
မင်းထက်မုန်း (ဧရာဝတီတိုင်းမ်)
ဇွန် ၂၀ ရက်
ဇွန်လ ၁၉ ရက်နေ့က အသက် ၇၉ နှစ်ပြည့်ခဲ့သည့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ပွဲတွင် နိုင်ငံတဝှမ်း နှင်းဆီပန်း ပန်မှုကြောင့် ဖမ်းဆီးခံရသူ စုစုပေါင်း ၅၀ ဝန်းကျင်ရှိနိုင်ကြောင်း နိုင်ငံရေးသမားအများစုက ပြောဆိုသည်
နှင်းဆီပန်း ပန်မှုကြောင့် ဖမ်းဆီးခံရသူ အများစုမှာ မန္တလေးတိုင်းမှာဖြစ်ပြီး ရန်ကုန်၊ ပဲခူးနှင့် ဧရာဝတီတိုင်းတို့တွင်လည်း နှင်းဆီပန်း ပန်သူများနှင့် ဘုရားပန်းလှူသူများကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ကြောင်း ဒေသခံများ၏ ပြောဆိုမှုများအရ သိရသည်၊၊
“သေနတ်ကိုင်ပြီး ပန်းပန်တဲ့သူကို ဖမ်းရဲတာ ကမ္ဘာမှာ ဒီမြန်မာစစ်တပ်ဘဲရှိမယ်ထင်တယ်၊ အမှန်ဆို သေနတ်တွေ မကိုင်တော့ဘဲ ထဘီတွေ ဝတ်ထားသင့်တယ်”ဟု ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အမျိုးသမီးတဦးမှ ဧရာဝတီတိုင်းမ်သို့ ပြောသည်။
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့တွင် နှင်းဆီပန်းပန်သူတွေကို မစ်ရှင်းတစ်ခုလို သဘောထားပြီး နိုင်ငံ တနိုင်ငံရဲ့ စစ်တပ်မှ ဖမ်းဆီးနေရသည်မှာ ရှက်စရာအလွန်ကောင်းသည့် လုပ်ရပ်ဖြစ်ကြောင်း ၎င်းမှဆိုသည်။
ထောင်ထဲရောက်နေသည့် ဒေါ်အောင်ဆန်းစုကြည်၏မွေးနေ့ပွဲတွင် ပြည်သူများမှ နှင်းဆီပန်းပန်ကာ ချစ်ခြင်းတရားပြသမှု အပေါ် ခုလိုဖမ်းဆီးခြင်းမှာ စစ်ကောင်စီတပ်က မိမိအရှုံးကို မိမိချပြနေခြင်းသာဖြစ်ကြောင်း နိုင်ငံရေးသမားတဦးမှ သုံးသပ် ပြောဆိုသည်။
“ အဓိက သူတို့က ဒေါ်အောင်ဆန်းစုကြည်ဆိုရင် အသံတောင်မကြားနိုင်ဘူးဖြစ်နေပြီ၊ ဒေါ်အောင်ဆန်းစုကြည်ဆို လူရော အရိပ်ရော ပုံရိပ်ရော ဘာမှ မရှိစေနဲ့ အကုန်ဖမ်းခိုင်းထားတဲ့သဘောပဲ၊ ဒါဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြိုင်ရင် အရိပ်နဲ့ပြိုင်ရင် မနိုင်နိုင်ဘူး ရှုံးမယ်ဆိုတဲ့ သဘောကို သူတို့ကိုယ်တိုင်ချပြနေတာပဲ”ဟု နိုင်ငံရေးသမားတဦးမှ ဧရာဝတီတိုင်းမ်သို့ ပြောသည်။
ဒါ့ပြင် စစ်အာဏာရှင်ကို တော်လှန်နေသည့် တော်လှန်ရေးဘက်တွင် အကြောင်းအမျိုးမျိုးကြောင့် မပါဝင်နိုင်သော်လည်း ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့တွင် နှစ်စဉ် နှင်းဆီပန်း ပန်ပြီ ဂုဏ်ပြုခြင်းမှာ ဒေါ်အောင်ဆန်းစုကြည်အပေါ် ပြည်သူတွေရဲ့ချစ်ခြင်းတရားကို ပြသခြင်းဖြစ်ပြီး တချို့ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများပင် နှင်းဆီပန်း ပန်မှုကြောင့် ဖမ်းဆီးခံရမှုများလည်းရှိကြောင်း သိရသည်။
ဇွန်လ ၁၉ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၇၉ နှစ်ပြည့်မွေးနေ့တွင် နှင်းဆီပန်း ပန်မှုကြောင့် သာပေါင်းမြို့နယ်က စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေသည့် ကျောင်းဆရာမတဦးဖမ်းဆီးခံခဲ့ရကြောင်း ရဲတပ်ဖွဲ့အသိုင်းဝိုင်းမှ သိရသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် နှစ်စဉ်ဒေါ်ဆောင်ဆန်း၏ မွေးနေ့ပွဲများတွင် နှင်းဆီပန်းပန်မှုကြောင့် စစ်ကောင်စီတပ်၏ဖမ်းဆီးခံရသူ ၄ နှစ်အတွင်း လူဦးရေ ၂၀၀ ဦးမှ ၂၅၀ ဝန်းကျင်ထိရှိနိုင်ကြောင်း နိုင်ငံရေးသမားများက ပြောဆိုသည်။
#ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ #ဖမ်းဆီးခံရသူ #စစ်ကောင်စီတပ် #မြန်မာနိုင်ငံ #စစ်အာဏာသိမ်း #Ayeyarwaddy_Times