မြရာ/ဧရာ၀တီတိုင်းမ်
ဇွန် ၂၂ ရက်

အိမ်ရှေ့မှာ ကားရပ်သံ “ကျွီ” ဆိုတဲ့ အသံကြောင့် သားနဲ့ သူ့မှာ နေစရာမရှိပါဘူး။ သူတို့ကို လာဖမ်းတာလားဆိုတဲ့စိတ်နဲ့ စောင့်တည်ရာမရပါပဲ။ အမှန်တော့ ဒီကားသံက သူတို့အိမ်ကို လာတာ မဟုတ်ပါဘူး။

“သူ့ဘာသာ လမ်းပေါ်မှာ လာရပ်တယ်ဆိုတာ မသိရသေးခင်အထိ ကျွန်တော်တို့ သားအဖ ကြောက်စိတ်မပြေနိုင်ဘူး” လို့ ကိုလွင်မင်းက သူ့အဖြစ်ကို ပြန်ပြောပြတယ်။

ကိုလွင်မင်း(အမည်လွှဲ)ဟာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာမသိမ်းခင်နဲ့ အာဏာသိမ်းပြီး အစစ်ဆေး အဖမ်းအဆီးတွေ ပိုက်စိတ်တိုက်မလုပ်ခင်က မြန်မာပြည်တွင်းက သတင်းမီဒီယာ တစ်ခုမှာ သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့တဲ့ လုပ်သက် ၁၀ နှစ်ကျော်ရှိ သတင်းထောက် တစ်ဦးဖြစ်ပါတယ်။

တစ်တိုင်းပြည်လုံးအထွေထွေ သပိတ်စစ်ကြောင်းတွေကို စစ်ကောင်စီက ပစ်ခတ်၊ ဖမ်းဆီး၊ သတ်ဖြတ်တာတွေ လုပ်ဆောင်လာတဲ့ အခါမှာ ဆန္ဒပြပွဲ သတင်းတွေကို ရယူတင်ဆက်ပေးနေတဲ့ ကိုလွင်မင်းရဲ့ အသက်အန္တရာယ်၊ လုံခြုံရေးက စိုးရိမ်စရာ ဖြစ်လာပါတော့တယ်။

ကိုလွင်မင်းဟာ ဆန္ဒပြပွဲတစ်ခုမှာ သတင်းယူရင်း စစ်ကောင်စီတပ်က ဖမ်းဆီးတာကို လက်မတင်လေး လွတ်ခဲ့ပေမဲ့ စစ်ကောင်စီတပ်က ပစ်တဲ့ ကျည်ဆံမှန်လို့ သူ့ဘေးမှာ သွေးသံတရဲရဲနဲ့ ခေါင်းပွင့်သွားသူတွေ၊ လဲကျကျန်ခဲ့ပြီး အဖမ်းခံရသူတွေရဲ့ ပုံရိပ် တွေကို မမေ့နိုင်ခဲ့ပါဘူး။

၂၀၂၁ ဖေဖော်ဝါရီ ၂၈ ရက်နေ့ လှည်းတန်းဆန္ဒပြပွဲမှာ စစ်ကောင်စီက ပစ်ခတ်လို့ ကမာရွတ်အမှတ် ၅ ကျောင်းရှေ့မှာ သေဆုံးခဲ့တဲ့ ညီညီအောင်ထက်နိုင်အပါအဝင် အခြား လူငယ်တွေရဲ့ ပုံရိပ်တွေကို မျက်လုံးထဲက ဖျောက်ပစ်လို့ မရခဲ့ဘူးလို့ ကိုလွင်မင်းက ဆိုပါတယ်။

“ညတွေဆို နှစ်နှစ်ခြိုက်ခြိုက်မအိပ်နိုင်ဘူး။ ကြွက်သံ ကြားရင်တောင် အသင့်အနေ အထားနဲ့ ထထိုင်မိတဲ့အထိပါပဲ” လို့ ကိုလွင်မင်းက သူခံစားနေရတဲ့ အဖြစ်ကို ပြောပြတယ်။

စစ်တပ်ဟာ ဆန္ဒပြပြည်သူတွေအပေါ် အသေပစ်ခတ် ဖမ်းဆီးတာတွေကို ၂၀၂၁ ၊ မတ် ၂၇ ရက်နေ့ တပ်မတော်နေ့ကစပြီး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပိုမိုလုပ်ဆောင် လာခဲ့ပြီး အဲ့ဒီနေ့ ၁ ရက်ထဲမှာတင် သေဆုံးသူ ၆၅ ဦးအထိ ရှိခဲ့ပါတယ်။

