နိုင်း/ဧရာဝတီတိုင်းမ်
ဇွန် ၁၉ ရက်
တော်လှန်ရေးတပ်ဖွဲ့များအတွင်းရှိ အမျိုးသမီးများ အနေဖြင့် သက်ဆိုင်ရာတပ်ဖွဲ့များတွင် ပဋိပက္ခကာလအတွင်း လိင် နှင့် ကျားမ အခြေပြုအကြမ်းဖက်မှုများကို ကာကွယ်တားဆီးနိုင်ရေးကို ရည်ရွယ်၍ မြန်မာအမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး (M-WPS)အဖွဲ့မှ ဉီးဆောင်ကာ တော်လှန်ရေးတပ်ဖွဲ့ အသီးသီးရှိ ခေါင်းဆောင် များထံသို့ အချက် ခုနစ် ချက်ပါဝင်သည့် တောင်းဆိုချက်ကို ပေးပို့ခဲ့သည်။
M-WPS က တောင်းဆိုခဲ့သည့် အချက် ခုနစ် ချက်တွင်
(၁)သက်ဆိုင်ရာတော်လှန်ရေးတပ်ဖွဲ့အသီးသီးတွင် ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာနှင့် ကျား၊မ အခြေပြုအကြမ်းဖက်မှုများ ကျူးလွန်မှုမရှိစေရန် သက်ဆိုင်ရာခေါင်း ဆောင်များမှ မူဝါဒများချမှတ်ပေးရန်နှင့် ချမှတ်ထားသော မူဝါဒများအား အလေးထား လိုက်နာအကောင်ထည်ဖော် ဆောင်ရွက်နိုင်ရေး တွန်းအားပေးရန်။
(၂) မိမိတို့အဖွဲ့အတွင်း အသက်ဝင်သည့် အကြမ်းဖက်မှုတိုင်ကြားရေးယန္တရားကို တည်ဆောက်ပေးရန်နှင့် ပြည်သူများအား တိုင်ကြားရေးယန္တရားနှင့် ဝန်ဆောင်မှု အဆင့်ဆင့်ကို သိရှိလာစေရန်အတွက် ဆောင်ရွက်ပေးရန်။
(၃)တိုင်ကြားမှုများကို တရားမျှတစွာ ဘက်လိုက်ခြင်းမရှိပဲ အချိန်နှင့်တစ်ပြေးညီ ကိုင်တွယ်ဖြေရှင်းပေးရန်နှင့် အကြမ်းဖက်မှုကျူးလွန်သူအား ပြစ်မှုပြစ်ဒဏ် ပေးခြင်းနှင့် အရေးယူမှုဖြစ်စဉ်များကို ပွင့်လင်း မြင်သာစွာ လုပ်ဆောင်ပေးရန်။
(၄)တိုင်ကြားရေးယန္တရားများ၊ ကော်မတီများတွင် အမျိုးသား၊ အမျိုးသမီး၊ လိင်စိတ် ခံယူမှုကွဲပြားသူများ၊ မသန်စွမ်းသူများအားလုံး ပါဝင်မှုရှိစေရေး အလေးပေးဆောင်ရွက် ပေးရန်။
(၅)ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာနှင့် ကျား၊မ အခြေပြုအကြမ်းဖက်မှုများဆိုင်ရာ အသိ ပညာပေးမှုများကိုအောက်ခြေမှစတင်ကာ ခေါင်းဆောင်များအထိသိရှိစေရန် အဆင့်ဆင့် လုပ်ဆောင်ရန်နှင့် စစ်သင်ရိုးညွှန်းတမ်းများ၊ သင်တန်းများတွင် ထည့်သွင်းပေးရန်။
(၆) အကြမ်းဖက်မှုကို ခံစားရသူများနှင့် မိသားစုဝင်များကိုဝန်ဆောင်မှုများပေးရာတွင် ရှင်သန်ကျန်ရစ် သူဗဟိုပြုချဉ်းကပ်နည်းနှင့် စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုများကို ထည့်သွင်း စဉ်းစားသည့် အစီအမံများ ချမှတ်ထားရန်။
