ဧရာဝတီတိုင်းမ်
ဇွန် ၁၉ ရက်

ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့နယ်ရှိ ချင်းကာကွယ်ရေးတပ်ဖွဲ့မှ သိမ်းပိုက်ရရှိထားသည့် ကနေဒီတောင် တပ်စခန်းကို စစ်ကောင်စီက ပြန်လည်သိမ်းပိုက်ရရှိထားပြီး တပ်စွဲထားကြောင်း ဒေသခံများထံက သိရသည်။

တီးတိန်မြို့မှ စစ်ကောင်စီ အင်အား (၁၀၀) ခန့်သည် ဇွန်လ ၁၇ ရက်နေ့မှစ၍ မြို့အနီးနား ဝန်းကျင်သို့ စစ်ကြောင်း ထိုးလာပြီး ဇွန်လ ၁၈ ရက်နေ့ မနက်အစောပိုင်းတွင် ကနေဒီတောင် တပ်စခန်းကို ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်ပြီး ပြန်လည်သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

“ကနေဒီတောင် ခြေရင်းမှာ တိုက်ပွဲ နာရီဝက်လောက်ဖြစ်တယ်။ ခဏအကြာတော့ ပစ်ခတ်သံတွေ ရပ်နားပြီး ကနေဒီတောင် တပ်စခန်းကို စစ်တပ်က ပြန်သိမ်းပိုက်လိုက်တာဖြစ်တယ်။ အခု အဲ့ဒီ တပ်စခန်းကို စစ်တပ်တွေ တပ်စွဲထားတယ်။”ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ ကနေဒီတောင် တပ်စခန်းနှင့် ပတ်သက်၍ အသေးစိတ်သိရှိရန်အတွက် ပြည်သူ့ကာကွယ်ရေးတပ်(ဇိုလဲန်း) တာဝန်ရှိသူထံ ဧရာဝတီတိုင်းမ်မှ ဖုန်းဖြင့် အကြိမ်ကြိမ်ဆက်သွယ်သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပါ။

ကနေဒီတောင် တပ်စခန်းကို ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၁ ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်(ဇိုလဲန်း)မှ သိမ်းပိုက်ရရှိထားပြီး အဆိုပါ စခန်းသိမ်း တိုက်ပွဲတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၃ ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိခဲ့သည်။

ထို့အပြင် တီးတိန်မြို့မှ စစ်ကောင်စီ အင်အား (၁၀၀) ခန့်သည် ယနေ့ ဇွန်လ ၁၉ ရက်နေ့ မနက်ပိုင်းတွင် ဇိုဇန်ကျေးရွာသို့ သေနတ်ပစ်ဖောက်ကာ စစ်ကြောင်းထိုးလာသည့်အတွက် အရပ်သားတစ်ဦး ကျည်ထိမှန်၍ ထိခိုက် ဒဏ်ရာရရှိကာ အရပ်သားတချို့ လူသားဒိုင်အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရသည်။

“ဇိုဇန်ရွာက အသက် ၆၀ ကျော် အမျိုးသား တစ်ဦးက စစ်တပ်ပစ်တဲ့ သေနတ်ကျည် လက်မောင်းမှာ ထိမှန်လို့ ဒဏ်ရာရသွားတယ်။ ရွာထဲက အမျိုးသားတွေကိုလည်း ဖမ်းဆီးပြီး အာလွယ်ကျေးရွာဘက်ကို လူးသားဒိုင်အနေနဲ့ ရှေ့ကသွားခိုင်းပြီး ဖမ်းခေါ်သွားကြတယ်။”ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

လက်ရှိတွင် အဆိုပါကျေးရွာအနီးနားတွင် နေထိုင်သည့် ပြည်သူများသည် စစ်ကောင်စီက စစ်ကြောင်းထိုးလာသောကြောင့် ဘေးလွတ်ရာ တောတောင်ထဲသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ယင်းအပြင် တီးတိန်မြို့တွင် ခရီးသွား အရပ်သား ပြည်သူများ၏ ဆက်သွယ်ရေးဖုန်း ဆမ်ကဒ်များကိုလည်း စစ်ကောင်စီမှ ဖြုတ်သိမ်းယူထားကြောင်း သိရသည်။

ပြီးခဲ့သည့် မေလ ၂၇ ရက်နေ့က ချင်းညီနောင်အဖွဲ့၏ တီးတိန် မြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီ၏ တာဝါတိုင် တပ်စခန်းနှင့် EPC တပ်စခန်းတို့ကို သိမ်းပိုက်ရရှိထားပြီး စစ်သုံ့ပန်း ကို ဦးနှင့် လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိကြောင်း ချင်းညီနောင်အဖွဲ့ကသတင်းထုတ်ပြန်ထားသည်။

#ချင်းကာကွယ်ရေးတပ် #သိမ်းပိုက်ရရှိထားသည့် #ကနေဒီတောင် #တပ်စခန်း #စစ်ကောင်စီပြန်လည်သိမ်းပိုက် #Ayeyarwaddy_Times