နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇွန် ၁၈ ရက်

စစ်ကောင်စီက စစ်မှုထမ်း ဥပဒေဖြင့် အရွယ်ရောက်သူ အမျိုးသားများကို တပ်သားသစ် စုဆောင်းရာတွင် ပိုမိုခက်ခဲလာသောကြောင့် စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၅) တွင်ခေါ်ယူရန် သတင်းလွှင့်ထားသော အမျိုးသမီးများကို ယခုကတည်းက ကြိုတင်စာရင်း ကောက်ယူနေကြောင်း ဗမာ့ရေးရာနှင့် ပဋိပက္ခလေ့ လာရေးအဖွဲ့ (BACS)ထံက သိရသည်။

စစ်ရေးအပါအဝင် ဘက်ပေါင်းစုံ ရှုံးနိမ့်လာသည့် စစ်ခေါင်းဆောင်က ၎င်းတို့ တပ်သားအင်အား အရေးပေါ် လိုအပ်ချက်ကို ဖြည့်တင်းနိုင်ရေးအတွက် အသက်သွင်းလိုက်သော ပြည်သူ့စစ်မှုထမ်း ဥပဒေဖြင့် လူငယ်များအား တပ်သားသစ် စုဆောင်းခဲ့ရာ လက်ရှိတွင် အမှတ်စဉ် (၃)အထိ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

“အခုဆို အမှတ်စဉ် ၃ အတွက် လူစုဆောင်းနေတဲ့ အခြေအနေပေါ့။ ဒီအမှတ်စဉ် ၃ မှာဆိုရင် စစ်ကောင်စီအနေနဲ့ အရင်အမှတ်စဉ် ၂ ခုထက် ပိုပြီးခက်ခက်ခဲခဲ စုဆောင်းရတာမျိုး ပိုဖြစ်လာတယ်လို့ ပြောရမယ်။ စုဆောင်းလို့ရတဲ့ တချို့ကိုဆို သင်တန်း ဘယ်ဘယ်ရက်ဖွင့်မလဲ မသိရသေးပေမယ့် တပ်တွေထဲကို တခါတည်းပို့ပြီး ခေါ်ထားနေပြီ” ဟု BACS ပြောရေးဆိုခွင့်ရှိသူ ကိုမင်းထက်အောင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယခုအမှတ်စဉ် (၃) အတွက် စစ်သင်တန်းတက်ရောက်ရန် တပ်သားသစ်များကို ပြီးခဲ့သည့် မေလကုန်ကတည်းက ရသလောက် စုဆောင်း၍ ထွက်မပြေးနိုင်အောင် ပို့ထားပြီးဖြစ်ကာ လက်ရှိတွင် အမျိုးသားများကို စုဆောင်းရ ခက်လာသည့်အတွက် အမျိုးသမီးများပါ စုဆောင်းရန် ကြိုးစားလာကြောင်း သိရသည်။

“အမှတ်စဉ် ၅ မှာ အမျိုးသမီးတွေ ခေါ်သွားမယ်ဆိုပြီး စစ်ကောင်စီရဲ့ စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့က ပြောထားတာရှိတယ်။ နောက်ပြီး သူတို့ဖြန့်ဝေတဲ့ လက်ကမ်းစာဆောင်တွေမှာလည်း အမှတ်စဉ် ၅ မှာ အမျိုးသမီးတွေကို ခေါ်မယ်ဆိုပြီး ဖော်ပြထားတာမျိုးတွေ တွေ့ရတယ်။ ဒါကြောင့် အပတ်စဉ် ၅ မှာ အမျိုးသမီးတွေကိုခေါ်ဖို့ အခုကတည်းက ကြိုတင်ပြင်ဆင်တာမျိုးတွေ တွေ့လာရတယ်” ဟု BACS ပြောခွင့်ရ ကိုမင်းထက်အောင်က ဆိုသည်။

စစ်ကောင်စီက စစ်မှုထမ်း အမှတ်စဉ်တစ်ခုလျှင် ၁၂ ပတ်အကြာ စစ်သင်တန်းပေးမည်ဖြစ်ကာ ယခုဇွန်လကုန်တွင် အပတ်စဉ် (၁) သင်တန်းဆင်းမည်ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီက ထိုသို့ အမှတ်စဉ်အလိုက် ကောက်ယူထားသည့် အချက်အလက်များတွင် အမျိုးသမီးစာရင်းများ ပါရှိထားပြီးဖြစ်၍ လက်ရှိတွင်မူ ကျန်ရှိနေရာတချို့၌ စာရင်းကောက်ယူမှုနှင့် အတည်ပြုမှုများ လုပ်ဆောင်လာခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်အတွက် တပ်သားသစ် စုဆောင်းရာတွင် အခြေအနေ လေးခုရှိပြီး ယင်းတို့မှာ ရပ်ရွာများကိုဆင်းကာ ငွေပေး၍ဖြစ်စေ တနည်းနည်းဖြင့် စည်းရုံး၍ဖြစ်စေ အမြဲတမ်း စစ်မှုထမ်းရန်အတွက် ပုံမှန်တပ်သားသစ် စုဆောင်းခြင်း၊ ‌အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်၍ စုဆောင်းခြင်း၊ မဝင်မနေရ ဖိအားပေး၍ ပြည်သူ့စစ်အဖြစ် စုဆောင်းခြင်းနှင့် ပြည်သူ့စစ်မှုထမ်း ဥပဒေရ စုဆောင်းခြင်းတို့ဖြစ်ကြောင်း သိရသည်။