(၇)မိမိတို့အစုအဖွဲ့အတွင်းတွင် မည့်သည့်အကြမ်းဖက်သည့် လုပ်ရပ်မျိုးကိုမဆို လုံးဝ လက်သင့်မခံရေးမူနှင့် အဆိုပါမူကို ကျင့်သုံးမှုများ ရှိစေရေး အလေးပေး ဆောင်ရွက်ရန် အချက်များပါဝင်သည်။
အဆိုပါတောင်းဆိုချက် ခုနစ်ချက်နှင့်ပတ်သက်၍ ဧရာဝတီတိုင်းမ် သတင်းဌာနမှ သတင်း ထောက် နိုင်း က M-WPS၏ အဖွဲ့မဟာမိတ်ညှိုနှိုင်းရေးမှုးတာဝန်ခံ မိဆောင်တဂျိုကို ဆက်သွယ်မေးမြန်းခဲ့သည်။
ဧရာဝတီတိုင်းမ်။ ။M-WPS က အမျိုးသမီးကဏ္ဍနဲ့ ပတ်သတ်ပြီး အခုလတ်တလောမှာ ဘယ်လိုလှုပ်ရှားမှုတွေဆောင်ရွက်နေလဲဆိုတာ ကိုရှင်းပြပေးလို့ရမလား။
မိဆောင်တဂျို။ ။M-WPS အနေနဲ့ တော်လှန်ရေးတပ်ဖွဲ့များအတွင်းရှိ အမျိုးသမီးများ၏ ရပ်တည်ချက်သဘောထားနဲ့ တိုက်တွန်းတောင်းဆိုချက်များကို သက်ဆိုင်ရာ တာဝန်ရှိသူများထံ ရောက်ရှိရန် စီစဉ်ဆောင်ရွက်ပေးပါတယ်။
ဧရာဝတီတိုင်းမ်။ ။အခုလို ပဋိပက္ခကာလအတွင်းမှာ စစ်ကောင်စီကို တော်လှန်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့ထဲက အမျိုးသမီးတွေအနေနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှု တွေ ကြုံနေရတယ်ပေါ့။ ဒီအရာတွေနဲ့ ပတ်သက်ပြီး M-WPS က တော်လှန်ရေးတပ်ဖွဲ့ အသီးသီးမှာရှိတဲ့ ခေါင်းဆောင်တွေကို တောင်းဆိုချက်ထုတ်ပြန်ထားတဲ့ အပေါ် ပြောပြပေးပါဦး။
မိဆောင်တဂျို။ ။ထုတ်ပြန်ချက်မှာ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို ထိရောက်စွာ တားဆီးကာကွယ်နိုင်ရေး ယန္တရားများ ပေါ်ထွက်လာရေး တောင်းဆိုချက် ခုနစ် ချက်ကို သဘောတူဆွေးနွေး တောင်းဆိုထားပါတယ်။
ဧရာဝတီတိုင်းမ်။ ။တော်လှန်ရေး တပ်ဖွဲ့ထဲကအမျိုးသမီးတွေက ဘယ်လို အကြမ်းဖက် မှုတွေကို အများဆုံး ကြုံတွေ့ခံစားနေရလဲဆိုတာ ပြောပြပေးလို့ရမလား။
မိဆောင်တဂျို။ ။တော်လှန်ရေး တပ်ဖွဲ့ထဲမှာရှိတဲ့ အမျိုးသမီးတွေက လိင်နှင့် ကျား၊မ အခြေပြု အကြမ်းဖက်မှုများ ဖြစ်ပေါ်နေတာရှိတယ်။ တိုင်ကြားအရေးယူနိုင်မှု ယန္တရား စနစ်ကျမှု အားနည်းနေတယ်လို့ အများဆုံး ပြောပြကြပါတယ်။
ဧရာဝတီတိုင်းမ်။ ။တော်လှန်ရေးတပ်ဖွဲ့ထဲက အမျိုးသမီးတွေဟာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတာတွေဟာ စိန်ခေါ်ချက် တစ်ခုပါလို့ M-WPS က ဆိုထားပါတယ်။ တောင်းဆိုမှု နည်းလမ်းတွေက အဲ့ဒီလိုပြဿနာတွေကို ဖြေရှင်းပေးနိုင်မယ်လို့ ယုံကြည်ထားပါသလား။ အခြား လုပ်ဆောင်သွားမယ့် အရာတွေကောရှိဦးမလား။
