နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇွန် ၁၈ ရက်

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆီမီးခုံမြို့တွင် တပ်စွဲကင်းစောင့်နေသည့် စစ်ကောင်စီ တပ်နှင့် ၎င်းတို့လက်အောက်ခံ ပျူစောထီးတို့ကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ ငါး ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရွှေဂျိုးဖြူ-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မြင်းခြံ)ထံက သိရသည်။

ဆီမီးခုံမြို့အရှေ့ဘက်ရှိ စစ်ကောင်စီ လက်အောက်ခံ ပျုစောထီးများ ကြီးစိုးထားသော ဆုံရွာတွင် ပြီးခဲ့သည့် ဇွန် ၁၄ ရက်၊ ညနေ ၄ နာရီခန့်က အဆိုပါပျူစောထီးများ ကင်းစောင့်နေသော ဇရပ်ပေါ်သို့ တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး နှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ရာ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် ကတော‌ရွာရှိ စစ်ကောင်စီတပ်များ တပ်စွဲထားသော တိုက်အိမ်ပေါ်နှင့် ဘုန်းကြီးကျောင်းဝင်းအတွင်းသို့လည်း ဇွန် ၁၅ ရက်၊ ညနေ ၄ နာရီခန့်တွင် ဒရုန်းဖြင့် ဗုံးသီးနှစ်လုံး တိုက်ခိုက်ကြဲချခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

“အင်တာနက် အခြေအနေနဲ့ ထိခိုက်မှုသတင်းကို စုံစမ်းနေလို့ အခုမှ ထုတ်ပြန်ဖြစ်တာပါ။ စစ်ကောင်စီ တပ်ဖွဲ့ဝင် တစ်ဦးကတော့ ဒဏ်ရာပြင်းထန်တယ်လို့ သိရတယ်။ အခု ကတောရွာမှာ စစ်ကောင်စီ အင်အား ထပ်တိုးထားပါတယ်” ဟု ရွှေဂျိုးဖြူ-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ဧရာဝတီတိုင်းမ်ကို ပြောသည်။

လက်ရှိတွင် ကတော‌ရွာအတွင်း ဆီမီးခုံမြို့မှလာသော စစ်ကြောင်းဖြင့် အင်အား ထပ်တိုးထားပြီး ဒေသခံများကို ရန်ပြုခြင်း မရှိသေးသော်လည်း ဗုံးသီးကြဲချခံရသည့် တိုက်အပေါ်ထပ်တွင် လက်နက်ကြီး တပ်ဆင်နေသည်ဟု သိရရှိကြောင်း ၎င်းက ဆက်လက်ပြောသည်။

အဆိုပါမစ်ရှင်များကို ရွှေဂျိုးဖြူ-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မြင်းခြံ)နှင့် Aung San’s Blood Civilian Defense Force (ABCDF) မဟာမိတ်ညီနောင်နှစ်ဖွဲ့မှ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး ဘေးကင်းလုံခြုံစွာ လုပ်ဆောင်နိုင်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ-ရွှေဂျိုးဖြူ-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မြင်းခြံ)

#ဆီမီးခုံမြို့ #စစ်ကောင်စီတပ် #ပျူစောထီး #ဒရုန်းဖြင့်တိုက်ခိုက် #၅ဦးဒဏ်ရာရ #Ayeyarwaddy_Times