
ဧရာဝတီတိုင်းမ်
ဇွန် ၁၉ ရက်
နိုင်ငံရေးအရလှုံ့ဆောင်စွပ်ခွဲချက်များဖြင့် မတရားဖမ်းဆီးခံထားရသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးခံရသူများ အားလုံးကို ပြန်လွှတ်ပေးရန် ဆက်လက်တောင်းဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးက ထုတ်ပြန်သည်။
မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးသည် ယနေ့ ဇွန် ၁၉ ရက်နေ့တွင် ကျရောက်သည့် ဒေါ်အောင်ဆန်းစုကြည်၏ ၇၉ နှစ်မြောက်မွေးနေ့တွင် ယခုကဲ့သို့ တောင်းဆိုလိုက်ခြင်း ဖြစ်သည်။
“ ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးချုပ်နှောင်ထားမှုအပေါ် မိမိတို့အနေနဲ့ ရှုတ်ချပြီး သူမနဲ့တကွ မတရားဖမ်းဆီခံထားရသူများအားလုံးကို ပြန်လွှတ်ပေးဖို့ ဆက်လက် တောင်းဆိုပါတယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ ဗြိတန်သံရုံးထုတ်ပြန်ချက်တွင်ပါဝင်သည်။
စစ်ကောင်စီသည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာ စတင်သိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှ စတင်ကာဖမ်းဆီး ချုပ်နှောင်ခံရခြင်းဖြစ်ကာ မတရားစွဲဆိုထားသည့် ဥပဒေပုဒ်မများဖြင့် အကျဉ်းချ ထားသည်။
စစ်ကောင်စီ အာဏာသိမ်းထားသည့်သုံးနှစ်ကျော်အတွင်း မတရားဖမ်းဆီးခံရသူ ၂၆၈၈၂ ဦးရှိပြီး ၉၂၁၅ ဦးမှာ ထောင်ဒဏ်ချမှတ်ထားခံရခြင်း၊ အကြမ်းဖက်စစ်တပ်ကြောင့် သေဆုံးသူ ၅၂၈၇ ဦး အပါအဝင် သေဒဏ်ချမှတ်ခံရသူ ၁၆၇ ဦးနှင့် ဖမ်းဆီး ခံရပြီးပြန်လည်လွတ်မြောက်လာသူ ၆၂၇၄ ဦးရှိကြောင်း နိုင်ငံရေးအကျဉ်းသားကူညီ စောင့်ရှောက်ရေးအသင်း ( AAPP) ၏ ဇွန် ၁၈ ရက်နေ့ ထုတ်ပြန်ချက် အရသိရသည်။
ဓာတ်ပုံ – UK Embassy
#UKသံရုံး #ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ #ပြန်လွှတ်ပေးရန်တောင်းဆို #Ayeyarwaddy_Times