
ဧရာဝတီတိုင်းမ်
ဇွန် ၂၀ ရက်
ပဲခူးတိုင်းရှိ ဝင်းနိမ္မိတာရုံကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့-မဟန(ငြိမ်း) သည် စစ်ကောင်စီတပ်ဖွဲ့များ၏ ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူ(ကွယ်လွန်)ခြင်းဖြစ်ကြောင်း ဖြစ်စဥ်တွင် အတူရှိခဲ့သည့် ကန်သုံးဆင့် ပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တ ဂုဏိကာဘိဝံသ မဟန(ငြိမ်း) က မိန့်ကြားခဲ့သည်။
မန္တလေးမြို့တွင် ကျင်းပမည့် ရွှေကျင်သံဃအစည်းအဝေးသို့ သွားရောက်သည့် ဆရာတော်ဘဒ္ဒန္တမုနိန္ဒာဘိဝံသ လိုက်ပါလာသည့်ကားကို ယမန်နေ့ ဇွန် ၁၉ ရက်နေ့ မွန်းလွဲပိုင်းတွင် စစ်ကောင်စီတပ်က မြို့သာနှင့် ပန်းချီကမ္မရွာကြားတွင် ပစ်ခတ်ခဲ့သည့် အတွက် ဆရာတော် ပျံလွန်တော် မူခဲ့ခြင်းဖြစ်သော် လည်း စစ်ကောင်စီတပ်က PDF လက်ချက်ကြောင့် ပျံလွန်တော်မူရခြင်းဖြစ်ကြောင်း လိမ်လည်ထုတ်ပြန်မှုများ ပြုလုပ်ခဲ့သည်။
” တပည့်တော်တို ကား ဆရာကလည်း FAW ကားကို ဘေးချပြီးတော့ အတင်းမောင်းတာပါပဲ။ အဲသလို အတင်းမောင်းတဲ့ အခါမှာ FAW ကားပေါ်ကနေ သေနတ်နဲ့ ဝိုင်းပစ်ပါတယ်။ ၇ ချက် ၈ ချက်လောက်မှန်ပါတယ်။ အဲလိုပစ်တဲ့ အခါမှာ ဘုရားတပည့်တော်လည်း ဘာမှ မသိ ၊ သူလည်းဘာမှ မသိ ဘုရားတပည့်တော်က တံခါးဖွင့်ပြီးတော့ အပြင်ဘက် ထွက်လိုက်ပါတယ်။ ဘုရားတပည့်တော်ရဲ့ သင်္ဃန်းတွေ သွေးတွေ အလိပ်လိပ် အကပ်ကပ် ဖြစ်နေပါတယ်။ အဲလိုဖြစ်နေတာ့ ကားထဲကြည့်လိုက်တဲ့အခါ အရှင်ဘုရားတိုရဲ့ ညီတော် နောင်တော် ဒကာဒကာမ တိုရဲ့ ဆရာတော်ဖြစ်တဲ့ ဝင်းနိမ္မိတာရုံ ဆရာတော်က ခေါင်းငိုက်စိုက်ကျပြီးတော့ အသက်မရှိတော့ပါဘူး။ ဝိုင်းပြီးတော့ Faw ကားပေါ်ကနေ ပစ်လိုက်တာ ၇ ချက် ၈ ချက်လောက်ရှိပါတယ်။ ဝင်းနိမ္မိကာရုံဆရာတော်ကတော့ တစ်ဘဝတစ်ခန္ဓာ ရုပ်သိမ်းသွားပါတယ်ဘုရား။ တပည့်တော်ကတော့ ခေါင်းရယ်၊ ကားရဲ့မှန်စထိပါတယ်ဘုရား။ တပည့်တော်အပြင်ဘက် ရောက်တဲ့အခါ ခင်ဗျားတို့ရက်စက်လှချည်လားဗျာ။ ဘုန်းကြီးတွေကို ဒီလောက်ရက်စက် ရသလားလို့၊ Fawကားပေါ်မှာပါတဲ့ ရှင်းရှင်းပြောရရင် စစ်ဗိုလ် စစ်သားတွေ။ ရက်စက် လှချည်လားဆိုတော့ အရှင်ဘုရားတို့က ဘုန်းကြီးမှန်းမသိလို့ပါတဲ့။ ကားတံခါး လည်း ပိတ်ထားတော့ ရန်သူကားထင်လို့ တပည့်တော်တို့ ပစ်ပါတယ်ဘုရားတ့။ သူတို့ ကိုယ်တိုင်ဝန်ခံပါတယ်” ဟု ကန်သုံးဆင့် ဆရာတော်က မိန့်ကြားခဲ့သည်။
