ဧရာဝတီတိုင်းမ်
ဇွန် ၂၁ ရက်

ပဲခူးတိုင်း၊ ဝင်းနိမ္မိတာရုံကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ မဟန(ငြိမ်း) လိုက်ပါလာသည့်ကားကို စစ်ကောင်စီတပ်များက လိုက်လံပစ်ခတ်ခဲ့၍ ဆရာတော် ပျံလွန်တော်မူရခြင်း ဖြစ်ကြောင်း စစ်ကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဝန်ခံပြောဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဆရာတော်လိုက်ပါလာသည့် Surf ကားကို လုံခြုံရေး အရပစ်ခတ်ခဲ့ရကြောင်း ယနေ့ ဇွန် ၂၁ ရက်နေ့ ညပိုင်းတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ရုပ်သံနှင့်တကွ ဝန်ခံပြောဆိုလာခြင်းဖြစ်သည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းပြောကြားသည့် ရုပ်သံဖိုင်တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ အနေဖြင့် Surf အမျိုးအစားယာဉ်တစ်စီးကို ရပ်တန့်ရန် အော်ဟစ်တားဆီးခြင်း၊ လက်ပြ တားဆီးခြင်းနှင့် သေနတ်ကိုမိုးပေါ်ထောင်၍ ပစ်ခတ်တားဆီးခြင်းများ ပြုလုပ်ခဲ့ သော်လည်း ယာဉ်မရပ်တန့်သည့်အတွက် နောက်မှလိုက်၍ ပစ်ခတ်တားဆီး ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ထို့အပြင် ဖြစ်စဉ်နှင့်ပတ်သက်ပြီး အသေးစိတ်ထပ်မံ စိစစ်သွားမည်ဖြစ်ကြောင်းနှင့် အဆိုပါဒေသတွင် လုံခြုံရေးဆောင်ရွက်နေရသည့် စစ်ကောင်စီတပ်သား များအနေဖြင့် တာဝန်ထမ်းဆောင်ရာတွင် အခက်အခဲများရှိနေကြောင်း ဆိုသည်။

အဆိုပါဒေသတွင် PDF များက အရပ်သားအယောင်ဆောင်၍ ပြည်သူများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များကို ပစ်ခတ်နှောင့်ယှက်နေသောကြောင့် ရန်သူနှင့် သာမန် ပြည်သူ ရုတ်တရက်ခွဲခြားနိုင်ရန် ခက်ခဲသည့်အခြေ အနေဖြစ်နေသည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ယခုကိစ္စနှင့်ပတ်သက်၍ အဆင့်မြင့်အရာရှိများပါဝင်သည့် အဖြစ်မှန်စုံစမ်းဖော်ထုတ်ရေး အဖွဲ့ကို ဖွဲ့စည်းပြီး စုံစမ်းဖော်ထုတ်တွေ့ရှိချက်များအရ လိုအပ်သည့်အရေးယူ ဆောင်ရွက်ချက်များကို ဆောင်ရွက်သွားမည်ဟုလည်း စစ်ကောင်စီ၏ သတင်းထုတ် ပြန်ရေး အဖွဲ့ခေါင်းဆောင်က ဆိုသည်။

စစ်ကောင်စီသည် အခင်းဖြစ်ပွားခဲ့သည့် ဇွန် ၁၉ ရက်နေ့က ဆရာတော်ဘုရား စီးနင်းလာသည့်ကားကို မောင်းနှင်ခဲ့သူ ယာဉ်မောင်းအား မန္တလေးနန်းတွင်း စစ်ကြောရေးအတွင်းသို့ ခေါ်ဆောင်ကာ PDF များ ကားကိုပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း လိမ်လည်ထွက်ဆိုခိုင်းခဲ့ပြီး ၎င်းတို့ပိုင် MRTV ရုပ်သံတွင် ထုတ်လွှင့်ခဲ့သည်။

စစ်ကောင်စီက ထိုသို့ လိမ်လည်ထားသော်လည်း ဝင်းနိမ္မိတာရုံဆရာတော်နှင့် အတူလိုက်ပါစီးနင်းလာသည့် ကန်သုံးဆင့် ဆရာတော်က စစ်ကောင်စီတပ်ဖွဲ့များသည် Faw ကားဖြင့် လိုက်လံပစ်ခတ်ခဲ့သည့်အတွက် ဝင်းနိမ္မိတာရုံဆရာတော်ကြီး ပျံလွန်တော်မူရခြင်းဖြစ်ကြောင်း ဝင်းနိမ္မိတာရုံကျောင်း တိုက်တွင် သံဃာများစုဝေးနေစဉ် မိန့်ကြားခဲ့သည်။

ထို့ပြင် ဆရာတော်ကိုလည်း နန်းတွင်းစစ်ကြောရေးတွင် နာရီနှင့်ချီကြာအောင် စစ်ဆေး မေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း ကန်သုံးဆင့် ဆရာတော်က အမှန်တိုင်းထုတ်ဖော် မိန့်ကြားခဲ့ပြီးနောက်တွင် စစ်ကောင်စီက အဖြစ်မှန်ကို စုံစမ်းဖော်ထုတ်မည် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီက ယခုဖြစ်ရပ်ကို ကျူးလွန်ထားသည်မှာ မှန်ကန်ပြီး လုံခြုံရေးအရပစ်ခတ်ခဲ့သည်ဟု ဝန်ခံထားသော်လည်း ရှေ့နောက် စကားနှင့်ညီညွတ်မှုမရှိသည့် အဖြစ်မှန် ဖော်ထုတ်ရေး အဖွဲ့ဖွဲ့စည်းပြီး စိစစ်စုံစမ်းမည်ဆိုသည့် စကားများကိုပါ ပြောဆိုထား သည်ကို တွေ့ရသည်။

လက်ရှိတွင် စစ်ကောင်စီက မလိုလားအပ်သည့် ပဋိပက္ခများမဖြစ်စေရန်ဟုဆိုကာ ပဲခူးမြို့ ဝင်းနိမ္မိတာ ရုံကျောင်းတိုက်အတွင်းတွင် နာမည်ဆိုးနှင့်ကျော်ကြား နေသော တပ်မ- ၇၇ ကို အစောင့်ချထားကြောင်း သိရသည်။

နောက်ဆုံးကြားသိချက်အရ အဆိုပါတပ်ဖွဲ့သည် ကျောင်းတိုက်အတွင်းရှိ ဆရာတော် ၊သံဃာတော်များကို စောင့်ကြည့်မှုများပြုလုပ်နေပြီး ပျံလွန်တော်မူသွားသည့် ဆရာတော် ဘုရားကြီး၏ ရုပ်ကလာပ်ကို ပူဇော်ရန် လာရောက်သည့်သူများကိုလည်း စိစစ်ပိတ်ပင် မှုများရှိနေကြောင်း သိရသည်။

#ဝင်းနိမ္မိတာရုံဆရာတော် #ပျံလွန်တော်မူ #စစ်ကောင်စီ #ဗိုလ်ချုပ်ဇော်မင်းထွန်း #ဝန်ခံ #Ayeyarwaddy_Times