ဧရာဝတီတိုင်းမ်
ဇွန်၂၀ ရက်

ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင် ဖြစ်ပွားသည့် တိုက်ပွဲတွင်း ထွက်ပြေးတိမ်းရှောင်နေကြသည့် စစ်ဘေးရှောင် မြိုတိုင်းသား ၆၀၀ နီးပါးသည် စားနပ်ရိက္ခာနှင့် ဆေးဝါး အကူအညီများ လိုအပ်လျက်ရှိကြောင့် စစ်ဘေးရှောင်များထံက သိရှိရသည်။

အဆိုပါ စစ်ဘေးရှောင် မြိုတိုင်းရင်းသားများသည် မောင်တောမြို့နယ် သီဟိုဠ်အေးကျေးရွာနှင့် ကိုင်းကြီးကျေးရွာတို့မှ တိုက်ပွဲတွင်း ထွက်ပြေးလာကြသည့် စစ်ဘေးရှောင်များဖြစ်ပြီး ၎င်းတို့သည် မောင်တောမြို့ (၃) မိုင် ဘုန်းတော်ကြီးကျောင်တွင် ခိုလှုံနေထိုင်ရကြောင်း သိရှိရသည်။

အာရက္ခတပ်တော်(AA)နှင့် စစ်ကောင်စီတို့ နှစ်ဖက်တိုက်ပွဲကြား လမ်းကြောင်းများ အားလုံး ပိတ်မိနေသောကြောင့် စားနပ်ရိက္ခာနှင့် ဆေးဝါးများ ဝယ်ယူရာတွင် အခက်ခဲများရှိပြီး အကူအညီများ လိုအပ်နေခြင်းဖြစ်သည်။

“ကျွန်တော်တို့ ဆန်တွေ၊ စားနပ်ရိက္ခာတွေ သွားဝယ်မယ်ဆိုလည်း ဝယ်လို့လည်းမရဘူး။ တခြားအဖွဲ့စည်းတွေကနေ လာရောက်လှူဒါန်းမယ်ဆိုလည်း မရဘူး။ လမ်းတွေက အားလုံးပိတ်ပြီး ကျွန်တော်တို့က ပိတ်မိနေတဲ့ အခြေနေမျိုးဖြစ်တယ်။ စစ်ရှောင်တွေထဲ ကလေးတွေ အများပြားပါတယ်။ သောက်သုံးရေအခက်ခဲရှိတယ်။ ကလေးတွေကလည်း ဖျားနာနေကြတယ်။ အဲ့ဒါကြောင်း စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ ရနိုင်အောင် အကူညီလိုအပ်နေပါတယ်။”ဟု စစ်ဘေးရှောင် အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အကူအညီ လိုအပ်နေသည့် စစ်ဘေးရှောင်များသည် သီဟိုဠ်အေးကျေးရွာမှ အိမ်ထောင်စု (၇၉)စု၊ လူဦးရေ (၅၃၇)ဦးနှင့် ကိုင်းကြီးကျေးရွာမှ အိမ်ထောင်စု (၁၂ ) စု၊ လူဦးရေ (၅၈)ဦးတို့ဖြင့် ၎င်းတို့ကို (၃ )မိုင်ဘုန်းကြီးကျောင်း၏ အကူညီဖြင့် နေထိုင်စားသောက်နေရကြရသည်။

ပြီးခဲ့သည့် ဇွန်လ ၄ ရက်နေ့က မောတောင်မြို့နှင့် သီဟိုဠ်အေးကျေးရွာ အနီးဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားပြီး ဇွန်လ ၅ ရက်နေ့ကလည်း လက်နက်ကြီးကျည် နှစ်လုံးသည် သီဟိုဠ်အေးကျေးရွာတွင်းသို့ ကျပေါက်ကွဲပြီး အရပ်သားနေအိမ် သုံးလုံးထက်မနည်း ပျက်စီးသွားခဲ့သည်။

မောင်တောမြို့နယ်တွင် စစ်ကောင်စီ၏ လက်ကျန် တပ်စခန်းအားလုံးကို ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်သွားမည်ဖြစ်ပြီး ဇွန်လ ၁၆ ရက်နေ့ ည ၉နာရီ မှစ၍ ဒေသခံပြည်သူများအနေဖြင့် မြို့တွင်းမှ အမြန်ဆုံးထွက်ခွာပေးရန် အာရက္ခတပ်တော်(AA)က ထုတ်ပြန်ထားသည်။

လက်ရှိတွင် အာရက္ခတပ်တော်(AA)သည် မောင်တောမြို့ရှိ စစ်ကောင်စီ၏ နခခ ၅ မြို့သူကြီးနှင့် နခခ ၂ လေးမိုင် တပ်စခန်းတို့ကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေကြောင်း သိရှိရသည်။

ပုံစာ- မောင်တောမြို့နယ် သီဟိုဠ်အေးကျေးရွာနှင့် ကိုင်းကြီးကျေးရွာတို့မှ မြိုစစ်ဘေးရှောင်များကို တွေ့ရစဥ်။
#မောင်တောမြို့ #စစ်ဘေးရှောင် #မြိုတိုင်းရင်းသား #၆၀၀နီးပါး #စားနပ်ရိက္ခာနှင့်ဆေးဝါး #အကူအညီလိုအပ် #Ayeyarwaddy_Times