
ဧရာဝတီတိုင်းမ်
ဇွန် ၂၁ ရက်
လက်ရှိဈေးကွက်အတွင်း ဆေးဈေးနှုန်းများမြင့်နေသော်လည်း ဆေးဝါးအပါအဝင် ဆေးအထောက် အကူပစ္စည်းများပြတ်လပ်မှုနှင့် ဈေးနှုန်းမြင့်တက်မှုမရှိစေရန် ကြီးကြပ် နေကြောင်း စစ်ကောင်စီ၏ ပြည်ထောင်စု ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းရှိန်က ပြောကြားထားသည်။
ပြီးခဲ့သည် ဇွန် ၁၉ ရက်နေ့က နေပြည်တော်တွင်ကျင်းပသော စစ်ကောင်စီ၏ ပြည်ထောင်စုကုန်ဈေးနှုန်း တည်ငြိမ်ရေးကော်မတီအစည်းအဝေးတွင် ဦးဝင်းရှိန်က ပြောကြားခဲ့ခြင်းဖြစ်သည်။
လက်ရှိဈေးကွက်တွင်မူ အိမ်သုံးဆေးဝါး၊ ပိုးသတ်ဆေး၊ အားဖြည့်ဆေး၊ လိမ်းဆေး၊ ထိုးဆေး အပါအဝင် နာတာရှည်ရောဂါသည်များ သောက်သုံးရသည့် ဆေးဝါးများနှင့် ဆေးပစ္စည်းများ၏ ဈေးနှုန်းများမှာ မြင့်တက်လျှက်ရှိကာ ပစ္စည်းရှားပါးမှု ရှိကြောင်းသိရသည်။
“ အရင်ဒေါ်လာဈေးတွေ မတရား တက်သွားချိန်ကစပြီး ဆေးတွေပိုဈေးကြီးသွားတယ်။ နဂိုကလည်းဈေးကြီးနေတာပါပဲ။ သောက်ဆေးအချို့က ဈေးကြီးပြီး ရှာဝယ်ရင်ရသေး တယ်။ သွေးကျဲဆေးနဲ့ ဆီးချိုဆေးတွေပြတ်နေတယ်။ ထိုးဆေးတွေကမရဘူး။ ပစ္စည်းပြတ်နေတယ်” ဟု သွေးတိုးရောဂါရှိသူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ထို့ပြင်သွေးကျဲဆေးထဲတွင် နာမည်ကြီးကာ သုံးစွဲသူများပြားသည့် Amlong 5 သွေးကျဆေး သည် ယခုလတွင် ဆယ်လုံးပါဆေးတစ်ကဒ် ၄၈၀၀ ကျပ်ဖြစ်သွားပြီး ယခင်လ ၃၆၀၀ ကျပ်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
“ ဆေးမေးရင် အရင်လို တစ်ခါတည်း ဈေးမပြောရဲဘူး။ အရင်ဈေးနဲ့ အခုရောင်းဈေး ပြန်ရှာကြည့်ရတယ်။ လယ်ဂျာစာအုပ်ထဲက ဈေးကြည့်ပြီးတော့မှ ရောင်းဈေးပြော ရဲတယ်။ ဘယ်ဈေးရောင်းရမလဲမသိရင်အခြားဆိုင်တွေ ဘယ်ဈေးရောင်းလဲ အဲဒီလို လိုက်ကြည့်ရတယ် ” ဟု ဗိုလ်ချုပ်ဈေးသစ်ရှိ ဆေးအရောင်းတာဝန်ခံတစ်ဦးက ဧရာ၀တီ တိုင်းမ်ကို ပြောသည်။
ယင်းပြင် နာတာရှည်ရောဂါသည်များ သောက်သုံးရသည့်ဆေးဝါးများအပြင် ဖြည့်စွက် အားဆေး Oramin – G ၊ Oramin – F ၊ Spektrum 50 + ၊ Betex ကဲ့သို့ အရိုးအားဆေး၊ အာရုံကြော အားဆေးနှင့် အားဆေးအမျိုးမျိုးဈေးမြင့်တက်နေပြီး ပျှမ်းမျှဆေးတစ်ဘူး လျှင် ကျပ် ၂၀,၀၀၀ ကျော်ရှိကြောင်းသိရသည်။
“ အိန္ဒိယနဲ့ ပါကစ္စတန်က ဆေးနည်းနည်းဝင်သေးတယ်။ အခုအများဆုံးဝင်တာကတာ့ တရုတ်ကဆေးတွေပဲ။ သူတို့က ဆေးနာမည်မတူဘူးပေါ့။ ပါဝင်တဲ့ chemical name တူတယ်။ ပြောရရင် ပါရာစီတမော (paracetamol) ကို တံဆိပ်အမျိုးမျိုးနဲ့ ထွက်သလိုပေါ့။ ဆေးအရည်အသွေး တော့ကွာတယ်။ ဈေးနည်းရင် အရည်အသွေး (Quality) က ကျတာပဲ” ဟု ဗိုလ်ချုပ်ဈေးသစ်ရှိ ဆေးဆိုင်ပိုင်ရှင်တစ်ဦးက ပြောကြားသည်။
စစ်ကောင်စီက အမေရိကန်ဒေါ်လာသုံးစွဲမှု တင်းကျပ်ကာ ဆေးကုမ္ပဏီများကို ဦးစားပေး ရောင်းခြင်းမရှိသည့်အပြင် တရားဝင်ကုမ္ပဏီများ၏ ဆေးတင်သွင်းခွင့်များကို ပိတ်ဆို့ထားပြီး လိုင်စင်ချမပေးခြင်း၊ ဆေးတင်သွင်းခွင့် အရေအတွက်အကန့်သတ်ခြင်း များပြုလုပ်လျှက်ရှိကြောင်း သိရသည်။
ဆေးဝါးနှင့်ဆေးအထောက်အကူပစ္စည်း၊ ဆေးရုံသုံးဆေးများ ထိုသို့ ဈေးကြီးမြင့်ပြီး ပြတ်လပ်နေသည်မှာ စစ်တပ်အာဏာသိမ်းထားသည့် ကာလတစ်လျှောက်လုံး ကြုံတွေ့ နေရခြင်းဖြစ်ကြောင်း နာတာရှည်ရောဂါအတွက် လိုအပ်သည့်ဆေးဝါးများ အမြဲ ဝယ်နေရသူ တစ်ဦးက ဆိုသည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#ဆေးဈေးနှုန်းမြင့်တက် #ဆေးဝါး #ဆေးအထောက်အကူပစ္စည်းများ #ပြတ်လပ်မှု #ဈေးနှုန်းမြင့်တက်မှု #ကြီးကြပ် #စစ်ကောင်စီပြော #Ayeyarwaddy_Times