
ဧရာဝတီတိုင်းမ်
ဇွန် ၁၉ ရက်
ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့အခြေစိုက် စစ်ကောင်စီ၏ ခမရ ၃၀၄ တပ်ရင်းကို ချင်းညီနောင် မဟာမိတ်ပူးပေါင်းတပ်မှ အပြီးသတ် သိမ်းပိုက်ရရှိကြောင်း ချင်းညီနောင်အဖွဲ့က ယမန်နေ့ ဇွန်လ ၁၈ ရက်နေ့က သတင်းထုတ်ပြန်ထားသည်။
အဆိုပါ ခမရ ၃၀၄ တပ်ရင်းကို ချင်းညီနောင် မဟာမိတ်ပူးပေါင်းတပ်က တစ်ပတ်အကြာ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ဇွန်လ ၁၇ ရက်နေ့တွင် သိမ်းပိုက်ရရှိထားခြင်းဖြစ်ပြီး ဟောင်ဝစ်ဇာလက်နက်ကြီးအပါအဝင် လက်နက်ခဲယမ်းအမြောက်အမြား ရရှိခဲ့ကြောင်း သိရသည်။
ထို့အပြင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို စစ်သုံ့ပန်းအဖြစ် ဖမ်းမိထားသလို့ ချင်းညီနောင်အဖွဲ့မှလည်း ရဲဘော်အချို့ တိုက်ပွဲတွင်း ကျဆုံးမှုရှိကြောင်း သိရှိရသည်။
“စစ်ကောင်စီရဲ့ ခမရ ၃၀၄ တပ်ရင်းကိုတော့ သိမ်းပိုက်လို့ ရရှိထားပါပြီ။ နောက်ထပ် ကျန်သေးတဲ့ တပ်စခန်းအားလုံး သိမ်းပိုက်နိုင်ရေးအတွက် ဆက်လက်ထိုးစစ်ဆင်နေသေးသလို တိုက်ပွဲတွေလည်း ပြင်ထန်နေသေးပါတယ်။”ဟု ချင်းညီနောင်ပြန်ကြားရေးအဖွဲ့ဝင် တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
မတူပီမြို့ရှိ စစ်ကောင်စီ၏ ရဲစခန်းနှင့် ထွေအုပ်ရုံး တပ်စခန်းတို့ကို ပြီးခဲ့သည့် ဇွန်လ ၁၁ ရက်နေ့က သိမ်းပိုက်ရရှိထားပြီး ကျန်ရှိသေးသည့် ခလရ ၁၄၀ တပ်ရင်းနှင့် ဗျူဟာကုန်းတို့ကို သိမ်းပိုက်ရရှိရေးအတွက် ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည်။
မတူပီမြို့ တိုက်ပွဲကို ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့မှစ၍ ချင်းညီနောင်အဖွဲ့က ချင်းညီနောင်စစ်ဆင်ရေးအဖြစ် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
မတူပီမြို့ တိုက်ပွဲတွင် ချင်းညီနောင်အဖွဲ့ဝင် ချင်းလဲန်းကာကွယ်ရေးတပ်-မတူပီ၏ တပ်မဟာ ၁ မှ ရဲဘော် ငါးဦး ကျဆုံးကြောင်း ၎င်းအဖွဲ့နှင့် နီးစပ်သူထံက သိရှိရသည်။
“တိုက်ပွဲ တစ်ပတ်တွင်း ဇွန်လ ၁၄ ရက်နေ့ ရဲဘော် နှစ်ဦးကျတယ်။ ဇွန်လ ၁၇ ရက်နေ့မှာ သုံးဦး ထပ်ကျတယ်။ စုစုပေါင်း ကျဆုံး ရဲဘော် ငါးဦးရှိပါပြီ။”ဟု CDF(မတူပီ)တပ်မဟာ ၁ နှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
မတူပီမြို့ တိုက်ပွဲတွင် ချင်းညီနောင်အဖွဲ့၏ ချင်းညီနောင်စစ်ဆင်ရေးတွင် အာရက္ခတပ်တော်(AA) နှင့် Yaw Army တို့လည်း ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့သည်။
#မတူပီမြို့ #စစ်ကောင်စီ #ခမရ၃၀၄တပ်ရင်း #ချင်းညီနောင်မဟာမိတ်ပူးပေါင်းတပ်မှသိမ်းပိုက် #Ayeyarwaddy_Times