ဧရာဝတီတိုင်းမ်
ဇွန် ၂၁ ရက်

ဧရာဝတီတိုင်း၊သာပေါင်းမြို့နယ်တွင်းရှိအလယ်တန်းကျောင်းနှင့်အထက်တန်းကျောင်းများသို့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှ ကျောင်းဆရာ၊ဆရာမ (၅၈)ဦးထက်မနည်းကို ပြီးခဲ့သည့်ဇွန်လ(၁၈)ရက်နေ့ကစပြီး စစ်ကောင်စီက ပြောင်းရွှေ့ချထားခဲ့ကြောင်း သတင်းရရှိသည်။

အာရက္ခတပ်တော်(AA)မှသိမ်းယူထားသည့်ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသဖြစ်သော ပေါက်တော၊ မင်းပြား၊ကျောက်တော်၊မြောက်ဦး၊ မြေပုံ၊ပုဏ္ဏားကျွန်း၊ ရမ်းဗြဲနှင့်ရသေ့တောင်စသောမြို့နယ်များ ရှိ မူလတန်းပြ၊အလယ်တန်းပြနှင့် အထက်တန်းပြကျောင်းဆရာ၊ဆရာမ (၅၈)ဦးထက်မနည်းကို ပြည်နယ်စစ်ကောင်စီညွှန်ကြားချက်ဖြင့် သာပေါင်းမြို့တွင်းရှိ အခြေခံပညာကျောင်းများသို့ပြောင်းရွှေ့ချထားခြင်း ဖြစ်သည်။

“မြောက်ဦးက ကျောင်းဆရာ၊ဆရာမ ၁၀ယောက်လောက်ကို အခု ဧရာဝတီတိုင်းထဲပြောင်းရွှေ့ခံထားရပါတယ်။ ကျွန်မတို့သဘောဆန္ဒမပါဘဲနဲ့ အတင်းရွှေ့ခံရတာပေါ့နော်။အခြားမြို့နယ်တွေကဆရာ၊ဆရာမတွေကိုလည်းအတင်းရွှေ့ခံရတယ်လို့ကြားတယ်။ပြည်နယ်ရုံးကနေ တိုက်ရိုက်အမိန့်နဲ့ အခုသာပေါင်းကိုရောက်နေတာ အယောက်၅၀ ကျော်တယ်”ဟုမြောက်ဦးမြို့မှအတင်းအကျပ်ပြောင်းရွှေ့ခံရသည့်အထက်တန်းပြကျောင်းဆရာမတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ထိုသို့ ပြောင်းရွှေ့ခံရသည့် ကျောင်းဆရာ၊ဆရာမများမှာ လက်ရှိအချိန်အထိ စာပေသင်ကြားခွင့်မရရှိသည့်အပြင်နေထိုင်ရန်အတွက်လည်းအခက်အခဲများဖြင့် ရင်ဆိုင်နေရသည့်အတွက် မူလနေရပ်ထံသို့ ပြန်လည် ပြောင်းရွှေ့နိုင်ရန် ပြောင်းအမိန့်တင်ထားသော်လည်းပယ်ချခံရ၍ အခက်ကြုံနေရကြောင်း ကျောင်းဆရာ၊ဆရာမများထံကသိရသည်။

“ကျောင်းပြောင်းလာပေမဲ့ အခုထိစာသင်ခွင့်မရဘူး။ ရခိုင်ကပြောင်းလာတာဆိုပြီး ခွဲခြားခံနေရတယ်။ အဲလို့တွေကခဏခဏဖြစ်နေလို့ ပြန်ပြောင်းဖို့အမိန့်တင်ထားတာ။ အပယ်ချခံရတာနဲ့ပဲဘာမှမတတ်နိုင်ဘူးဖြစ်နေတယ်။ နေဖို့ထိုင်ဖို့ကလည်း စုနေပုံစံဖြစ်တော့မလွယ်ဘူး။ စားဖို့သောက်ဖို့ကလည်း လစာ မပေးသေးဘူး။ရှိတာနဲ့ပဲအဆင်ပြေအောင်စားနေရတာ။ ဘာမှကိုအဆင်မပြေဘူးဖြစ်နေတယ်”ဟု ရသေ့တောင်မြို့နယ်မှ ပြောင်းရွှေ့လာသည့် အလယ်တန်း ပြဆရာတစ်ဦးကဆိုသည်။

အလားတူပြီးခဲ့သည့် ဇွန်လ(၁၈)ရက်နေ့ကစ၍ အာရက္ခတပ်တော်(AA)မှသိမ်းပိုက်ခြင်းခံရသည့်ရခိုင်ပြည်နယ်မြောက်ပိုင်း ပေါက်တော၊ မင်းပြား၊ကျောက်တော်၊မြောက်ဦး၊ မြေပုံ၊ပုဏ္ဏားကျွန်း၊ ရမ်းဗြဲနှင့်ရသေ့တောင်စသောမြို့နယ်များ ရှိ အထက်တန်းနှင့် အလယ်တန်း ကျောင်းဆရာ၊ ဆရာမ ၆၀၀ ဝန်းကျင်ထက် မနည်းကို ပဲခူးတိုင်း၊ မကွေးတိုင်းနှင့်ဧရာဝတီတိုင်း ဒေသများသို့ ပြောင်းရွှေ့ရန်
ပြည်နယ်ပညာရေးမှူးရုံးက ညွှန်ကြားထားကြောင်း သတင်းရရှိသည်။

#ရခိုင်ပြည်နယ်မြောက်ပိုင်း#ကျောင်းဆရာ#ဆရာမ #၅၈ ဦးထက်မနည်းကို #သာပေါင်းမြို့နယ်သို့ ပြောင်းရွှေ့ #Ayeyarwaddy_Times