ဧရာဝတီတိုင်းမ်
ဇွန် ၂၀ရက်

ရခိုင်ပြည်နယ်၊ မောင်တောမြို့ရှိ စစ်ကောင်စီ၏ စခန်းများကို အာရက္ခတပ်တော် (AA) က ဝင်ရောက်တိုက်ခိုက်ရာ တိုက်ပွဲများပြင်းထန်နေပြီး မြို့အတွင်းရှိ ပြည်သူများ ပိတ်မိနေ‌ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန် ၁၈ရက်နေ့ကစ၍ မောင်တောမြို့၊ ပန်းတောပြင်ကျေးရွာအနီးတွင် စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက ဂျက်လေယာဉ် များဖြင့် ဗုံးကြဲတိုက်ခိုက်နေသည့်အတွက် မြို့နေပြည်သူထောင်နှင့်ချီ၍ ပိတ်မိနေကြောင်း ဒေသခံများထံက သိရသည်။

“လက်ရှိတိုက်ပွဲတွေက ပြင်းထန်နေတဲ့အပြင် စစ်ကောင်စီက မြို့ကနေ ထွက်ခွာခွင့် မပေးဘူး။ အကုန်လုံးကိုပိတ်ထားတော့ ပိတ်မိနေတယ်။ ဖုန်းလိုင်းတွေလည်း မရတော့ ဘူး။ လိုင်းရတဲ့အချိန်ခဏလေး သူတို့ဘက်က ဆက်လာလို့ ပိတ်မိနေတယ် ဆိုတာ သိရတယ်” ဟု မောင်တောမြို့မှတိမ်းရှောင်လာသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

မောင်တောမြို့တွင် စစ်ကောင်စီ၏ ကျန်ရှိနေသည့် အမှတ်(၅)နယ်ခြားစောင့်ရဲတပ်ရင်း (နခခ-၅) မြို့သူကြီး နှင့် နခခ ၂တို့ကို AA ကထိုးစစ်ဆင်တိုက်ခိုက်နေပြီး ပြည်သူများသည် ၃မိုင်အနီးတွင် ခိုလှုံလျှက်ရှိကြောင်း သိရသည်။

စစ်ကောင်စီ၏ ကျန်ရှိနေသည့် စစ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်မည် ဖြစ်သည့် အတွက် ပြည်သူများအနေဖြင့် မောင်တောမြို့မှ ထွက်ခွာကြရန် AA က ဇွန် ၁၆ ရက်နေ့တွင် အရေးပေါ်ထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် မေ ၁၈ ရက်နေ့၊ နေ့လယ် ၁၂ နာရီကတည်းကပင် မောင်တောမြို့အတွင်းသို့ ဝင်ရောက်နိုင်သည့် ကုန်းလမ်းများကို ပိတ်ဆို့ထားပြီး အချို့သောတံတားများကိုလည်း ဖျက်ဆီးထားကြောင်း AA က ထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် မေ ၆ ရက်နေ့တွင် “လဘော်ဇားတံတား” ၊ မေ ၇ ရက်နေ့တွင် “ကံကျမြောက်ရွာတံတား” ၊ မေ ၈ ရက်နေ့တွင် ” ၃မိုင် တံတား” ၊ “သံတံတား”နှင့် “ရွာသစ်ကေတံတား” တို့ကို မိုင်းခွဲဖျက်ဆီးထားခဲ့ပြီးဖြစ်သည်။

တိုက်ပွဲများ ဖြစ်ပွားနေ၍ စစ်ဘေးရှောင်လိုသည့် ဒေသခံများကို စစ်ကောင်စီနှင့် ARSA လက်နက်ကိုင်တပ်ဖွဲ့တို့က ထွက်ခွာခွင့်မပြုဘဲ မောင်တောမြို့အတွင်းတွင် ပိတ်ဆို့ထား ကြောင်း သိရသည်။

မောင်တောတိုက်ပွဲမှာ လက်ရှိတွင်ပိုမို ပြင်းထန်နေပြီး စစ်ကောင်စီ၏ နခခ-၅ မြို့သူကြီးမှ တပ်ဖွဲ့ဝင်အချို့ စခန်းစွန့်ခွာထွက်ပြေးမှုများရှိလာကြောင်း ရခိုင်စစ်ရေးသတင်းရင်း မြစ်ထံက သိရသည်။

#မောင်တော #စစ်ကောင်စီ #AA #တိုက်ပွဲဖြစ် #ဒေသခံများပိတ်မိ #Ayeyarwaddy_Times