
ဧရာဝတီတိုင်းမ်
ဇွန် ၂၂ ရက်
စစ်တပ်က ပစ်ခတ်မှုကြောင့် ပဲခူးတိုင်း၊ ပဲခူးမြို့ ဝင်းနိမ္မိတာရုံဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ပျံလွန်တော် မူခဲ့ခြင်းအပေါ် သီတဂူဆရာတော်က သည်းခံ ခွင့်လွှတ် မေ့ပျောက်ကြရန် ယနေ့ ဇွန် ၂၂ ရက်နေ့တွင် ဝင်းနိမ္မိတာရုံကျောင်းတိုက်သို့ ရောက်ရှိစဉ်တွင် သံဃာတော်များကို မိန့်ကြားကြားခဲ့ကြောင်း သိရသည်။
စစ်တပ်နှင့် ရင်းနှီးသည့်ဆက်ဆံရေးရှိပြီး စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုးကွယ်သည့် သီတဂူဆရာတော်မှ ပြန်ပြင်လို့မရတော့သည့် တစုံတယောက်မှားခဲ့သည့် အမှားကို သံဃာတော်များက အားပေးမိ ရာမရောက်အောင် နှင့် ထပ်ပြီးတော့ မမှားမိအောင် သည်းခံခြင်း၊ခွင့်လွှတ်ခြင်း၊ မေ့ပျောက်ခြင်းဖြင့် ထိန်းသိမ်း စောင့်ရှောက် ကြရန် ပြောဆိုမိန့်ကြားခဲ့ကြောင်း သိရသည်။
“ဒီကနေ့ တိုင်းပြည်ရဲ့အခြေအနေအရ ညီညွတ်ဖို့ရာ သိပ်အရေးကြီးနေတဲ့အတွက် နိုင်ငံတော်အစိုးရနဲ့ သံဃာ လက်မတွဲနိုင်ရင် တပည့်တော်တို့ တိုင်းပြည်ဟာ ဒုက္ခဖြစ်စရာ အများကြီး ရှိတယ်၊ပြန်ပြင်လို့မရတော့တဲ့ ဒီအမှားကို တစုံတယောက်မှားတဲ့ ဒီအမှားကို တပည့်တော်တို့ သံဃာတော်တွေက အားပေးမိရာ မရောက်အောင် ထပ်ပြီးတော့လည်း မမှားမိအောင် သည်းခံခြင်း ခွင့်လွှတ်ခြင်း မေ့ပျောက်ခြင်းဖြင့် ထိန်းသိမ်းစောင့်ရှောက်တော်မူကြပါဘုရား” ဟု သီတဂူဆရာတော်က မိန့်ကြားသည်။
သီတဂူဆရာတော်မှာ ရွှေကျင်သံဃာဂိုဏ်း(ရွှေကျင်နိကာယ) ၏ တွဲဘက်သာသနာပိုင်အဖြစ်တာဝန်ယူထားပြီး ဝင်းနိမ္မိတာရုံဆရာတော် မှာ မန္တလေးမြို့တွင် ကျင်းပမည့် ရွှေကျင်ဂိုဏ်းအစည်းအဝေးသို့ တက်ရောက်ရန်သွားစဉ် လမ်းခုလတ်တွင် စစ်တပ်၏သတ်ဖြတ်မှုကို ခံခဲ့ရခြင်းဖြစ်သည်။
ဖြစ်စဉ်ဖြစ်ပြီး ပထမဆုံးသတင်းထုတ်ပြန်စဉ် PDF များကပစ်ခတ်သည်ဟု မြေပုံနှင့်တကွ လိမ်လည်သတင်းထုတ်ပြန်ခဲ့ပြီးနောက် ကန်သုံးဆင့်ဆရာတော်ကြီး၏ ဖြစ်စဉ်ကိုအမှန်အတိုင်း သံဃာတော်များကို မိန့်ကြားရာမှ ပြန်လည်စီစစ်မည်ဟု စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။
ထို့နောက် ဝင်းနိမ္မိတာရုံဆရာတော် ပျံလွန်တော်မူသည့် ဖြစ်စဉ်နှင့်ပါတ်သတ်၍ ဗိုလ်ချုပ်ဇော်မင်းထွန်းက ၎င်းတို့လက်ချက်ဖြစ်ကြောင်းဝန်ခံခဲ့ပြီး ယခုဖြစ်စဉ်ကိုလည်း အဖြစ်မှန်စုံစမ်းဖော်ထုတ်ရေး အဖွဲ့ဖွဲ့စည်းကာ လိုအပ်သည့် အရေးယူမှုများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ပြောဆိုခဲ့သည်။
ဓာတ်ပုံ – လူမှုကွန်ယက်
#သီတဂူဆရာတော် #ခွင့်လွှတ်သည်းခံ #ဝင်းနိမ္မိတာရုံ #ဆရာတော်သတ်ခံရ #Ayeyarwaddy_Times