ဧရာဝတီတိုင်းမ်
(ပဲခူး)၊ ဇွန် ၂၁ ရက်

ပဲခူးတိုင်း(အရှေ့ခြမ်း)၊ သံတောင်ကြီးမြို့နယ် အတွင်းရှိ ဌာနေပြည်သူ့စစ်များကို ယမန်နေ့ ဇွန် ၂၀ ရက်နေ့တွင် စစ်ကောင်စီက လက်နက်တပ်ဆင်ပေးခဲ့ကြောင်း ၎င်းတို့၏ ဝါဒဖြန့် မီဒီယာများတွင် ဖော်ပြထားသည်။

စစ်ကောင်စီသည် သံတောင် နှင့် လိပ်သိုမြို့များရှိ ဂေဘားလူမျိုးများကို စစ်ကောင်စီ၏ တောင်ငူအခြေစိုက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ်ကြည်သိုက်က ဦးဆောင်၍ ဂေဘားပြည်သူ့စစ်များအဖြစ် လက်နက်တပ်ဆင်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အဲ့ဒီပြည်သူ့စစ်တွေက လိပ်သို၊ သံတောင်ဘက်က ဂေဘားပြည်သူ့စစ်တွေလို့ ပြောတာပဲ။ အဲ့ဒီပြည်သူ့ စစ်တွေကို လက်နက်တပ်ဆင်တာ။ အဲ့ဒီဌာနေပြည်သူ့စစ်တွေက နဂိုထဲက လိပ်သို၊ သံတောင်ဘက်မှာ ရှိနေတာ။ အင်အားတော့မများပါဘူး။ အဲ့ဒီကနေ ပြန်ပြီးတော့ အသစ်တွေမွေးထုတ်တာတွေ ရှိမှာပါ” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦး က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့ပြင် စစ်ကောင်စီသည် လိပ်သိုမြို့အနီးရှိ ဂေဘား ရွာများတွင် ပြီးခဲ့သည့် ဇန်နဝါရီ လပိုင်းမှစတင်၍ ဂေဘားလူမျိုးများကို ဂေဘားတပ်မတော်ဖွဲ့ရန်ဟု စည်းရုံး၍ စစ်သင်တန်းပေးခြင်းများပြုလုပ်ခဲ့ပြီး သင်တန်းဆင်းတချို့ကိုလည်း သံတောင်ကြီး မြို့နယ်ရှိ စစ်ဆေးရေးဂိတ်များတွင် နေရာချတာဝန်ပေးထားကြောင်း ဒေသတွင်း သတင်း ဌာနများတွင် ဖော်ပြထားသည်။

ဂေဘားလူမျိုးများမှာ ကရင်မျိုးနွယ်စုဝင်များဖြစ်ပြီး ကရင်ပြည်နယ် နှင့် ကရင်နီ ပြည်နယ်များတွင် အခြေချ နေထိုင်ကြကြောင်း သိရသည်။

စစ်ကောင်စီသည် ယခုအခါ ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းကာ စစ်သင်တန်း များတက်ရောက်ရန်အတွက် အရပ်သားပြည်သူများကို အတင်းအဓမ္မ ဖြစ်စေ ခြိမ်းခြောက်ခြင်းဖြင့်လည်းကောင်း၊ ငွေကြေးမက်လုံးပေးခြင်းဖြင့် လည်းကောင်း လူသစ်စုဆောင်းခြင်းများပြုလုပ်နေပြီး ယခုအခါ စစ်မှုထမ်း အမှတ်စဉ်(၃) အထိ ရောက်ရှိနေပြီ ဖြစ်သည်။

ဓာတ်ပုံ – စစ်ကောင်စီသတင်းစာ

#ပြည်သူ့စစ် #လက်နက်တပ်ဆင် #တောင်ပိုင်းတိုင်းစစ်ဌာနချုပ် #ဂေဘားပြည်သူ့စစ် #ပဲခူးအရှေ့ခြမ်း #Ayeyarwaddy_Times