စစ်ကောင်စီတပ်ဟာ ဆန္ဒပြသူတွေကို ၂၀၂၁ ဖေဖော်ဝါရီ ၈ ရက်နေ့ကစတင် ဖြို့ခွင်းခဲ့ပြီး ၂၀၂၁ ဧပြီ ၈ ရက်နေ့အထိ ၂ လတာအတွင်းမှာပင် စစ်ကောင်စီရဲ့ အကြမ်းဖက် ဖြိုခွင်း သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့သူ ၆၁၄ ဦးအထိ ရှိခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။

ဒါ့အပြင် ဆန္ဒပြပွဲမှာပါဝင်တဲ့ အဓိကအရေးပါ အရာရောက်သူတွေနဲ့ သတင်းမီဒီယာ သမားတွေကို ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က ထုတ်ပြန်ခဲ့ပြီး နေအိမ်တွေမှာ ညအချိန် အကြမ်းဖက်ဝင်ရောက်ဖမ်းဆီးမှုတွေ လုပ်ဆောင်လာတဲ့အတွက် ကိုလွင်မင်းလည်း အိမ်ကနေတိမ်းရှောင်ခဲ့ရပါတယ်။

အိမ်ကတိမ်းရှောင်နေစဥ်အတွင်း ကိုယ်တိုင်ရော မိသားစုဝင်တွေပါ လုံခြုံမှုမရှိတဲ့အပြင် စစ်ကောင်စီက ရက်စက်စွာ ပစ်ခတ်ဖမ်းဆီးသတ်ဖြတ်နေတဲ့ သတင်းတွေကို ကိုယ်တိုင်ကိုယ်ကျ ထိတွေ့သတင်းယူရမှုနေရတဲ့ ကိုလွင်မင်းရဲ့ စိတ်ဒဏ်ရာက ပိုနက်လာခဲ့ပါတယ်။

နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ counsellor တစ်ဦးဖြစ်သူကိုငယ်က “စိတ်ဒဏ်ရာကူးစက်စေမှုကတော့ အကြမ်းဖျင်း နှစ်ချက်ရှိ တယ်။ လူစိမ်းတွေ ကြုံရတဲ့ပြဿနာကို ကိုယ်တိုင်ကြုံရသလို ခံစားရတာရယ်၊ နောက်တစ်ချက်က ဆွေမျိုးသားချင်းတွေကြုံရတဲ့ ပြဿနာတွေမှာ ကိုယ့်ကိုယ်ကူးစက် သွားတာရယ်ဆိုပြီး ရှိတယ်”လို့ ရှင်းပြပါတယ်။

စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းမှာ ပြည်တွင်း နေသူအများစုဟာ အဲ့ဒီလို စိတ်ဒဏ်ရာ ကူးစက်မှုတွေကို ခံစားနေခဲ့ရတာပါ။ စစ်ကောင်စီရဲ့အကြမ်းဖက် ဖမ်းဆီးနှိပ်စက် ခံရသူတွေကိုယ်တိုင် စိတ်ဒဏ်ရာကိုခံရသလို သူတို့နဲ့ပတ်သက် ဆက်နွယ်နေတဲ့ သူတွေနဲ့ မိသားစုတွေလည်း ခံစားနေကြရပါတယ်။

ကိုလွင်မင်းဟာ မြို့ပေါ်မှာ လှည့်ပတ်ပုန်းရှောင်ရင်း သတင်းလုပ်ငန်းကို လုပ်ကိုင်နေတဲ့ ကာလတစ်လျှောက် တံခါးခေါက်သံကြားရင်တောင် ထိတ်လန့်နေရတဲ့အထိ ဖြစ်လာ တာကြောင့် တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ နယ်မြေတွေဆီသွားဖို့ ဆုံးဖြတ်ခဲ့ ပြီး ၂၀၂၁ နိုဝင်ဘာလောက်မှာ မြို့ပေါ်ကနေခွာခဲ့ပါတယ်။

ကိုလွင်မင်းစီးလာတဲ့ ခရီးသည်တင်ကားကို မြဝတီ-ဘားအံကားဂိတ်မှာ စစ်ကောင်စီ တပ်တွေက တားစစ်တဲ့အခါ သူ့ရဲ့ android ဖုန်းကို တစ်နေရာမှာဖွက်ထားပြီး သူကိုင်ဆောင်ထားတဲ့ တခြား keypad ခလုတ်ဖုန်းကိုသာ ထုတ်ပေးခဲ့လို့ အကြမ်းဖက် စစ်ဆေးခံခဲ့ရပါတယ်။