မိဆောင်တဂျို။ ။ အခုတောင်းဆိုချက် ခုနစ် ချက်ကို အကောင်အထည် ဖော်လာ နိုင်မယ်ဆိုရင် အခက်အခဲ စိန်ခေါ်ချက်တွေနဲ့ အကြမ်းဖက်မှုကို တားဆီးကာကွယ်နိုင် ရန်အတွက် ပိုမိုကောင်းမွန် စနစ်ကျတဲ့ ယန္တရားကို ရရှိလာမယ် ယုံကြည်ပါတယ်။
ဧရာဝတီတိုင်းမ်။ ။လက်ရှိ ပြည်သူက ရွေးချယ်ထားတယ်ဆိုတဲ့ အစိုးရ တစ်ရပ်ရဲ့ အောက်မှာ ဝန်ကြီးဌာနတွေရှိပေမယ့် ထိရောက်စွာ ကိုင်တွယ်ခြင်းမရှိတာနဲ့ နုတ်ဆိတ်နေ မှုတွေကို တွေ့နေရပါတယ်။ ထိရောက်မှုရှိစေဖို့ ဘယ်လိုများ လုပ်ဆောင်သွားဖို့ရှိမလဲ သိချင်ပါတယ်။
မိဆောင်တဂျို။ ။လက်ရှိ ပြည်သူကရွေးချယ်ထားတဲ့ အစိုးရအပါအဝင် ဝန်ကြီးဌာန တွေရော၊ တခြားတော်လှန်ရေး တပ်ဖွဲ့တွေနဲ့ အဖွဲ့အစည်းများအပါအဝင် တောင်းဆိုချက် ခုနစ် ချက်ထဲကမှ နံပါတ် (၃) အချက်ဖြစ်တဲ့ တိုင်ကြားမှုများကို တရားမျှတစွာ ဘက်လိုက်ခြင်းမရှိပဲ အချိန်နှင့်တစ်ပြေးညီ ကိုင်တွယ်ဖြေရှင်း ပေးရန်နဲ့ အကြမ်းဖက် မှုကျူးလွန်သူအား ပြစ်မှုပြစ်ဒဏ်ပေးခြင်းနှင့် အရေးယူမှုဖြစ်စဉ်များကို ပွင့်လင်း မြင်သာစွာ လုပ်ဆောင်ပေးရန် ဆိုပြီးတောင်းဆိုထားပါတယ်။
နောက် နံပါတ် (၇) မှာ မိမိတို့အစုအဖွဲ့အတွင်းတွင် မည့်သည့်အကြမ်းဖက်သည့် လုပ်ရပ်မျိုးကိုမဆို လုံးဝလက်သင့် မခံရေးမူနဲ့ အဲ့ဒီမူကို ကျင့်သုံးမှုများ ရှိစေရေး အလေး ပေးဆောင်ရွက်ရန်ဆိုပြီး တိကျပြတ်သားစွာ ဖော်ပြတောင်းဆိုထားပါတယ်။
ဧရာဝတီတိုင်းမ်။ ။ဆရာမအနေနဲ့ အခုလို ထိခိုက်ခံစားနေရတဲ့ နစ်နာနေတဲ့ အမျိုးသမီးတွေကို ဘာများ ပြောချင်ပါသလဲ။ အခြား ဖြည့်စွက်လိုတာများ ရှိရင်လည်း ဖြည့်စွက်ပေးပါဦး။
မိဆောင်တဂျို။ ။တောင်းဆိုချက် အမှတ် (၆) မှာ အကြမ်းဖက်မှုကို ခံစားရသူတွေနဲ့ မိသားစုဝင်တွေကို ဝန်ဆောင်မှုများပေးရာမှာ ရှင်သန်ကျန်ရစ်သူဗဟိုပြုချဉ်းကပ် နည်းနှင့်စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုများကို ထည့်သွင်း စဉ်းစားသည့် အစီအမံများ ချမှတ်ထားရန် ဆိုပြီးပါပါတယ်။ ဒါကြောင့် ကျွန်မသည်လည်း ထိခိုက်ခံစား နစ်နာသော အမျိုးသမီးများအတွက် တော်လှန်ရေး တပ်ဖွဲ့တွေမှာရှိတဲ့ အမျိုးသမီးတွေနဲ့အတူ ရပ်တည်ပြီး တောင်း ဆိုချက် အမှတ် (၇) အတိုင်း တာဝန်ထမ်းဆောင်သွားပါမယ်။
ဧရာဝတီတိုင်းမ်။ ။ကျေးဇူးတင်ပါတယ်။
ပုံစာ – M-WPS အဖွဲ့ မှ မဟာမိတ်ညှိုနှိုင်းရေးမှူးတာဝန်ခံမိဆောင်တဂျို
#အကြမ်းဖက်ကာကွယ်တားဆီး #အမျိုးသမီးတော်လှန်ရေးတပ်ဖွဲ့ဝင်များ #MWPS #အင်တာဗျူး #အမျိုးသမီးကဏ္ဍ #Ayeyarwaddy_Times