ဧရာဝတီတိုင်းမ်
ဇွန် ၂၂ ရက်

ပြည်တွင်းဆန်စပါးဈေးနှုန်းများအဆမတန်မြင့်တက်နေသဖြင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တာဝန်ရှိသူများ စုံစမ်းစစ်ဆေးခံရကြောင်း သတင်းရရှိသည်။

အဆိုပါမြန်မာနိုင်ငံဆန်စပါးအသင်းကို ဥက္ကဌ အဖြစ် ဦးရဲမင်းအောင်တာဝန်ယူထားပြီး အခြားသော ဆန်ကုမ္ပဏီလုပ်ငန်းရှင်များ၊ကုန်သည်များဖြင့်ပါဝင်ဖွဲ့စည်းထားခြင်းဖြစ်သည်။

ယနေ့မှာပင် စစ်ကောင်စီက မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှတဆင့် ဇွန်လအတွက် ဆန်ဈေးသတ်မှတ်ချက် ထုတ်ပြန်ခဲ့ရာ ဆန်ကြမ်းဈေးနှုန်း တစ်အိန်တန်ဖိုး အနိမ့်ဆုံး ကျပ် ၇၅၀၀၀ မှစတင်သတ်မှတ်ပြီး ဆန်ချောတစ်အိတ်ကို ကျက် ၉၅၀၀၀ မှစတင်ဈေးသတ်မှတ်ရာ ၁၄၅,၀၀၀ ထိရောင်းချရမည်ဖြစ်‌ကြောင်းထုတ်ပြန်သည်။

စစ်ကောင်စီက ဈေးကွက်ပေါက်ဈေးထက်လျော့နည်းပြီဆန်ဈေးနှုန်းသတ်မှတ်လိုက်သော်လည်းမဖြစ်မနေတော့ရောင်းပေးရမည်ဖြစ်ကြောင်း ဆန်ပွဲရုံပိုင်ရှင်တစ်ဦးက ပြောကြားသည်။

“ဝယ်လိုအားကျတယ်။ နောက်ဈေးကွက်အေးနေတယ်။ ဆန်ဈေးသတ်မှတ်လိုက်တာ ထပ်အေးတုန်းမှာပဲ။ ရန်ကုန်ဂိုတောင်တွေလည်းပိတ်တယ်ကြားတယ်။ သူတို့လုပ်ချင်တဲ့ အတိုင်းလုပ်ရင်တော့ ဒီအတိုင်းပဲဆက်သွားအုံးမှာပဲ။မရောင်းမနေရတော့ ရောင်းပေးရအုံးမှာပဲ။ သေချာတယ် ” ဟု ဆန်စက်နှင့်ပွဲရုံပိုင်ရှင်တစ်ဦးက ပြောကြားသည်။

လက်ရှိဆန်ဈေးကွက်တွင် အရောင်းအဝယ် အေးနေကာ ယခုလိုဆန်ဈေးသတ်မှတ်ချက်ကြောင့်ပို၍အေးနေနိုင်ကြောင်း ၎င်းက ဆိုသည်။

” ဆန်အကြမ်းတော့ အဆင်ပြေမယ်။ တန်းမြင့်ဆန် ရွှေဘိုပေါ်ဆန်းတို့ ဧရာပဒေဿာတို့တော့ ရောင်းဖို့မလွယ်။ သေချာတာတစ်ခုက ပွဲရုံကလည်းရောင်းပေးနိုင်မှာမဟုတ်ဘူး။ ဆန်ဆိုင်ကလည်းရောင်းပေးနိုင်မှာမဟုတ်ဘူး” ဟု ဆန်စက်နှင့်ပွဲရုံပိုင်ရှင်တစ်ဦးက ဆက်လက်ပြောကြားသည်။

လက်ရှိဈေးကွက်တွင် ဆန်ကြမ်းအုပ်စုဝင် ဧည့်မထ၊ ဇီယာ တစ်အိတ်ကို ကျပ် ၈၅၀၀၀၊ ပေါ်ဆန်းမွှေးအုပ်စုဝင်တစ်အိတ်ကို ကျပ် ၁၁၀,၀၀၀ ၊ ရွှေဘိုပေါ်ဆန်းတစ်အိတ်ကို ၁၆၀၀၀၀ ကျပ်ရှိကြောင်း လက်လီရောင်းချသည့်ဆန်ဆိုင်များထံမှ သိရသည်။

စစ်ကောင်စီဆန်ဈေးသတ်မှတ်ရာတွင် စျေးကွက်အတွင်း ရောင်းချမည်ဆိုပါက သတ်မှတ်စျေးထက် ငါးရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းသာ ကွာဟရန် ၊ စူပါမားကတ်များ၊ မီနီမတ်များတွင် သတ်မှတ်ဆန်စျေးနှုန်းထက် ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအတွင်းသာ ကွာဟရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်ထုတ်ပြန်သည်။

ဓာတ်ပုံ – လူမှုကွန်ယက်
#ဆန်စပါးဈေးနှုန်း #အဆမတန်မြင့်တက် #ဆန်စပါးအသင်းချုပ်တာဝန်ရှိသူများကို #ခေါ်ယူစစ်ဆေး #Ayeyarwaddy_Times