
ဧရာဝတီတိုင်းမ်
ဇွန် ၂၁ရက်
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ဗျိုင်းဖြူရွာတွင် စစ်ကောင်စီ၏ ဖမ်းဆီးခေါ်ဆောင် ခြင်းခံရသူများအနက် ၂၅ဦးမှာ စစ်ကြောရေးတွင် ရိုက်နှက်ခံရသည့် ဒဏ်ရာများဖြင့် ဆေးရုံသို့ စစ်ကောင်စီက လာရောက်ပို့ဆောင်သွားကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန် ဒုတိယအပတ်က ရိုက်နှက်ညှဉ်းပန်းခံရသည့် ဒဏ်ရာများဖြင့် ဗျိုင်းဖြူ ရွာသား ၂၅ဦး မှာ စစ်တွေ ဆေးရုံကြီးသို့ ရောက်ရှိလာကြောင်း စစ်တွေဒေသခံများထံက သိရသည်။
“ဒဏ်ရာတွေကမြင်မကောင်းဘူး ကျောတွေ၊ ပေါင်တွေ ခြေသလုံးတွေဆို ခရမ်းသီး ပုပ်ရောင်ထနေတာ။ ပိန်လှီပြီး လူရုပ်မပေါ်ဘူး။ အတော်နှိပ်စက် ဒုက္ခပေးထား ပုံရပါတယ်။ ရှေ့တစ်သုတ်ကလာပို့တဲ့ ၁၂ယောက်လည်း ၂ယောက်သေသွားတယ်” ဟု စစ်တွေဆေးရုံနှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် ဇွန် ၁၁ရက်နေ့က ရိုက်နှက်နှိပ်စက်ခံရသည့် ဗျိုင်းဖြူရွာသား ၁၂ဦးကို စစ်တွေဆေးရုံသို့ လာရောက်ပို့ဆောင်ခဲ့ရာ နှစ်ဦးမှာ နှိပ်စက်ခံရသည့် ဒဏ်ရာများဖြင့် သေဆုံးခဲ့သည်။
စစ်ကောင်စီက ဗျိုင်းဖြူရွာရှိ ဖမ်းဆီးခံထားရသူများထဲမှ ၃၈ ဦးကို တရားစွဲဆိုပြီး စစ်တွေထောင်သို့ပို့ဆောင်ကာ တခြားဖမ်းဆီးခံထားရသူများကို စစ်တွေရှိ တပ်ရင်း အချို့နှင့် စစ်တွေ ဒကစ အတွင်း ဖမ်းဆီးချုပ်နှောင်ထားကြောင်း သိရသည်။
ပြီးခဲ့သည့် မေ ၂၉ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့၊ ALP တပ်ဖွဲ့နှင့် မူဆလင် လက်နက်ကိုင်များပါဝင်သည့် အင်အား ၁၇၀နီးပါးပါ စစ်ကြောင်းသည် ဗျိုင်းဖြူရွာ အတွင်း ဝင်ရောက်ပိတ်ဆို့ခဲ့ပြီး ဒေသခံပြည်သူများကို ဖမ်းဆီး၊ ရိုက်နှက်၍ ဒေသခံပြည်သူ ၇၆ ဦးကို သတ်ဖြတ်ခဲ့သည်။
စစ်ကောင်စီသည် ဖမ်းဆီးထားသူ ၄၀၀ နီးပါးမှ ၈၀ခန့်ကို နှစ်သုတ်ခွဲ၍ ပြန်လွှတ် ပေးခဲ့ပြီး ကျန်သည့်သူများကို ဆက်လက်ဖမ်းဆီးကာ စစ်တွေထောင်သို့ပို့၍ တရားစွဲ ဆိုထားကာ ကျန်ရှိသူများကို စစ်တပ်တပ်ရင်းများတွင် စစ်ကြောရေးများ လုပ်ဆောင် လျက်ရှိကြောင်း သိရသည်။
ပုံစာ- စစ်ကောင်စီလက်မှလွတ်မြောက်လာသည့်ဗျိုင်းဖြူရွာသားများ
#စစ်တွေ #ဗျိုင်းဖြူရွာ #စစ်ကောင်စီ #စစ်ကြောရေးနှိပ်စက် #ရွာသား၂၅ဦး #ဆေးရုံတွင်ဆေးကုသ #Ayeyarwaddy_Times