
ဇလပ်ဖြူ/ဧရာဝတီတိုင်းမ်
ဇွန် ၂၂ရက်
စစ်ကိုင်းတိုင်း၊ကလေးမြို့နယ်တောင်ပိုင်းရှိ စစ်ရှောင်ကလေးငယ်များစာသင်ကြားရာ နေရာသို့ ပြီးခဲ့သည့် ဇွန်၂၀ရက်နေ့ ညနေ၅နာရီခွဲခန့်တွင် စစ်ကောင်စီက ဒရုန်းဖြင့်ဗုံးကြဲခဲ့ရာ အသက်မပြည့်သေးသည့် ကျောင်းသား သုံးဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်းသိရသည်။
ကလေးမြို့နယ်တောင်ပိုင်း၊ကြံသာရွာတွင် တပ်စွဲထားသောစစ်ကောင်စီတပ်နှင့်ပျူစောထီး အဖွဲ့များက ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ အသက် ၁၄နှစ်အရွယ်မောင်ကျော်ဇင်ထက် ညာခြေဖဝါးနှင့်ဘယ်ခြေသလုံးထိခိုက်၊ အသက် ၁၅နှစ်အရွယ် မောင်မြင့်နိုင်ထွေး ညာခြေဖမိုးနှင့်ညာပေါင်ဖောက်ဝင်၍ ဘယ်ခြေဖဝါး ထိခိုက်ခဲ့ပြီး အသက်၁၅နှစ်အရွယ် မောင်မောင်ဖြိုး ညာခြေသလုံး ဒဏ်ရာအသီးသီးရရှိခဲ့ကြောင်း ဒေသခံဆေးအဖွဲ့ထံကသိရသည်။
“ပုံမှန်တော့ PDF တွေရှိတဲ့နေရာကို ကြဲတာ။ နောက်ပိုင်းကျတော့ အရပ်သားတွေနေတဲ့ နေရာတွေ၊စစ်ရှောင်တွေဆီကိုပစ်မှတ်ထားပြီး ကြဲလာတာ။ အဲ့ကလေးတွေက ရွာထဲမှာ ညကျောင်းတက်ကြတဲ့ကလေးတွေ။ ညကျောင်းကျူရှင်လာရင်း လမ်းမှာဗုံးအကြဲခံလိုက်ရတာ။ အခုတော့စိုးရိမ်စရာမရှိတော့ပါဘူး” ဟု ဒဏ်ရာရကျောင်းသားဖခင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
စစ်ကောင်စီတပ်သည် ၂၀၂၄ ခုနှစ် နှစ်စပိုင်းမှစတင်ကာ ဒရုန်းဖြင့်နေရာအနှံ့ဗုံးကြဲမှုများ တစိုက်မတ်မတ်လုပ်ဆောင်လာခဲ့ပြီး ၂၀၂၄၊ မေလ ၂၉ရက်နေ့ ညကလည်း ကလေးမြို့နယ်တောင်ပိုင်း တင်သားရွာသို့ဒရုန်းဗုံးကြဲခဲ့သောကြောင့် တင်သားရွာဒေသခံ အရပ်သား လေးဦးသေဆုံး၍ ခုနှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။
ပုံစာ – စစ်ကောင်စီ ဒရုန်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရခဲ့သည့်ကျောင်းသားများ
#ကလေးမြို့နယ်တောင်ပိုင်း #စစ်ကောင်စီဒရုန်းဗုံးကြဲ #ကျောင်းသားထိခိုက် #အရပ်သားထိခိုက်သေဆုံး
#Ayeyarwaddy_Times