
ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ ဇွန် ၁၉ ရက်
တနင်္သာရီတိုင်း၊ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ၊ကလိန်အောင်မြို့ ၊ ယာဖူးကျေးရွာ အုပ်စုတွင် ယနေ့ ဇွန်လ ၁၉ ရက် မွန်းလွဲ ၁ နာရီခန့်တွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း ဒေသခံများ နှင့် တော်လှန်ရေးရဲဘော်များထံက သိရသည်။
ယနေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ဝန်းကျင်ခန့်တွင် မြိတ်ဘက်မှနေ၍ စစ်ကောင်စီ၏ K-8W ဂျက်ဖိုက်တာ တစ်စီး နှင့် Mi-2 ရဟတ်ယာဉ်တစ်စီး တက်လာကာ ကလိန်အောင် မြို့အနီးရှိ ရွာများကိုဗုံးကြဲသွားကြောင်း ဒေသခံများထံက သိရသည်။
“K-8W ဂျက်ဖိုက်တာနဲ့ မျောက်ချော ရွာဘက်ကို ဗုံးနှစ်လုံးကြဲချသွားတယ်။ ဘယ်နားမှာ ကျသလဲဆိုတာကိုတော့ မသိရသေးဘူး။ ၁၀ မိနစ်လောက်ဗုံးကြဲ ပြီး တာနဲ့ ဂျက်ဖိုက်တာ တစ်စီးပြန်သွားတယ်။ Mi-2 ရဟတ်ယာဥ်တစ်စီးကတော့ ပတ်ပြီးကြည့် နေတယ်”ဟု ယာဖူးရွာဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
မြိတ်လေတပ်မှ တက်လာ သော K8W ဂျက်ဖိုက်တာ နှင့် Mi2 ရဟတ်ယာဥ်တို့သည် ၁၀ မိနစ်ခန့်စီခြား၍ ကလိန်အောင်မြို့အနီးကို ရောက်ရှိလာခြင်းဖြစ်ကြောင်း မြို့ခံများထံက သိရသည်။
“ဂျက်ဖိုက်တာ နဲ့ ရဟတ်ယာဥ် နှစ်စီး ကလိန်အောင်မြို့ ကို ဖြတ်တာ တစ်စီး နဲ့ တစ်စီး ဆယ်မိနစ်ပဲ့ကွာတယ်”ဟု ကလိန်အောင်မြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ် ကိုပြောသည်။
ယာဖူးကျေးရွာ အုပ်စုတွင် ဖြစ်ပွဲဖြစ်ပွားနေစဉ် စစ်ကောင်စီ၏ ကလိန်အောင်အခြေစိုက် ခလရ -၂၈၂ တပ်ရင်းက လက်နက်ကြီးများဖြင့်ဆက် တိုက်ပစ်ကူပေးနေပြီး လက်ရှိအချိန်အထိ လက်နက်ကြီးနှင့် လက်နက်ငယ်သံများ ဆက်တိုက်ကြားနေရ ကြောင်း ဒေသခံများကဆိုသည်။
စစ်ကောင်စီတပ် စစ်ကြောင်းထိုးတိုက်ခိုက်နေသည့် မျောက်ချောရွာသည် အိမ်ခြေ ၁၀၀ ခန့်ရှိသည့် ရွာငယ်လေးဖြစ်ပြီး ယာဖူးရွာနှင့် ၁၀ မိုင်ခန့်အကွာတွင်တည်ရှိသည်။
စစ်ကောင်စီတပ်၏ ဗုံးကြဲမှုတွေကြောင့် အရပ်သားထိခိုက်မှု အခြေအနေအသေးစိတ်ကို ဧရာဝတီတိုင်းမ် အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
#ကလိန်အောင်မြို့ #ရာဖူးကျေးရွာအုပ်စု #တိုက်ပွဲဖြစ်ပွားခဲ့ #စစ်ကောင်စီတပ် #အနီးနားရှိရွာများ #ရဟတ်ယာဉ် #ဗုံးကြဲတိုက်ခိုက် #Ayeyarwaddy_Times