဆိုင်ကယ်မောင်းပြီးနောက်ပြန်လှည့်ထွက်ပြေးလို့ သေနတ်နဲ့ လှမ်းပစ်တာ။ ကောင်လေးလည်းသေနတ်မှန်ပြီးတော့ အဖမ်းခံလိုက်ရတယ်။ ကန်ကျောက်ခံရတာလည်း တစ်ကိုယ်လုံးရစရာမရှိဘူး” ဟု မျက်မြင်တွေ့ရှိခဲ့သည့် ကြိမ်ပင်ဆယ်ကျေးရွာဒေသခံ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ပစ်ခတ်ဖမ်းဆီးခံခဲ့ရသူမှာ အသက်၂၄ နှစ်အရွယ်ဝန်းကျင်ရှိ ကြိမ်ပင်ဆယ်ဒေသခံလူငယ်တစ်ဦးဖြစ်ပြီး ခြေသလုံး(ယာ)၊ ပေါင် (ဝဲ)နေရာနှင့်လက်မောင်း(ယာ)တို့တွင်သေနတ်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း မြို့နယ်ရဲစခန်းနှင့်နီးစပ်သည့် ရင်းမြစ်ထံက သိရသည်။

“အဖမ်းခံရတဲ့ကောင်လေးက ကြိမ်ပင်ဆယ်ကပဲ။ နာမည်ကတော့ပြောလို့မရလို့။အရပ်ခေါ်ကအငယ်ကောင်လို့သိရတယ်။ လက်တွေခြေထောက်တွေမှာ သေနတ်ပစ်ခံရတဲ့ဒဏ်ရာရပြီးတော့ ညောင်တုန်းဆေးရုံကို ဆေးကုဖို့အရင်ပို့လိုက်တယ်။ အခုကတော့မြို့နယ်ရဲစခန်းအချုပ်မှာထိန်းသိမ်းပြီးတော့ စစ်ဆေးနေတုန်းပဲ”ဟု ညောင်တုန်းမြို့နယ်ရဲစခန်းနှင့် နီးစပ်
သည့်ရဲအရာရှိတစ်ဦးကဆိုသည်။

ညောင်တုန်းမြို့နယ်တွင် ပြီးခဲ့သည့် ဇွန်လ ၁၈ ရက်နေ့ကစပြီး မြို့တွင်း ဗိုလ်ချုပ်လမ်းပေါ်၊ မိုးဟုတ်ဘုရားရှေ့၊ရန်ကုန်-ပုသိမ်လမ်းမပေါ် တာကွေ့လမ်းဆုံနေရာနှင့် ကြိမ်ပင်ဆယ်ကျေးရွာထိပ်တို့တွင် စစ်ကောင်စီတပ်၊ ရဲနှင့် ပြည်သူ့စစ်(ပျူစောထီး)အဖွဲ့များမှ လက်ကိုင်ဖုန်းအတွင်းVPN အသုံးပြုခြင်းရှိမရှိစစ်ဆေးခြင်းအပြင် ဆိုင်ကယ်ဖမ်းဆီးမှုများပြုလုပ်နေကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

#ညောင်တုန်း #လက်ကိုင်ဖုန်းအတွင်း #VPN #အသုံးပြုမှုစစ်ဆေးစဉ် #လူငယ်တစ်ဦးကို #စစ်ကောင်စီတပ်မှ #ပစ်ခတ်ဖမ်းဆီး
#Ayeyarwaddy_Times