“keypad ကိုင်ရမလားဆိုပြီး နားရင်း နှစ်ချက်ရိုက်တယ်။ ပြီးတော့ မသင်္ကာဘူးဆိုပြီး အဝတ်တွေအကုန်ချွတ်ခိုင်းတယ်။ အောက်ခံအသားကပ် ဘောင်းဘီတို တစ်ထည်က လွဲရင် ဘာအဝတ်မှ မရှိတော့ပါဘူး” လို့ ကြုံခဲ့ရတဲ့ ဖြစ်စဥ်ကို သူက ပြန်ပြောပြတယ်။

အဲဒီ့ဖြစ်ရပ်ကြုံတွေပြီးနောက်မှာ စစ်သားတွေစုစုဝေးဝေးရှိနေတာ မြင်ရင် ဆက်မသွားရဲ တော့တာမျိုး၊ ရှက်စိတ်ကြောင့် အလိုလိုတုန်ပြီး ကြောက်လာတာမျိုးတွေ ကိုလွင်မင်းတစ်ယောက် ခံစားရတာမျိုး ရှိလာခဲ့ပါတယ်။

“အဲဒီ့နေ့က ဖြစ်ရပ်ကတော့ ကျွန်တော့်ဘဝအတွက် အတော်ခါးသီးတဲ့ ဖြစ်ရပ်ပဲ။ ကျွန်တော်ဘယ်လိုခံစားချက်နဲ့ ရပ်တည်ရှင်သန်နေလည်းဆိုတာ ကိုယ့်ဘာသာ မေးယူရတဲ့အထိပဲ” လို့ သူက ပြောတယ်။

စစ်ဆေးနေတဲ့ဂိတ်မှာ ကားတွေ၊ လူတွေအများကြီးရှေ့မှာပဲ ကိုယ်လုံးတီးနီးပါး ဖြစ်နေပြီဖြစ်တဲ့ ကိုလွင်မင်းကို စစ်သားတွေက ပုံစံထိုင်ခိုင်းပါတယ်။ နာရီဝက်လောက် ထိုင်အပြီးမှာတော့ ကားဆရာက ငွေကြေးအချို့ပေးပြီး လာခေါ်မှပဲ သူပါအရိုက်ခံရပြီး ကိုလွင်မင်းလည်း အဲဒီ့အခြေအနေဆိုးကနေ လွတ်မြောက်ခွင့်ရခဲ့တယ်လို့ ဆိုပါတယ်။

“ရှက်လွန်းလို့ခေါင်းငုံ့ထားတာကို ယောင်္ကျားဖြစ်ပြီး ရှက်နေတာလား။ ခေါင်းငုံ့ထားရင် အတွင်းခံပါချွတ်ရမယ်လို့ စစ်ကောင်စီတပ်သားတစ်ဦးက လာကြိမ်းမောင်းပြီးနာရင်း အုပ်တယ်။ ကျွန်တော့်မှာရှက်ပေမယ့် ခေါင်းကိုမော့ထားရပါသေးတယ်” လို့ ကိုလွင်မင်းက ပြောပြပါတယ်။

အဲဒီ့ဂိတ်ကနေ လွတ်မြောက်ပြီးနောက်မှာ ကေအန်ယူတပ်မဟာ-၆ နယ်မြေမှာ ကိုလွင်မင်းတစ်ယောက် ခိုလှုံခွင့်ရခဲ့ပါတယ်။ လက်နက်ကိုင်တော်လှန်ရေးကြားမှာ တိုက်ပွဲသတင်းတွေယူရင်း ပြည်သူကိုသတင်းမှန်ပြန်ကြားတဲ့ အလုပ်ကို ဆက်လုပ်နေခဲ့ တယ်လို့ ဆိုပါတယ်။

သူတောထဲ ရောက်နေစဥ်မှာပဲ စစ်ကောင်စီတပ်တွေက မြို့ကသူ့ရဲ့ နေအိမ်ကို ဝင်စီးခဲ့ပါတယ်။ သူ့ကိုမတွေ့လို့ သူ့ရဲ့ဇနီးနဲ့ ၃ နှစ်တောင် မပြည့်သေးတဲ့ သူ့ရဲ့ သားငယ်တို့ကို ဓားစာခံ လုပ်ဖမ်းဆီးသွားတယ်ကြားရလို့ စိတ်ပူခဲ့ရတယ်လို့ ကိုလွင်မင်းက ဆိုပါတယ်။

