ဧရာဝတီတိုင်းမ်
(ဒိုက်ဦး)၊ ဇွန် ၁၈ ရက်
မွန်ပြည်နယ်၊ ကျိုက်မရောထောင်မှ ပဲခူးတိုင်း၊ ဒိုက်ဦးထောင်သို့ ပြီးခဲ့သည့် ဇွန် ၁၅ ရက်နေ့တွင် ထောင်ပြောင်းရွှေ့မှုဖြစ်စဉ်ဖြင့် ရောက်ရှိလာသည့် နိုင်ငံရေး အကျဉ်းသူ ၄၀ ကျော်ကို ဒိုက်ဦးအာဏာပိုင်များမှ ဒဏ်ရာအပြင်းအထန်ရသည်အထိ ဥပဒေမဲ့ ရိုက်နှက်ခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသူများအဖွဲ့ထံက သိရသည်။
ဒိုက်ဦးထောင်သို့ ရောက်ရှိလာသည့် နိုင်ငံရေးအကျဉ်းသူများထံမှ ပါဝင်လာသည့် ပစ္စည်များကို ထောင်အာဏာပိုင်များက စစ်ဆေးရှာဖွေမှုများပြုလုပ်ခဲ့ပြီးဖုန်းနှင့် မူးယစ် ဆေးဝါးများပါလာသည်ဟု စွပ်စွဲကာအကျဉ်းသူများယူဆောင်လာသည့် အသုံး အဆောင်ပစ္စည်းများကိုလည်း သိမ်းယူခဲ့ကြောင်း သိရသည်။
“ကျိုက်မရောထောင်ကနေ ဒိုက်ဦးထောင်ကိုပို့လိုက်တဲ့အချိန်မှာ နိုင်ငံရေး အကျဉ်းသူ တွေကိုရှာဖွရေးအကြောင်းပြပြီး သူတို့အိတ်ထဲမှာ မူးယစ်ဆေးဝါးတွေ၊ ဖုန်းတွေ တွေ့တယ် အကြောင်းပြတယ်။ ပါလာတဲ့ပစ္စည်းတွကိုမပေးဘူး။ ဒါကိုအထဲမှာရှိတဲ့ နိုင်ငံရေး အကျဉ်းသူတွေကလည် ဒါမျိုးမလုပ်ဖို့တောင်းဆိုတယ်။ ဒါကို ထောင်ဝန်ထမ်း အမျိုးသား အင်အားအလုံးအရင်းနဲ့ ဝင်ရိုက်တာ ဝင်စီးတာမျိုး အထဲမှာပိတ် လှောင်ထားပြီး နိုင်ငံရေးအကျဉ်းသူတွေကို ရိုက်နှက်တယ်ဆိုတဲ့ အခြေအနေကို ကျူးလွန်ကြတယ်” ဟု WOPP အဖွဲ့အစည်း တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ထိုသို့သိမ်းယူခဲ့သည့် ပစ္စည်များကို အကျဉ်းသူများမှ ပြန်လည်ပေးဆောင်ရန် တောင်းဆို မှုများပြုလုပ်ခဲ့ရာ ထောင်အာဏာပိုင်များကဆဲဆိုကာ သေနတ်ပစ်ဖောက်ခြင်း၊ ရိုက်နှက်ခြင်း၊ ကျဉ်စက်အသုံးပြုခြင်းများ ပြုလုပ်ခဲ့သည်။
ထို့နောက် ထောင်ပြောင်းနိုင်ငံရေး အကျဉ်းသူ ၃၀ ကျော်နှင့် မူလဒိုက်ဦးအကျဉ်းထောင်မှ အကျဉ်းသူ ၅၀ ကျော် ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး ငါးဦးမှာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)၏ ထုတ်ပြန်ချက်အရ သိရသည်။
ယခုအခါ ရိုက်နှက်ခံထားရသည့် အကျဉ်းသူအမျိုးသမီးများကို တိုက်ပိတ်ထားကြောင်း သိရပြီး ရိုက်နှက်ခံရမှုကြောင့် အပြင်းအထန်ဒဏ်ရာရသူများကို ဒိုက်ဦးဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူနေကြောင်း သိရသည်။
ရိုက်နှက်မှုကို ဦးဆောင်ခဲ့ကြသည့် ထောင်ဝန်ထမ်းအရာရှိများမှာ ဦးစီးအရာရှိ ဦးကျော်ဇေယျ၊ ဦးမျိုးသီဟအောင် (အမျိုးသမီးများကို မိုက်ရိုင်းသည့် စကားလုံးများ ဖြင့်ဆဲဆိုရိုက်နှက်သူ)၊ ဦးမင်းဇော်သိန်း (အမျိုးသမီးများကို ဆဲဆိုရိုက်နှက်သူ)၊ ကိုလေးမြင့်(အဆောင်မှူး)တို့ဖြစ်ကြောင်းလည်း PPNM ၏ ထုတ်ပြန်ချက်အရ သိရသည်။
“အဲ့လိုကျူးလွန်တဲ့အပေါ် ကျွန်မတို့ မှတ်ချက်ပေးချင်တာက ဒီလိုမျိုးတစ်ထောင်နဲ့ တစ်ထောင် ပြောင်းမယ်ဆို ထောင်တိုင်းထောင်တိုင်းမှာ ရှာဖွရေးလုပ်တယ် ပေါ့နော်။ ကျိုက်မရောကနေ ဒိုက်ဦးကိုပို့မယ်ဆို ကျိုက်မရောမှာ ရှာဖွေရေးလုပ်တယ်။ ဘာမှမရှိဘူးဆိုမှ တခြားထောင်ကို ပို့တယ်။ ဒါကို ဒီလိုမျိုးတွေလုပ်ဆောင်တယ်။ ဒါကြောင့် မိတ်ဖက်အဖွဲ့အစည်းတွေ၊ အရန်အင်အားစုတွေ၊ နိုင်ငံခြားအဖွဲ့အစည်းတွေအနေနဲ့ စစ်ကောင်စီက နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူတွေကို ညှင်းပန်းနှိပ်စက်တာတွေကို ကြီးလေးတဲ့ပြစ်ဒဏ်ချမှတ် ပေးဖို့တောင်းဆိုချင်ပါတယ်” ဟု WOPP တာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် ဇွန် ၁၅ ရက်နေ့က ကျိုက်မရောထောင်မှ နိုင်ငံရေးအကျဉ်းသားများ အပါအဝင် အခြားအကျဉ်းသား ၁၆၀ ကို သာယာဝတီထောင်နှင့် ဒိုက်ဦးထောင်များသို့ ထောင်ပြောင်း ရွှေ့မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ဓာတ်ပုံ – အင်တာနက်
#ဒိုက်ဦးထောင် #နိုင်ငံရေးအကျဉ်းသူ #ရိုက်နှက်နှိပ်စက်ခံရ #ထောင်ပြောင်းရွှေ့ #Ayeyarwaddy_Times