ဝင်းနိမ္မိတာရုံကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ၏ ဥတုဇရုပ်ကလာပ်ထား ရှိရာ ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက်၌ ယနေ့ ဇွန် ၂၀ ရက်နေ့ မွန်းလွဲပိုင်းက သံဃာတော်များ စုဝေးနေချိန်တွင် ကန်သုံးဆင့် ပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တ ဂုဏိကာဘိဝံသက အဆိုပါ အဖြစ်အပျက်ကို ပြန်လည်မိန့်ကြားခဲ့ခြင်းဖြစ်သည်။
“ဝင်းနိမ္မိကာရုံဆရာတော်က ကားထဲမှာ ၊ ဘုရားတပည့်တော်က အပြင်ဘက်မှာ။ ဆရာတော်တဲ့ ကားနားကိုမကပ်ပါနဲ့။ ဆရာတော်ဝေးဝေးနေပါတော့။ ကားဆရာက လက်ပဲထိမှန်တယ်။ လက်သုံးချောင်းလည်းပြတ်သွားတယ်။ ဘုန်းကြီးကတော့ မှန်စလေးပဲမှန်တာပေါ့။ အရှင်ဘုရားတို့ ကားနားမကပ်ပါနဲ့တဲ့။ အရှင်ဘုရားတို့ ဖုန်းတွေလည်းပေးပါ။ ဘယ်မှလည်းဖုန်းမဆက်ပါနဲ့တဲ့။ အဲ့ဒီနေရာမှာ နှစ်နာရီလောက် ကြာပါတယ်။ အဲ့ဒီလို နှစ်နာရီလောက်ကြာပြီးမှာ ဒကာတို့ ဒီအတိုင်းနေလို့တော့မဖြစ်ဘူး။ ပျံလွန်တော်မူတဲ့ပုဂ္ဂိုလ်က ပျံလွန်တော်မူသွားပြီ၊ ဘုန်းကြီးကအသက်ရှိသေးတယ်။ ဘုန်းကြီးကကုရဦးမှာ။ ရွာကိုပြန်ခွင့်ပြုပါဆိုတော့ တော်တော်နဲ့မပြုပါဘူး” ဟု ကန်သုံးဆင့်ဆရာတော်က ဆက်လက်မိန့်ကြားသည်။
နိုင်ငံတော် သံဃမဟာနာယကအဖွဲ့-မဟန(ငြိမ်း) ဆရာတော် နှစ်ပါးလိုက်ပါလာသည့် ကားကို စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ပြန်ကြွရန် ခွင့်ပြုခဲ့ခြင်းမရှိဘဲ လေးငါးနာရီကြာမှ ရွှေကျင်ဂိုဏ်းကြီး၏ ဗဟိုအလုပ်အမှုဆောင်ဆရာတော်များ ဖြစ်ကြောင်း သိရှိ၍ ကားနားသို့ ကပ်လာခြင်းဖြစ်ကြောင်း သိရသည်။
” နောက်ကျမှ ရွာကြွပါဘုရား။ အရှင်ဘုရားရဲ့ဖုန်းတွေတော့ထားခဲ့ပါဘုရား။ ဖြစ်တာက ၁၀ နာရီခွဲကျော်ကျော်ကဖြစ်ပါတယ်။၄ နာရီ၊ ၅ နာရီကျမှ သူတို့က ဒီဆရာတော်တွေဟာ သာမည ဆရာတော်တွေမဟုတ်ဘူး။ ရွှေကျင်ဂိုဏ်းကြီးရဲ့ ဗဟိုအလုပ်အမှုဆောင် ဆရာတော်တွေဖြစ်တယ်ဆိုပြီးတော့ အဲ့ဒီကျမှ သူတို့က ပြာပြာသလဲနဲ့ ဘုန်းကြီးတို့ ကားနားကပ်လာပါတယ်။ အဲ့ကျမှ သူတို့လုပ်စရာရှိတာတွေလုပ်၊ တံတားဦးထိအောင် တပည့်တော်တို့ ကားနဲ့လိုက်ပို့ပါမယ်ဘုရား။ အရှင်ဘုရားကားကို။ ကိစ္စမရှိဘူး ဒကာကြီးတို့ ဘုန်းကြီးတို့ မန္တလေးမှာ အကုန်စီစဉ်ပြီးသား။ မန္တလေးက ဗဟိုဌာနက ဆရာတော်တွေကလည်း အကုန်လုံး ပူနေပါတယ်။ မန္တလေးက ကုသိုလ်တော်ကားနဲ့ ဘုန်းကြီးတို့ စီစဉ်ပါတယ်” ဟု ကန်သုံးဆင့်ဆရာတော်က မိန့်ကြားခဲ့သည်။