“စစ်တပ်က သူတို့ဖမ်းဆီးလိုတဲ့ သူကိုမတွေ့ရင် မိသားစုကို ဓားစာခံဖမ်းဆီးတဲ့ လုပ်ရပ်တွေလုပ်တာကို သိထားရလို့ တော်တော်စိတ်ပူခဲ့ရတယ်။ ကံကောင်းတာက မိန်းမနဲ့သားက စျေးထွက်ဝယ်နေလို့ လက်မတင်လေး လွတ်သွားတာလို့ နောက်မှပြန်သိရတာ။ အဲ့ဒီ တုန်းက သင်္ကြန်တွင်းကြီး”လို့ ကိုလွင်မင်းက ပြောပါတယ်။

စစ်ကောင်စီဟာ ရန်ကုန်ခေတ်သစ် သတင်းဌာနရဲ့ တည်ထောင်သူ အယ်ဒီတာချုပ် ကိုသာလွန်ဇောင်းထက်၊ အယ်ဒီတာ ကိုကံဇော်၊ အယ်ဒီတာဟောင်း မခင်နှင်းကြည်သာ၊ DVB သတင်းဌာနက သတင်းထောက် ကိုအောင်ကျော်အပါအဝင် အခြားသတင်းသမား တွေကိုလည်း အမှုဖွင့်ဖမ်းဆီး၊ နေအိမ်ရှာဖွေ ချိတ်ပိတ်မှုတွေလုပ်ဆောင်ခဲ့ပြီး ယနေ့အထိ လည်း လုပ်ဆောင်နေဆဲဖြစ်ပါတယ်။

WHOရဲ့ စစ်တမ်းအရ vicarious trauma လို့ခေါ်တဲ့ လူစိမ်းတွေကြုံရတဲ့ပြဿနာကို ကိုယ်တိုင်ကြုံရသလိုခံစားရတဲ့ စိတ်ဒဏ်ရာ အနာတရဖြစ်စဥ်တွေက မြန်မာပြည်တွင်း မှာရှိတဲ့ လူတိုင်း ခံစားနေရတယ်လို့ စိတ်ကျန်းမာရေးဆိုင်ရာ ဆွေး‌နွေးပေးနေသူတွေက ထောက်ပြကြပါတယ်။

“စိတ်ဒဏ်ရာ အနာတရတွေဟာ နှင်းတောင်ပေါ်ကကျလာတဲ့ Snow Ball နှင်းလုံးလေးလို စကျလာစဥ်ကသေးသေးလေးပဲ။ ဒါပေမယ့် လိမ့်ဆင်းလာပြီး အောက်ရောက်တော့ အကြီးကြီးဖြစ်နေသလို ကိုလွင်မင်းတို့ ကြုံရတာကလည်း အဲဒီလိုဖြစ်နေတယ်” လို့ AAPP ရဲ့ Counsellor ဖြစ်တဲ့ ကိုငယ်က ရှင်းပြပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့စစ်တမ်းအရ နေအိမ်ကနေစွန့်ခွာပြေးရတာ၊ တောထဲမှာ ပုန်းရှောင်နေရတာ၊ မိသားစုနဲ့ အတင်းအကျပ် ခွဲခံရတာ၊ မိသားစုဝင်တွေ အဖမ်းခံရတာတွေဟာ စိတ်ဒဏ်ရာ ဖြစ်စေနိုင်တဲ့ အချက်တွေထဲမှာပါတာမို့ ကိုလွင်မင်းရဲ့ ဖြစ်စဥ်ဟာ အကုန်အကျုံးဝင်နေ တယ်လို့လည်း ကိုငယ်က ဆိုပါတယ်။

ကိုယ်တိုင် အိမ်လို့သတ်မှတ်ထားတဲ့ နေရာတစ်ခုကနေ ဖယ်ခွာထွက်ပြေးနေကြရသူတွေ၊ အိမ်မီးရှို့ခံရလို့ ထွက်ပြေးတိမ်း ရှောင်နေရသူတွေ၊ နိုင်ငံရေးပုဒ်မတပ် ဖမ်းဆီးဖို့ ဝရမ်းထုတ်ခံရလို့ ရှောင်တိမ်း နေရသူတွေနဲ့ တိုက်ပွဲဖြစ်ပွားနေလို့ နေအိမ်တွေကနေ တိမ်းရှောင်နေရသူတွေထဲက လေးဦးမှာ တစ်ဦးဟာ စိတ်ဒဏ်ရာနဲ့ စိတ်ကျဝေဒနာ ခံစားနေရတယ်လို့ Chance Myanmar ရဲ့ စစ်တမ်းတွေက ဆိုထားပါတယ်။

