မင်းမြတ်မောင်/ဧရာဝတီတိုင်းမ်
(ပုသိမ်)၊ ဩဂုတ်လ ၈ ရက်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ ဩဂုတ်လ ၈ ရက်နေ့ နေ့လည်ပိုင်းမှာ အမှတ် ၂ တံတားကျိုးတယ်ဆိုပြီး သတင်းတွေထွက်ပေါ်လာတာနဲ့ ပတ်သက်ပြီး သတင်းအမှားသာဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

သတင်းအမှားတင်တဲ့သူတွေဟာ ပုသိမ်တံတား အမှတ် (၂) ကျိုးပြီး လူထိခိုက်သေဆုံးမှုများနိုင်တာကြောင့် အရေးပေါ်ကူညီပေးဖို့လိုအပ်တယ်လို့ဖြန့်ဝေနေတာနဲ့ပတ်သက်ပြီး ဒါဟာ ရှစ်လေးလုံးအရေးတော်ပုံနေ့မှာ ပြည်သူတွေကို အာရုံလွှဲချင်တာကြောင့် သတင်းအမှားဖြန့်တာမျိုးဖြစ်လေ့မယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ ဘယ်တံတားမှမကျိုးဘူး သေချာအောင်သွားကြည့်ပြီးပါပြီ ရှစ်လေးလုံးနေ့ဆိုတော့ ဆန္ဒပြတဲ့သတင်းတွေ ဖုံးအောင် သတင်းအမှားဖြန့်တယ်လို့ ထင်တယ် ပြည်သူတွေကို စိတ်ဒုက္ခအမျိုးမျိုးပေးနေတာ တံတား ကျိုးတယ်ဆိုတဲ့သတင်းကတော့ လုံးဝအမှားပါ”လို့ ပုသိမ်မြို့ခံအမျိုးသားတဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ပုသိမ်မြိုမှာ ငဝန်မြစ်ကူးတံတား ၂ စင်းရှိပြီး တစင်းက တောင်ပေါ်ဘက်ကနေ သွားရတာဖြစ်ပြီး နောက်တစင်းက ပုသိမ်မြို့လည်ခေါင်ကနေ တဖက်ကမ်းကို ဖြတ်သန်းတည်ဆောက်ထားတာဖြစ်ပြီး ချောင်းသာနဲ့ ငွေဆောင်ကိုဆက်လက်သွားလာနိုင်သလို တံတား ၂ စင်းစလုံးက အကောင်းတိုင်းရှိတယ်လို့ ဆိုပါတယ်။

ပုသိမ်တံတားအမှတ် ၂ ကျိုးတယ်ဆိုတဲ့သတင်းမှာ အသုံးပြုထားတဲ့ဓါတ်ပုံဟာ ၂၀၁၉ ခုနှစ် အောက်တိုဘာ လ ၁ ရက်နေ့က ထိုင်ဝမ်နိုင်ငံမှာ တံတားကျိုးတဲ့ ဓါတ်ပုံကို ထည့်သွင်းအသုံးပြုပြီး သတင်းအမှားဖြန့်ဝေနေတာ ဖြစ်တယ်လို့ ဧရာဝတီတိုင်းမ်အနေနဲ့ စုံစမ်းသိရှိရပါတယ်။