
ဧရာဝတီတိုင်းမ်
ဇွန် ၂၁ ရက်
နိုင်ငံတော် သံဃမဟာနာယက(ငြိမ်း) ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ပျံလွန် တော်မူခြင်း နှင့် ဆက်စပ်၍ သံဃာအဖွဲ့အစည်းများက ဝမ်းနည်းကြောင်း၊ စစ်တပ်ကိုရှုတ်ချကြောင်း နှင့် စစ်တပ်၏သတ်ဖြတ်ခြင်းများကို အဆုံးသတ်ရေး ရဟန်းရှင်လူ ပြည်သူများဝိုင်းဝန်းလက်တွဲကြရန် စသည့် သဘောထား ထုတ်ပြန်ချက်များကို ယမန်နေ့ဇွန် ၂၁ရက် နေ့တွင် ထုတ်ပြန်ခဲ့ကြသည်။
သဘောထားထုတ်ပြန်ခဲ့ကြသည့် အဖွဲ့အစည်းများတွင် သံဃာ အဖွဲ့အစည်းများဖြစ်သည့် ဝင်းနိမ္မိတာရုံကျောင်းတိုက် စာသင်သား ဟောင်းတပည့်သံဃာ တော်များ၊ သံဃသမဂ္ဂ(မန္တလေး) တို့ပါဝင်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ အမွေ အနှစ်ဆိုင်ရာ ကြားကာလစီမံအုပ်ချုပ်မှုဗဟိုအဖွဲ့မှလည်းပါဝင် ထုတ်ပြန်ခဲ့သည်။ ထို့အပြင် ဓမ္မဒူတဗုဒ္ဓတက္ကသိုလ်မှလည်း ဝမ်းနည်းကြောင်း ထုတ်ပြန်ခဲ့သည်။
ဝင်းနိမ္မိတာရုံကျောင်းတိုက် စာသင်သား ဟောင်းတပည့်သံဃာ တော်များမှ စစ်အာဏာရှင်၏ သတ်ဖြတ်မှုများမှာ ရဟန်းရှင်လူ လူမျိုးမရွေး ဘာသာမရွေး မည်သူ့အပေါ်မဆို ကျရောက်လာနေပြီဖြစ်ကြောင်းကို ဆရာတော်ကြီးမှ ခန္ဓဝန်ကို စွန့်၍ တပည့်သံဃာအပေါင်းအား သိမြင်စေခဲ့ ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
ထို့ပြင် ယခုကဲ့သို့ ဆရာတော်ကြီးနှင့် နိုင်ငံအနှံ့ရှိ့ပြည်သူများကို စစ်တပ်မှ လက်လွတ် စပယ်သတ်ဖြတ်နေခြင်းများကို ဗုဒ္ဓဘာသာ ရဟန်းတော်များအနေဖြင့် ပြည်သူများအပေါ် မေတ္တာရှေ့ထားပြီး ဆောင်ရွက်ဖွယ်ရာ ပရိကံဆောင်ခြင်းအမျိုးမျိုးကို ဝိနည်းတော်နှင့်အညီ ဆောင်ရွက်ပေးရန် နှင့် စစ်တပ်၏ သတ်ဖြတ်မှုများကို တားဆီးနိုင်ရန်ရဟန်းရှင်လူ ပြည်သူများက ဝိုင်းဝန်းလက်တွဲဆောင်ရွက်ကြရန်လည်း တိုက်တွန်းနှိုးဆော်ထားသည်။
စစ်ကောင်စီသည် နိုင်ငံတဝှမ်းလုံးရှိ ရဟန်းရှင်လူ ပြည်သူများ အပေါ် လက်လွတ်စပါယ် သတ်ဖြတ်မှုများကို နေ့စဉ်နှင့်အမျှလုပ်ဆောင် နေပြီး ယခုကဲ့သို့ သံဃနာယကဆရာတော်တစ်ပါးအား ပစ်ခတ်သတ်ဖြတ်သည့် အကြမ်းဖက် လုပ်ရပ်ကို သံဃသမဂ္ဂ(မန္တလေး) အနေဖြင့် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်းလည်း ထုတ်ပြန်ထားသည်။
