ဧရာဝတီတိုင်းမ်
(ကဝ)၊ ဇွန် ၂၀ ရက်

ပဲခူးတိုင်း၊ ကဝမြို့နယ်၊ သက္ကလမြို့တွင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက စစ်ကောင်စီ တပ်တွင် စစ်မှုထမ်းရမည့် စာရင်းပါဝင်ခြင်းမရှိသည့် အိမ်များမှ တစ်အိမ်လျှင် ငွေကျပ် ၁၀၀၀၀(တစ်သောင်း) နှုန်းဖြင့်ပေးရမည်ဖြစ်ပြီး ရပ်ကွက်တစ်ခုလျှင် ကျပ် သိန်း ၄၀ နှုန်းပေးဆောင်ရန် ကောက်ခံခဲ့ကြောင်း သိရသည်။

ကဝမြို့နယ် မြို့နယ်ရဲမှူးက ဦးစီးကာ သက္ကလမြို့ရှိ ရပ်ကွက်များတွင် နေအိမ် တစ်အိမ်လျှင် ကျပ်တစ်သောင်းနှုန်းဖြင့် တစ်ရပ်ကွက်လျှင် သိန်းလေးဆယ်နှုန်း သတ်မှတ်ကာ စစ်မှုထမ်းရမည့် လူခြောက် ဦး အတွက် လိုက်လံ ကောက်ခံခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“အခု စစ်မှုထမ်းသွားတဲ့သူ တွေထဲမှာ အထူးရဲ နှစ်ယောက်ပါတယ်။ ဒီလူ ခြောက် ဦးအတွက် တစ်ယောက်ကို သိန်းလးဆယ် ပေးလိုက်ဖို့ပေါ့။ အဲ့ဒီသိန်းလေးဆယ်ရချင်လို့ စစ်မှုထမ်းချင် နေကြတဲ့သူတွေလည်း ရှိနေတယ်။ သက္ကလမှာကတော့ စစ်မှုထမ်းခေါ်တာ ပထမဆုံးအကြိမ်ပဲ”ဟု သက္ကလ မြို့ခံ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီသည် စစ်မှုထမ်းမည့် လူခြောက်ဦးအတွက် သက္ကလ မြို့ရှိ ရပ်ကွက် ခြောက်ခုဖြစ်သည့် ရွှေပြည်အေး၊ ဘူတာ၊ ဈေးကြီး၊ အောင်မင်္ဂလာ၊ မြို့မ၊ ကန်တော်မင်္ဂလာ ရပ်ကွက် ခြောက်ခုမှ တစ်ရပ်ကွက်လျှင် သိန်း လေးဆယ် ကောက်ခံခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီသည် စစ်မှုထမ်းရန် လူသစ်စု ဆောင်းရာတွင် အတင်းအဓမ္မ ခြိမ်းခြောက်ကာ စုဆောင်းခြင်းများ အပြင် ယခုကဲ့သို့ ငွေကြေးပေး၍ စည်းရုံး ခြင်းများလည်း ပြုလုပ်လျက်ရှိ ကြောင်း သိရသည်။

စစ်ကောင်စီက မြန်မာနိုင်ငံဒေသအသီးသီးတွင် စစ်မှုထမ်းရန် လူသစ်စုဆောင်း နေသည်မှာ စစ်မှုထမ်း အမှတ်စဉ် (၃) အထိ ရောက်ရှိနေပြီး ယခုဇွန်လကုန်တွင် အမှတ်စဉ် (၁ ) သင်တန်း ဆင်းမည်ဖြစ် ကြောင်း သိရသည်။

ဓာတ်ပုံ-အင်တာနက်

#စစ်မှုထမ်းစာရင်းပါဝင်သူများ #ပေးရန် #သက္ကလ #သိန်း၄၀ #Ayeyarwaddy_Times