ဧရာဝတီတိုင်းမ်
ဇွန် ၂၁ ရက်

ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့နယ်ရှိ ကနေဒီတောင် တပ်စခန်းကို စစ်ကောင်စီက ပြန်လည် သိမ်းပိုက်ခဲ့ပြီးနောက် သိုင်းငင်းတပ်စခန်းကိုလည်း ပြန်လည်ရရှိရေးအတွက် ဆက်လက် ထိုးစစ်ဆင်နေကြောင်း CDF CDM – Siyin ထံက သိရှိရသည်။

တီးတိန်မြို့နယ် ကနေဒီတောင် တပ်စခန်းမှ စစ်ကောင်စီ အင်အား ၈၀ ခန့်သည် ဇွန်လ ၁၉ ရက်နေ့မှစ၍ သိုင်းငင်း တပ်စခန်းသို့ ဆက်လက် စစ်ကြောင်းထိုးပြီး လက်ရှိတွင် အဆိုပါ စစ်ကြောင်းသည် သိုင်းငင်းအနီးနားဝန်းကျင်သို့ ရောက်ရှိနေကာ နှစ်ဖက်ထိတွေမှု မရှိသော်လည်း စစ်ရေးတင်းမာနေကြောင်း သိရှိရသည်။

“သိုင်းငင်းစခန်းကို ပြန်မရသေးပါ။ သိုင်းငင်းကို ရောက်တော့ ရောက်ပါတယ်။ လမ်းခုလတ် ရှိသေးတယ်။ သူတို့ စခန်းချလို့တော့ မရသေးဘူး။ ကျွန်တော်တို့ ဝိုင်းထားပါတယ်။ ထိတ်တိုက်တွေ့တာ မရှိသေးဘူး။ တီးတိန်ကနေ တောက်လျောက် စစ်ကြောင်း ထိုးလာတာဖြစ်ပါတယ်။”ဟု CDF CDM-Siyin တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

တီးတိန်-ကလေး ကားလမ်းပေါ်က စစ်ကောင်စီ၏ သိုင်းငင်းတပ်စခန်းကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်နေ့တွင် CDF CDM -Siyin အပါဝင် ချင်းကာကွယ်ရေးပူးပေါင်းတပ်တို့က တိုက်ခိုက်သိမ်းပိုက်ရရှိထားခြင်းဖြစ်သည်။

“မနေ့က တိုက်ပွဲဖြစ်တယ်။ အဲ့ဒီမှာ စစ်တပ်က သိုင်းငင်းစခန်းကို ပြန်သိမ်းလိုက်တာပါ။ စခန်းမှာ စစ်သားတွေ တပ်စွဲထားတာမျိုးမဟုတ်ဘဲ ပြန်ဆုတ်သွားတာ တွေ့ရတယ်။”ဟု အမည်မဖော်လိုသည့် ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

တီးတိန်မြို့နယ်ရှိ PDF(Zoland) သိမ်းပိုက်ရရှိထားသည့် ကနေဒီတောင် တပ်စခန်းကိုလည်း စစ်ကောင်စီမှ ဇွန်လ ၁၈ ရက်နေ့တွင် ပြန်လည်သိမ်းပိုက်ခဲ့သည်။

အဆိုပါ ကနေဒီတောင် တပ်စခန်းမှ စစ်ကောင်စီတပ်သည် အနီးနားဝန်းကျင် ကျေးရွာများကို စစ်ကြောင်းများ ထိုးလာသည့်အတွက်ကြောင်း ဇိုဇန်၊ အာလွယ်၊ သိုင်းငင်း၊ ဟိန်ဇိန်နှင့် ဆွလိမ်ကျေးရွာတို့ရှိဒေသခံများသည် ထွက်ပြေး တိမ်းရှောင်နေရသည်။

ပုံစာ- တီးတိန်မြို့နယ် သိုင်းငင်းကျေးရွာကို တွေ့ရစဥ်။

#တီးတိန်မြို့နယ်#ကနေဒီတောင် #တပ်စခန်း#စစ်ကောင်စီက #ပြန်လည် သိမ်းပိုက်#သိုင်းငင်းတပ်စခန်း#ဆက်လက် ထိုးစစ်ဆင် #Ayeyarwaddy_Times