“ဒီအခြေအနေ လေးမျိုး စလုံးတော့ သင်တန်းကျောင်းတွေမှာ သင်တန်းတက်ရတာမျိုး ရှိပါတယ်။ အဲ့ဒီမှာ သင်တန်းသားတွေကို ရှေ့တန်းပို့တာဟာ ရှေ့က သုံး မျိုးပေါ့။ အမြဲတမ်း စစ်မှုထမ်းဖို့အတွက် စုဆောင်းခံရသူတွေနဲ့ ပြည်သူ့စစ်အတွက် စုဆောင်းခံရသူတွေ ဖြစ်နိုင်တယ်လို့ ကျွန်တော်တို့အနေနဲ့ ယူဆပါတယ်” ဟု BACS ပြောရေးဆိုခွင့်ရှိသူ ကိုမင်းထက်အောင်က ပြောသည်။

စစ်ကောင်စီသည် မည်သည့်နည်းလမ်းဖြင့်မဆို တပ်သားသစ် စုဆောင်းမှုများ ပြုလုပ်နေဦးမည်ဖြစ်ပြီး ၎င်းတို့ပြောသည့် စည်းမျဉ်း၊ သတ်မှတ်ချက်များမှာ ဝါဒဖြန့်ယုံ သက်သက်ပင်ဖြစ်ကြောင်း BACS ၏ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

စစ်ကောင်စီအနေဖြင့် ယခု မေလဆန်းမှစတင်၍ အမျိုးသားများကို ပြည်ပထွက် အလုပ်လုပ်ခွင့် ပိတ်ပင်ခဲ့ပြီး အမျိုးသမီးများကိုလည်း ပြည်ပထွက် အလုပ်လုပ်ခြင်းအပါအဝင် အခြားအကြောင်းအရာဖြင့်ပါ ကန့်သတ်ပိတ်ပင်မှုများ လုပ်ဆောင်လာနိုင်ကြောင်း ဗမာ့ရေးရာနှင့် ပဋိပက္ခလေ့ လာရေးအဖွဲ့ (BACS)ထံက သိရသည်။

စစ်မှုထမ်းရန် စုဆောင်းခံရသည့် လူငယ်များကို အဓိကပို့ဆောင်သော သင်တန်းကျောင်းများမှာ စစ်အခြေခံ လေ့ကျင့်ရေးတပ် (စခတ)များ၊ တပ်မတော်တန်းမြင့် သင်တန်းကျောင်း (တတက)များအပြင် အမှတ် (၁) အရာခံအကြပ်ကြီး သင်တန်းကျောင်း(ဗထူး) နှင့် တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံ (တကန-ဟိုပုံး)ကျောင်းတို့ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် အာဏာသိမ်း စစ်ကောင်စီသည် စစ်မှုထမ်း အမှတ်စဥ် (၂)အတွက် ပထအကြိမ် သင်တန်းကျောင်း ၁၅ ကျောင်းအနက်မှ ၁ဝ ကျောင်းအပါအဝင် သင်တန်းကျောင်းပေါင်း ၁၆ ကျောင်းကို တစ်နိုင်ငံလုံးတွင် ဖွင့်လှစ်ခဲ့ပြီး လူငယ် ၄၀၀၀ ခန့်ကို တပ်သားသစ် စုဆောင်းခဲ့သည်။

အဆိုပါ အရေအတွက်သည် ၎င်းတို့သတ်မှတ်သော လစဉ် ၅၀၀၀ ခေါ်ယူသွားမည်ဆိုသည့် ပမာဏထက် လျော့နည်းကျဆင်းခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – စစ်ကောင်စီ
ပုံစာ – စစ်မှုထမ်းဥပဒေအရ စစ်သင်တန်းတက်ရောက်ရန်အတွက် တပ်သားသစ်စု ဆောင်းခံထားရသူများ
#စစ်ကောင်စီ #စစ်မှုထမ်းဥပဒေ #စစ်မှုထမ်း #အမျိုးသားများစုဆောင်းရခက် #အမျိုးသမီးစာရင်း #ကြိုတင်ကောက်ယူနေ #Ayeyarwaddy_Times