ဧရာဝတီ တိုင်းမ်
(ရေဖြူ) ၊ ဇွန် ၁၈ ရက်

တနင်္သာရီတိုင်း၊ ရေး – ထားဝယ် အမှတ် (၈)ပြည်ထောင်စု ကားလမ်းမကြီးတွင် ရေဖြူ အခြေစိုက် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့(PDF)များက နယ်မြေလုံခြုံရေးအတွက် စစ်ဆေးမှုများ ကြိုးပမ်းလုပ်ဆောင်နေကြောင်း သိရသည်။

ရေး – ထားဝယ် လမ်းပိုင်းကို နယ်မြေလုံခြုံရေးအတွက် ယမန်နေ့ ဇွန်လ ၁၇ ရက် နံနက် ၆ နာရီ ၃၀ မိနစ်မှ ၁၀ နာရီ ၃၀ မိနစ်အထိ ၄ နာရီခန့်အကြာ စောင့်ကြည့်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲဝင်များ၏ အသွားအလာနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်းသိရသည်။

“ကျွန်တော်တို့က အခုလောလောဆယ်နယ်မြေလုံခြုံရေးအရ စစ်ဆေးခြင်းကိုအဓိက ဆောင်ရွက်နေပါတယ်။ အမှတ် (၈) ဟိုင်းဝေးလမ်းမပေါ်မှာ စစ်ကောင်စီတပ်နှင့် ပတ်သက်တဲ့ အရာမှန်သမျှကို အဓိကဖြတ်တောက်ဖို့ ရည်ရွယ်ပြီး လုပ်ဆောင်နေတယ်” ဟု ကလိန်အောင်မြို့အခြေစိုက် ရွှေဘီလုံးပြည်သူ့ကာကွယ်ရေးတပ်မှ ပြောရေးဆို ခွင့်ရှိသူ ကိုသွေးနီ က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များ နယ်မြေလုံခြုံရေးအတွက် စစ်ဆေးနေစဥ် နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် စစ်ကောင်စီ၏ ခမရ-၄၀၈ တပ်ရင်းမှနေ၍ လက်နက်ကြီးဖြင့် လေး ကြိမ်တိုင် ရမ်းသန် းပစ်ခတ်မှုများလုပ်ဆောင်ခဲ့ပြီး ထိခိုက်မှုမရှိကြောင်း ဒေသခံများထံကသိရသည်။

ရေဖြူ အခြေစိုက် PDF ပူးပေါင်းတပ်ဖွဲ့များအနေဖြင့် နယ်မြေစိုးမိုးရေး လှုပ်ရှားမှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး အမှတ် (၈ ) ပြည်ထောင်စု လမ်းပိုင်းတွင် ပြေးဆွဲနေသည့် ယာဥ်မောင်းများအနေဖြင့် လိုအပ်၍လုံခြုံရေးအရ စစ်ဆေးမေးမြန်း ခြင်းကို ကြည်ဖြူစွာ လက်ခံပေးရန် ကာကွယ်တပ်ဖွဲ့ဝင်များက အသိပေးထားသည်။

“PDF တွေ လုံခြုံရေးအရ စစ်ဆေးတာကို ကျွန်တော်တို့ ကြည်ဖြူစွာခံယူပါမယ်။ စစ်ဆေးပြီး လွှတ်ပေးတာပဲလေ။ သူတို့စစ်ဆေးတာကလည်း ယဥ်ကျေးချိုသာစွာ ပြောဆိုပြီးမှစစ်ဆေးတာပါ။ ဒါပေမယ့် လမ်းခရီးသွားလာတဲ့အခါ အချိန်ကြန့်ကြာမှုတော့ နည်းနည်းရှိတာပေါ့။ ဒီလောက်တော့ ကျွန်တော်တို့ ဘက်က လိုက်လျောပေးရမယ်”ဟု ရေး – ထားဝယ် လမ်ပိုင်းတွင် မောင်းနှင်းပြေးဆွဲနေသည့် ခရီးသည်တင်ယာဥ်မောင်း တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ရေး – ထားဝယ် ပြည်ထောင်စုလမ်းမပေါ်တွင် သွားလာနေကြသည့် ယာဥ်မောင်းများနှင့် ခရီးသွားပြည်သူများအနေဖြင့် လုံခြုံရေးအရစစ်ဆေးမှုကို ပူးပေါင်းပါဝင်ပေးကြရန်နှင့် ပူးပေါင်းပါဝင်ပေးမှုအပေါ် ကျေးဇူးအထူးတင်ရှိကြောင်း ရေဖြူ အခြေစိုက် PDF ပူးပေါင်းတပ်များက ဆိုထားသည်။

ရေဖြူအခြေ စိုက် ပြည်သူ့ကာကွယ်ရေးတပ်များ နယ်မြေလုံခြုံရေးအရ စစ်ဆေးခဲ့သည့် နေရာနှင့် စစ်ကောင်စီတပ် အခြေစိုက်တပ်ရင်းများရှိသည့် ခမရ-၄၀၈ ၊ခမရ-၄၀၉ နှင့် ခမရ-၄၁၀ တပ်ရင်းတို့ရှိသည့် နေရာသည် ၆ မိုင်ခန့်သာ ကွာဝေးကြောင်း သိရသည်။

နယ်မြေလုံခြုံရေးအတွက် အဆိုပါ စစ်ဆေးမှုများကို မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များ ဖြစ်သည့် ကလိန်အောင်မြို့အခြေစိုက် ရွှေဘီလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (SBL) ၊ကော်သူလေးအာမီ(KTLA)၊ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) တို့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ပုံစာ- ယမန်နေ့ ဇွန်လ ၁၇ ရက်နေ့က ရေး -ထားဝယ် -ကားလမ်းမပေါ်တွင် စစ်ဆေးနေသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။
#ရေးထားဝယ် #အမှတ်၈ပြည်ထောင်စုကားလမ်း #ရေဖြူPDFပူးပေါင်းတပ်ဖွဲ့များ #နယ်မြေလုံခြုံရေး #စစ်ဆေးမှုများပြုလုပ် #Ayeyarwaddy_Times