ဧရာဝတီတိုင်းမ်
ဇွန် ၁၉ ရက်

မန္တလေးမြို့တွင် ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်း ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့-မဟန(ငြိမ်း) လိုက်ပါလာသည့်ကားကို စစ်ကောင်စီတပ်က လိုက်လံပစ်ခတ်သဖြင့် ဆရာတော် ပျံလွန်တော်မူခဲ့ကြောင်း သိရသည်။

မန္တလေးမြို့၌ ကျင်းပမည့် ရွှေကျင်သံဃအစည်းအဝေးသို့ သွားတက်သည့် ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ လိုက်ပါလာသည့်ကားကို ယနေ့ ဇွန် ၁၉ ရက်နေ့ မွန်ူလွဲပိုင်းတွင် စစ်ကောင်စီတပ်က မြို့အဝင် မြို့သာနှင့် ပန်းချီကမ္မရွာကြားတွင် လိုက်လံပစ်ခတ်ခဲ့ သည့်အတွက် ပျံ‌လွန်တော် မူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မြို့သာဘက်ကိုသွားတာ။ စစ်ကောင်စီက ခြောက် ချက်အထိလိုက်ပစ်တယ်။ မှန်ချ မမောင်းလို့ဆိုပြီး ပစ်တာ။ ဆရာတော်ဘုရားကြီးက စာချဆရာတော်တစ်ပါးဖြစ်ပြီး သာသနာအတွက် ဗုဒ္ဓစာပေပေါင်းများစွာကို ရေးသား ခဲ့တဲ့သူလည်းဖြစ်တယ်။ ဆရာတော်က အနေသိုသိပ်ပြီး စည်းကမ်းရှိ စနစ်ကျတဲ့ ဆရာတော်တစ်ပါးလည်း ဖြစ်တယ်။ စာသင်သားလောကအတွက် အင်မတန်အကျိုးများတယ်။ မြန်မာနိုင်ငံမှာ ဗုဒ္ဓစာပေသာသနာအတွက် တကယ့်ကို သူရဲကောင်းတစ်ဦး ရဟန်းတစ်ပါးဆုံးရှုံးမှု တစ်ခုပါပဲ” ဟု နွေဦးတော်လှန်ရေးသံဃကွန်ရက်မှ ဆရာတော်ဦးဝါယမက ဧရာဝတီ တိုင်းမ် ကို မိန့်သည်။

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ် ၊ ကန်သုံးဆင့် ပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တ ဂုဏိကာဘိဝံသ မဟန(ငြိမ်း)နှင့် ပဲခူးတိုင်း၊ ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်း ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ မဟန(ငြိမ်း) ဆရာတော်နှစ်ပါးတို့လိုက်ပါလာသည့် ကားကို မြို့သာနှင့် ပန်းချီကမ္မရွာကြားတွင် စစ်ကောင်စီတပ်က လိုက်လံ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆရာတော် နှစ်ပါး လိုက်ပါလာသော ကားသည့် ကားကိုမှန်မချဘဲမောင်းနှင် သည့်အတွက် စစ်ကောင်စီတပ်က သေနတ်ဖြင့် ခြောက် ချက် ပစ်ခတ်ခဲ့ရာ ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသသည် နေရာတွင်ပင် ပျံလွန်တော်မူခဲ့ပြီး ကံသုံးဆင့် ဆရာတော်နှင့် ယာဉ်မောင်းသူမှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့၍ ဆေးရုံသို့ ပို့ဆောင် ထားရကြောင်း လိုက်ပါဆောင်ရွက်သူထံက သိရသည်။

ဆရာတော်များသည် ဇွန် ၂၀ ရက်နေ့တွင် မန္တလေးမြို့၊ မဟာဝိသုဒ္ဓါရုံတိုက်သစ် (ရွှေကျင်နိကာယဗဟိုဌာန)၌ ကျင်းပပြုလုပ်မည့် ရွှေကျင်နိကာယဗဟိုဌာန၏ အစည်း အဝေးသို့ တက်ရောက်ရန် ရန်ကုန်မှ လေယာဉ်ဖြင့် တံတားဦးလေဆိပ်သို့ ကြွရောက် လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသသည် သင်္ဂြိုဟ်ရှင်းတမ်း၊ ရူပသိဒ္ဓိရှင်းတမ်းစသည့် ရှင်းတမ်းကျမ်းများ ပြုစုခဲ့ပြီး စာသင်သားများအတွက် အထူးပင်ကြိုးစား၍ ဗုဒ္ဓစာပေများကို ပြုစုရေးသားခဲ့သူ ဆရာတော် တစ်ပါးဖြစ်ကြောင်း သိရသည်။

“မတရားတာလုပ်ကြတဲ့ အာဏာရူးတစ်စု လက်ပါးစေ တွေအတွက် မဆင်မခြင် သတ်ဖြတ်တာ၊ မတရားကျူးလွန်တာတွေကြောင့် အာဏာရှင်တစ်သိုက်ကျဆုံးဖို့ လျင်မြန်စွာ ချုပ်ငြိမ်းပါစေလို့ ဆန္ဒပြုပါတယ်။ ချုပ်ငြိမ်းအောင်လည်း မြန်မာနိုင်ငံတွင်းရှိ လူမျိုးမရွေး ဘာသာမရွေး ဝိုင်းဝန်းကြိုးစားသင့်တယ်လို့ သတင်းစကား ပါးချင်ပါ တယ်”ဟု ဆရာတော် ဦးဝါယမက မိန့်သည်။

လက်ရှိတွင် ဆရာတော်အား တပည့်သံဃာများက ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက်သို့ ပြန်လည်ယူ ဆောင်ရန် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။

ပုံစာ-စစ်ကောင်စီတပ်က ပစ်ခတ်၍ ပျံလွန်တော်မူခဲ့သည့် ဝင်းနိမ္မိတာရုံကျောင်း ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ မဟန(ငြိမ်း)
#စစ်ကောင်စီ #မဟနဆရာတော် #တံတားဦး #လေဆိပ် #သေနတ် #ပစ်ခတ် #ပျံလွန်တော်မူ #Ayeyarwaddy_Times