သံဃသမဂ္ဂ(မန္တလေး) မှ ဆရာတော်ကြီး ပျံလွန်တော်မူခြင်းသည် ဗုဒ္ဓသာသနာတော်နှင့် နိုင်ငံတော်အတွက် ကြီးမားသည့် ဆုံးရှုံးမှုတစ်ရပ်ကိုဖြစ်စေခဲ့ပြီး မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ စာသင်သား-တပည့်သံဃာတော်များ၏ ရှေ့ဆောင်လမ်းပြ အာဇာနည်ပုဂ္ဂိုလ်တစ်ပါးဖြစ်သည့် ဆရာတော်၏ သာသနာတော်အတွက် ကြိုးစား အားထုတ်မှုတို့သည် သမိုင်းဝင်စံတန်ဖိုးထားရမည့်ပုဂ္ဂိုလ်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် ဆရာ တော်ကြီးကို သေနတ်ဖြင့်ပစ်ခတ်၍ပျံလွန်တော်မူစေခြင်း၊ နိုင်ငံပိုင်မီဒီယာများနှင့် စစ်လော်ဘီများက သတင်းမှားများလိမ်လည်ထုတ်ပြန်ခြင်း၊ ဖြစ်စဉ်အစတွင် အတူပါလာသည့် ကံသုံးဆင့်ဆရာ တော်ကြီးကို ဆေးကုသခွင့်၊ ဆွမ်းစားခွင့်မပြုပဲ စစ်ဆေးမှုပြုခြင်း စသည့် စစ်တပ်၏လုပ်ရပ်များကို ပြင်းထန်စွာရှုတ်ချကြောင်းနှင့် တရားမျှတမှု ရှိစေရန် ရွှေကျင်သာသနာပိုင် ဆရာ တော်နှင့် ရွှေကျင်နိကာယ ဗဟိုဌာန၊ ပြည်သူများနှင့် သံဃာအဖွဲ့အစည်းများ မှ တရားမျှတမှုရရှိ စေရေးကို ဝိုင်းဝန်းတောင်းဆိုပေးကြရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ အမွေ အနှစ်ဆိုင်ရာ ကြားကာလစီမံအုပ်ချုပ်မှုဗဟိုအဖွဲ့က ထုတ်ပြန်ထားသည်။
နိုင်ငံတော် သံဃမဟာနာယက(ငြိမ်း) ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ သည် ပြီးခဲ့သည့် ဇွန် ၁၉ ရက်နေ့က မန္တလေးမြို့တွင် ကျင်းပမည့် ရွှေကျင်ဂိုဏ်း အစည်းအ ဝေးကိုတက်ရောက်ရန် သွားခဲ့စဉ် ငန်းဇွန်းမြို့နယ်၊ ကမ္မရွာအနီးလမ်းခုလတ်တွင် စစ်တပ်၏ ပစ်ခတ်ခြင်းကြောင့် ပျံလွန် တော် မူခဲ့ခြင်းဖြစ်သည်။
ဝင်းနိမ္မိတာရုံဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ပျံလွန်တော်မူရသည့်အခြေအနေနှင့်ပတ်သက်ပြီး ရှင်မောက်ဂ္ဂလန်နှင့် ခိုးသားငါးရာတို့အကြောင်းကို ဥပမာပေး၍ စစ်တပ်၏အမှားကို မေ့ပြစ်ကြရန် သီတဂူဆရာတော်ကြီးက မိန့်ကြားထားသည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#ငန်းဇွန်း #ဝင်းနိမ္မိတာရုံကျောင်းဆရာတော် #ပျံလွန်တော်မူ #စစ်တပ်သတ်ဖြတ် #သံဃာအဖွဲ့အစည်း #Ayeyarwaddy_Times