Chance Myanmar အဖွဲ့အစည်းက စိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီး သုတေသနပြု လုပ်တာတွေ၊ စိတ်ဓာတ်ခွန် အားပေးတာတွေ၊ သင်တန်းပေးတာတွေ လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။

သတင်းထောက်လည်းဖြစ်၊ စစ်ကောင်စီရဲ့ မတရားဝရမ်းထုတ်ခံရလို့ အိမ်ကနေ ရှောင်ခွာနေ ရသူလည်းဖြစ်၊ တိုက်ပွဲကြားမှာ သတင်းလိုက်ရင်း အဖြစ်ဆိုးတွေ ကြုံဆုံ ခဲ့ရသူလည်းဖြစ်တဲ့ ကိုလွင်မင်းဟာ ပညာရပ်ဆိုင်ရာ ထောက်ပြချက် စိတ်ဒဏ်ရာဖြစ်စေမှု အချက်အတော်များများနဲ့ ကိုက်ညီနေပါတယ်။

မြန်မာပြည်တွင်း နေထိုင်သူ သန်း ၅၀ကျော်မှာ စစ်ကောင်စီရဲ့ လုပ်ရပ်နဲ့ ဖိစီးနှိပ်စက် မှုတွေကြောင့် သန်း၂၀နီးပါးဟာ စိတ်ဒဏ်ရာ၊ စိတ်ကျဝေဒနာနဲ့ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာ တွေကို ခံစားနေရတယ်လို့ AAPP ရဲ့ စစ်တမ်းတွေအရ သိရပါတယ်။

စိတ်ကျန်းမာရေးကို ဆွေးနွေးကုသပေးနိုင်တဲ့အစိုးရဆေးရုံ နှစ်ရုံသာရှိတဲ့ မြန်မာနိုင်ငံမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ဆိုရင် စိတ်ကျန်းမာ‌ရေးဆိုင်ရာ နှစ်သိမ့်ပေးဖို့ လိုအပ်သူဟာ အဆမတန်များနေပေမဲ့ စိတ်ကျန်းမာ‌ရေးအထူးကုသပေးနိုင်သူ အရေအတွက် အနည်းငယ်သာရှိပါတယ်။

နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ counsellor တစ်ဦးဖြစ်သူ ကိုငယ်ကတော့ စိတ်ဒဏ်ရာရကြသူတွေဟာ မိသားစုကို အချိန်ပေးတာ၊ ကိုယ်လက် လှုပ်ရှားမှုလုပ်တာ၊ စာဖတ်တာ အဲဒီ့လိုသေးသေးလေးတွေကအစ နေ့စဉ် လုပ်ဆောင်ခြင်းဖြင့် ကိုယ့်ကိုကိုယ်စိတ်ဒဏ်ရာက သက်သာအောင် ကုသဖို့ အကြံပြုပါတယ်။ ဒါပေမဲ့ လူတစ်ဦးနဲ့ တစ်ဦးဟာ ဖြစ်ရပ်တစ်ခုကို အတူကြုံရပေမယ့် ခံစားရပုံခြင်း ကွာတာကြောင့် ကိုယ်တိုင်ကုသဖြေရှင်းပုံတွေလည်း ကွဲနိုင်တယ်လို့ ပြောပါတယ်။

မိသားစုနဲ့ခွဲခွာပြီး တောထဲကနေတဆင့် နယ်စပ်မြို့တစ်ခုမှာ ပုန်းခိုနေထိုင်နေတဲ့ ကိုလွင်မင်းဟာ ၂ နှစ်ခန့် အကြာမှာတော့ သူနေထိုင်ရာ နယ်စပ်မြို့ဆီသို့ သူ့ဇနီးနဲ့သားကို ခေါ်ယူနိုင်ခဲ့ပါတယ်။

တံခါးခေါက်သံကြားတိုင်း ကားရပ်သံကြားတိုင်း လူအစုလိုက် စကားခပ်ဆူဆူ ပြောသံ ကြားတိုင်းမှာတော့ ကိုလွင်မင်းတို့ သားအဖဟာ ထိတ်လန့်နေတုန်းပါပဲ။

နှစ်သိမ်ဆွေး‌နွေးပညာပေးသူ ကိုငယ်ကတော့ “စစ်ကြီးပြီးသွားခဲ့ရင် ကျွန်တော်တို့အားလုံး စိတ်ဒဏ်ရာတွေကို ကိုယ်စီကုသဖို့ လိုအပ်တာ အမှန်ပါပဲ” လို့ ပြောပါတယ်။

#စစ်ကောင်စီလက်အောက်က #စိတ်ဒဏ်ရာကိုယ်စီ #ဆောင်းပါး #Ayeyarwaddy_Times