ဧရာဝတီတိုင်းမ်
ဇွန် ၂၀ ရက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်မြောက်ဘက်တွင် စစ်ကောင်စီနှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တို့တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားနေပြီး ၂ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ဗိုလ်မှူးတစ်ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၂ ဦးသေဆုံးကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန် ၁၈ရက်နှင့် ယမန်နေ့ ဇွန် ၁၉ရက် ညပိုင်းအထိ ဝိုင်းမော်မြို့နယ် မြောက်ဘက် ဝူယန်ရွာနှင့် လုမြန်ရွာအကြားတွင် စစ်ကောင်စီနှင့် KIAတို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများရှိကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ်ထံက သိရသည်။

“ခလရ- ၅၈ ကနေ လက်နက်ကြီး ပစ်ကူတစ်ချိန်လုံး ပစ်တယ်။ တိုက်ပွဲက အတော်ပြင်းထန်တယ်။ နှစ်ရက်လုံး အပြန်အလှန်ပစ်ကြတာ။ စစ်ကောင်စီဘက်က သေဆုံးတာတွေရှိတယ်။ ဗိုလ်မှူးတစ်ဦးပါ သေတဲ့အထဲပါတယ်ပြောတယ်” ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဝိုင်းမော်မြို့နယ်၊ ဆဒုံးဒေသရှိ တပ်စခန်းအားလုံးနီးပါးကို KIA ကပြီးခဲ့သည့် ဇွန် ၁၁ရက်နေ့က တိုက်ခိုက်သိမ်းယူခဲ့ပြီး ယင်းနေ့တစ်ရက်တည်းတွင်ပင် စစ်ကောင်စီတပ် စခန်းနှင့် ပြည်သူ့စစ်စခန်း စုစုပေါင်း ၁၈ခုကျော်ကို သိမ်းယူနိုင်ခဲ့သည်။

စစ်ကောင်စီတပ် ခလရ-၅၈ တပ်ရင်းမှနေ၍ တိုက်ပွဲဖြစ်ပွားရာနေရာသို့ လက်နက်ကြီး ပစ်ကူများပေးခဲ့ပြီး အဆိုပါတပ်ရင်းသည် ဝိုင်းမော်မြို့နယ်နှင့် နှစ်မိုင်ခန့်အကွာ မုတ်လွဲလမ်းဆုံ၌ အင်အား ၁၀၀ ခန့်ဖြင့် တပ်ထိုင်ထားကြောင်းသိရသည်။

တိုက်ပွဲများကြောင့် ဆဒုံး- ကန်ပိုက်တီလမ်းရှိ ကုန်သွယ်ရေးဂိတ်ကို ယာယီပိတ်ထား သော်လည်း ဇွန် ၁၇ရက်နေ့တွင် KIAက လမ်းပြန်ဖွင့်ပေးခဲ့ပြီး ဇွန် ၁၈ရက်နေ့တွင် စစ်ကောင်စီက ကုန်သွယ်ရေးလမ်းကို ပြန်လည် ပိတ်ခိုင်းထားကြောင်း သိရသည်။

ပုံစာ၊ KIA နှင့် KPDF တပ်ဖွဲ့ဝင်များ (ပုံဟောင်း)
#ဝိုင်းမော် #KIA #စစ်ကောင်စီ #တိုက်ပွဲ #ဗိုလ်မှူး #တပ်ဖွဲ့ဝင်၁၂ဦး #သေဆုံး #Ayeyarwaddy_Times