ထိုသို့ ဒုက္ခအမျိုးမျိုးကြုံတွေ့ရသော်လည်း အလွန်စာတော်သည့် ဝင်းနိမ္မကာရုံ ဆရာတော် ဆုံးရှုံးရ၍ ယူကျုံးမရဖြစ်ရကြောင်း ကန်သုံးဆင့် ပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တ ဂုဏိကာဘိဝံသက ဆိုသည်။
“အဲ့ဒီလို ဘုန်းကြီးတို့မှာ ဒုက္ခအမျိုးမျိုးရောက်ရပါတယ်။ ဘုန်းကြီးတော့ ဒုက္ခကို ဒုက္ခမှန်းမသိဘူး။ အလွန်အင်မတန်မှ စာတော်တဲ့၊ သာသနာမှာ အင်မတန်မှ အားကိုးရတဲ့ ဝင်းနိမ္မကာရုံ ဆရာတော် ဆုံးရှုံးရတဲ့အတွက် ဘုန်းကြီးဟာ ယူကျုံးမရဖြစ်ရပါတယ်၊ ယူကျုံးမရ ဖြစ်ရပါတယ်”ဟု ပျံလွန်တော်မူခဲ့သည့် မဟနဆရာတော်ကြီးနှင့်အတူ လိုက်ပါခဲ့သည့် ကန်သုံးဆင့်ဆရာတော်က မိန့်ကြားခဲ့သည်။
စစ်ကောင်စီ၏ ကင်းလှည့်တပ်ဖွဲ့က ပစ်ခတ်မှုကြောင့် ဆရာတော်ကြီး ပျံလွန်တော် မူရခြင်းဖြစ်ကြောင်း စာထုတ်ခဲ့သည့် တိုင်းသာသနာရေးမှူးနှင့် ဝန်ထမ်းအချို့ကို ယမန်နေ့ညပိုင်းတွင် စစ်ကောင်စီက လာရောက်ဖမ်းဆီးခေါ်ဆောင်သွားပြီး စစ်ကြောရေး ပို့ထားကြောင်း သတင်းများထွက်ပေါ်နေသော်လည်း ဧရာ၀တီတိုင်းမ် သတင်းဌာနအနေ ဖြင့် ဆက်လက်စုံစမ်းလျှက်ရှိသည်။
စစ်ကောင်စီက ပစ်ခတ်၍ ပျံလွန်တော်မူခဲ့သည့် ဝင်းနိမ္မိတာရုံစာသင်တိုက် ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ၏ အန္တိမအဂ္ဂိစျာပနပွဲကို ဇွန် ၂၇ ရက်နေ့တွင် ကျင်းပမည်ဖြစ်ပြီး ညတရားပွဲများကို ဇွန် ၂၄ ရက်နေ့ ညနေ ၆ နာရီမှ စ၍ ၃ ရက်တိုင်တိုင် ကျင်းပပူဇော် မည်ဖြစ်ကြောင်း သိရသည်။
ဝင်းနိမ္မိတာရုံ ကျောင်းတိုက် ဆရာတော်သည် ပရိယတ္တိဝန်ဆောင် စာချ စာသင် သံဃာတော်များအတွက် ၁၉၈၄ ခုနှစ်မှ စ၍ ၂၀၂၃ ခုနှစ်အထိ ကျမ်းစာပေါင်းများစွာ ပြုစုခဲ့သည်။
ပုံစာ- စစ်ကောင်စီတပ်က ပစ်ခတ်၍ ပျံလွန်တော်မူခဲ့သည့် ဝင်းနိမ္မိတာရုံကျောင်းတိုက် ဆရာတော် မဟန (ငြိမ်း)
#မဟနဆရာတော် #ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် #ပျံလွန်တော်မူ #စစ်ကောင်စီပစ်ခတ် #ကံသုံးဆင့်ဆရာတော် #ထုတ်ဖော် #Ayeyarwaddy_Times