ဧရာဝတီတိုင်းမ်
ဇွန် ၂၁ ရက်

ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့နယ်မှ စစ်မှုထမ်းအပတ်စဉ်၂ တွင် သင်တန်းတက်ရောက်နေသည့် လူငယ်တစ်ဦးသည် သင်တန်းမှူးတို့၏ရိုက်နှက်ခံရမှုကြောင့် သေဆုံးသွားခဲ့ကြောင်း မိသားစုဝင်များထံကသိရသည်။

ပြီးခဲ့သည့် မေလအတွင်း စစ်မှုထမ်းသင်တန်းအပတ်စဉ်(၂)တက်ရောက်နေစဉ် စစ်ကောင်စီတပ်အရာရှိအချို့နှင့် သင်တန်းမှူးတို့၏ရိုက် နှက်မှုကြောင့်အသက်(၂၃)နှစ်အရွယ်ရှိ သစ်ပုတ်ကျေးရွာ ဒေသခံလူငယ်အမျိုးသားတစ်ဦးအသက်သေဆုံးခဲ့ပြီး မိသားစုထံအလောင်းပြန်လည်ပေးပို့ခြင်းမရှိပဲ ဖုန်းဆက်အကြောင်းကြားမှုသာ ပြုလုပ်ခဲ့ကြောင်း သေဆုံးခဲ့သူ၏ မိသားစုဝင်များထံကသိရသည်။

“သင်တန်းထဲမှာ သေတာကိုဖုန်းနဲ့ပဲ အကြောင်းကြားတယ်။ ကျွန်မတို့ကိုဖုန်းနဲ့ပြောတာ သင်တန်းမှူးနဲ့စကားများပြီးရန်ဖြစ်လို့ အချုပ်ထဲထည့်ခံရတာတဲ့။ နောက်တော့ရိုက်စစ်ရင်းနဲ့သတိမေ့သွားတာ။ သတိပြန်မလည်လာတော့လို့ စစ်လိုက်တာ အသက်ပါသွားတယ်။ အလောင်းကိုတော့တပ်ထဲမှာပဲသဂြိုလ်လိုက်တယ်။ အဲတာပဲသိရပြီးတော့ဖုန်းထပ်ဆက်သွယ်လို့မရတော့ဘူး”ဟု သေဆုံးသူ၏ မိသားစုဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ထို့အပြင် သင်တန်းတက်ရောက်နေစဉ်အတွင်းသေဆုံးခဲ့မှုအပေါ် ပြင်ပသို့ပြောဆိုမှုမပြုရန်နှင့် သင်တန်းသားထောက်ပံ့စရိတ်မှ ငွေကျပ် သုံးသိန်းကို နာရေးကူညီစရိတ်အဖြစ် စစ်ကောင်စီက လွှဲပေးခဲ့ကြောင်း သိရသည်။

“ အခုလိုသင်တန်းတက်ရင်း သေတဲ့သတင်းကြားရတော့ ပါသွားတဲ့ကျွန်မသားအခြေအနေကိုစိတ်ပူတယ်။ စစ်မှုထမ်းခေါ်တဲ့အဖွဲ့တွေဆီ ဖုန်းဆက်သွယ်ကြည့်တာ မကြားမနာပြောဆိုခံခဲ့ရတယ်။ နောက်ထပ်ဖုန်းမဆက်ဖို့လည်းခြိမ်းခြောက်ခံရတယ်။ ကျွန်မသားကြီးကို မဲစာရင်းပေါက်တယ်ဆိုပြီး အတင်သင်တန်းအပို့ခံရတာဆိုတော့ ကျွန်မသားရဲ့အခြေအနေကိုပိုပြီးစိတ်ပူတယ်” ဟု စစ်မှုထမ်းအပတ်စဉ် ၂ တွင် တက်နေသူ၏မိခင်တစ်ဦးမှဆိုသည်။

ငါးသိုင်းချောင်းမြို့နယ်တွင် သစ်ဖြူပင် ၊ ကွင်းပေါက် ၊ ရင်းရှည်၊ သပြေတန်း နှင့်သစ်ပုတ်စသည့်ကျေးရွာများမှ ဒေသခံလူငယ် (၁၀)ဦးထက်မနည်းကို ပြီးခဲ့သည့်မေလပထမအပတ်အတွင်း စစ်မှုထမ်းအပတ်စဉ် ၂ အတွက် ဆင့်ခေါ်စာဖြင့် စစ်ကောင်စီတပ်မှ လာရောက် ခေါ်ဆောင်ကာ ကျုံပျော်အခြေစိုက်ခလရ-၃၆ တပ်တွင် သင်တန်းပေးနေကြောင်း တပ်တွင်းသတင်းရင်းမြစ်များထံကသိရသည်။

#စစ်မှုထမ်းသင်တန်း #အပတ်စဉ်၂ #သင်တန်း #ငါးသိုင်းချောင်း #လူငယ်တစ်ဦး #ရိုက်နှက်ခံရ၍သေဆုံး #Ayeyarwaddy_Times