
ဧရာ၀တီတိုင်းမ်
ဇွန်လ ၂၃ ရက်
ဒီကနေ့မနက်အစောပိုင်း ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရို ၂၀၂၄ အုပ်စုပွဲစဉ်တွေမှာ နာမည်ကျော် ဘယ်လ်ဂျီယံအသင်းဟာ ရိုမေးနီးယားကို ၂ ဂိုး ဂိုးမရှိနဲ့အနိုင်ယူခဲ့တဲ့အတွက် ရှုံးထွက်အဆင့်ကို တက်ရောက်ဖို့ အခြေအနေကောင်း ပိုင်ဆိုင်သွားခဲ့ပါတယ်။
ပထမပွဲစဉ်မှာ ဆလိုဗက်ကီးယားကို မထင်မှတ်ပဲ ရှုံးနိမ့်ခဲ့တဲ့ ဘယ်လ်ဂျီယံတို့ဟာ ဒီကနေ့ပွဲ အနိုင်ရဖို့ လိုအပ်တာကြောင့် ရိုမေးနီးယားကို အားကုန်ထုတ်ကစားခဲ့ပြီး ကွင်းလယ်လူ တိုင်လီမန်းနဲ့ အသင်းခေါင်းဆောင် ဒီဘရိုင်းတို့ဂိုးတွေနဲ့ အနိုင်ယူခဲ့ပါတယ်။
တဖက်မှာလည်း ယူကရိန်းဟာ ဆလိုဗက်ကီးယားကို အနိုင်ရခဲ့တာကြောင့် အုပ်စု (E) မှာပါတဲ့ ရိုမေးနီးယား၊ ဘယ်လ်ဂျီယံ၊ ဆလိုဗက်ကီးယားနဲ့ ယူကရိန်းစတဲ့ ၄ သင်းစလုံး ရမှတ် ၃ မှတ်စီပိုင်ဆိုင်ထားပြီး ရှုံးထွက်အဆင့် တက်ရောက်ဖို့ နောက်ဆုံးပွဲစဉ်၊ နောက်ဆုံးမိနစ်အထိ အကြိတ်အနယ်ကစားရဖို့ ရှိနေပါတယ်။
စီရိုနယ်ဒိုဦးဆောင်တဲ့ ပေါ်တူဂီအသင်းကတော့ ဒီကနေ့မှာ တူရကီကို ၃ ဂိုးပြတ်အနိုင်ယူပြီး ၂ ပွဲဆက် အနိုင်၊ အုပ်စုပထမနဲ့ ရှုံးထွက်အဆင့်ကို စောစောစီးစီး တက်ရောက်နိုင်ခဲ့ပါတယ်။
ပေါ်တူဂီအတွက် ဂိုးတွေကိုတော့ ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်၊ ဘာနာဒိုဆေးလ်ဗားတို့က သွင်းယူခဲ့သလို တူရကီနောက်ခံလူ ကိုယ့်ဂိုးကိုယ် သွင်းမိတာကြောင့် ပေါ်တူဂီတို့ ဂိုးပြတ်အနိုင်ရခဲ့ခြင်းလည်း ဖြစ်ပါတယ်။
ယူရို ၂၀၂၄ အုပ်စုဒုတိယပွဲစဉအားလုံး ကစားပြီးချိန်မှာ အိမ်ရှင် ဂျာမနီ၊ စပိန်နဲ့ ပေါ်တူဂီအသင်းတို့ ရှုံးထွက်အဆင့် တက်ရောက်ထားနိုင်ခဲ့ပါတယ်။
လက်ရှိ ယူရိုချန်ပီယံ အီတလီနဲ့ နာမည်ကျော် အသင်းကြီးတေါဖြစ်တဲ့ နယ်သာလန်၊ ပြင်သစ်၊ အင်္ဂလန်၊ ဘယ်လ်ဂျီယံတို့ကတော့ အုပ်စုနောက်ဆုံးပွဲစဉ်မှာ အနိုင် (သို့မဟုတ်) သရေရလာဒ်တွေ ပိုင်ဆိုင်မှသာ ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။
Photo – Euro2024
#Ayeyarwaddy_Times #Sport #Euro2024