ဟိန်းစံ/ဧရာဝတီတိုင်းမ်
သြဂုတ်လ ၈ ရက်

အာဏာသိမ်း စစ်ကောင်စီက ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှစ၍ မြန်မာနိုင်ငံအနောက်မြောက်ဒေသ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်း (မြောက်ပိုင်း) တို့ကို “အလောင်းမင်းတရား”ဟု အမည်ပေးထားသော ကြီးမားသောစစ်ဆင်ရေးကြီးတစ်ခု ဆင်နွှဲခဲ့သည်။

အဓိကရည်ရွယ်ချက်ကတော့ ၎င်းတို့အာဏာသိမ်းစစ်တပ်ကို ရရာလက်နက်ဖြင့် ခုခံတိုက်ခိုက်နေသည့် နယ်မြေအလိုက် အရပ်သားများဖြင့် ဖွဲ့စည်းထားသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – PDF များကို တိုက်ခိုက် ချေမှုန်း နှိမ်နင်းသွားရန်ဖြစ်သည်။

အာဏာသိမ်း စစ်ကောင်စီတပ်များမှာ PDF များကို တိုက်ခိုက်ရင်း စစ်ကြောင်းထိုးသည့်ကျေးရွာများကို မီးရှို့ခြင်း၊ ပစ္စည်းများလုယက်ဖျက်ဆီးခြင်းနှင့် ဒေသခံများကို သတ်ဖြတ်ခြင်းစသည့် လူမဆန်သည့် စစ်ရာဇဝတ်မှုများစွာ ကျူးလွန်ခဲ့ကြသည်။

အချိန်ကာလအားဖြင့် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်း (မြောက်ပိုင်း) အား နယ်မြေရှင်းလင်းရေးလုပ်ရင်း မီးရှို့ ဖျက်ဆီးခဲ့သည်မှာ ၁၀ လခန့် ကြာမြင့်ခဲ့ပြီဖြစ်ပြီး စစ်ကောင်စီတပ်၏ အကြမ်းဖက်မှုကြောင့် နေအိမ်ပေါင်း ထောင်သောင်းချီ၍ ပြာကျပျက်စီးခဲ့ပြီ ဖြစ်သည်။

စစ်ကိုင်းတိုင်းအတွင်း မီးရှို့ခံထားရသည့် မြင်ကွင်းများ

မဟာဗျူဟာနှင့် မူဝါဒဆိုင်ရာ လေ့လာရေးအဖွဲ့ (ISP -Myanmar) ၏ ဇွန်လ ၂ ရက်နေ့ ထုတ်ပြန်ချက် အရ စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုများကြောင့် မီးလောင်ပြာကျ ပျက်စီးခဲ့ရသည့် အရပ်သား နေအိမ်၊ အဆောက်အအုံမှာ စစ်ကိုင်းတိုင်းအတွင်း ၁၅၀၀၀ ကျော်နှင့် မကွေးတိုင်းအတွင်း ၄၈၀၀ ကျော် ရှိခဲ့ကြောင်း သိရသည်။

ယခုနှစ် မေလတစ်လအတွင်းမှာပင် စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်းမှ နေအိမ် ၅၀၀၀ ကျော်နှင့် မကွေးတိုင်းမှ နေအိမ် ၂၀၀၀ ကျော် မီးရှို့ဖျက်ဆီးခဲ့သည်ဟု ISP – Myanmar က ဆိုသည်။

“မီးရှို့တာတွေကတော့ သူတို့အထိနာတိုင်းရှို့တယ်။ တခါတလေ ဘာမှမဟုတ်လဲ၊ တိုက်ပွဲမရှိလဲ မီးတိုက်တယ်။ တိုက်ပွဲရှိတယ်ဆိုရင် ပိုဆိုးတာပေါ့။ အင်တာနက်လိုင်းတွေဖြတ်ပြီး စိတ်ကြိုက်ကို ရှို့တယ်။ ပြီးခဲ့တဲ့လထဲမှာကိုဘဲ ရွာ ၁၀ ရွာကို မီးရှို့ဖျက်ဆီးသွားတယ်”ဟု စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှ ဒေသခံ အမျိုးသားတဦးက ဧရာဝတီတိုင်းမ်ကို ပြောပြသည်။

အာဏာသိမ်းစစ်တပ်၏ “အလောင်းမင်းတရား”စစ်ဆင်ရေးအတွင်း စစ်ကိုင်းတိုင်းရှိ မြို့နယ် ၃၇ မြို့နယ်အနက် မြို့နယ် ၂၆ ခုက ရွာအများအပြားမီးရှို့ခံခဲ့ရပြီး မကွေးတိုင်းအတွင်းမှ ဆော၊ ဂန့်ဂေါ၊ ထီးလင်း၊ ပေါက်၊ မြိုင်၊ ပခုက္ကူ၊ ဆိပ်ဖြူ စသည့်မြို့ နယ်များမှလည်း ကျေးရွာအများအပြား မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ဒေသတွင်း သတင်းဖော်ပြမှုမှတ်တမ်းများအရ သိရသည်။

စစ်တပ်၏နယ်မြေရှင်းလင်းရေးလုပ်ဆောင်မှုနှင့် အကြမ်းဖက်သတ်ဖြတ် မီးရှို့ဖျက်ဆီးမှုများကြောင့် မြန်မာနိုင်ငံ အနောက်မြောက်ဒေသရှိ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်း၊ ယောနယ်မှ ဒေသခံ သိန်းနှင့်ချီ၍ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရသည်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးရုံး – UNOCHA က ပြီးခဲ့သည့် မေလ ၆ ရက်နေ့က ထုတ်ပြန်ခဲ့သည့်စာရင်းအရ စစ်အာဏာသိမ်းပြီးနောက် စစ်တပ်၏အကြမ်းဖက် မီးရှို့သတ်ဖြတ်မှုကြောင့် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းအတွင်းရှိ စစ်ဘေးရှောင်ဒုက္ခသည် ၂ သိန်း ၉ သောင်းကျော်အထိ ရှိနေကြောင်း သိရသည်။

စစ်ကိုင်းတိုင်းနှင့်မကွေးတိုင်းတွင် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် အောက်တိုဘာလအထိ စစ်ဘေးရှောင် ဒုက္ခသည် ၂ သောင်း ဝန်းကျင်သာရှိခဲ့သော်လည်း စစ်တပ်က “အလောင်းမင်းတရားစစ်ဆင်ရေး”ဖြင့် နယ်မြေရှင်းလင်းရေး ပြုလုပ်ပြီးနောက်ပိုင်း စစ်ဘေးရှောင်ဦးရေ ၃ သိန်းဝန်းကျင်အထိ တိုးမြင့်လာခဲ့ကြောင်း UNOCHA Myanmar ၏စာရင်းက ဆိုသည်။ အချိန် ၈ လအတွင်း စစ်ကိုင်းနှင့်မကွေးတွင် စစ်ဘေးရှောင် အရေအတွက် ယခင်ထက် ၁၅ ဆခန့် မြင့်တက်လာခြင်း ဖြစ်သည်။

”သူတို့ (စစ်ကောင်စီတပ်) တခါတခါ စစ်ကြောင်းထိုးလာပြီဆို သေနတ်တွေပစ်ဖောက်၊ တခါတလေ ရွာပြင်ကနေ လက်နက်ကြီးနဲ့ပစ်၊ ရွာကိုတောင်၊ မြောက် အဲ့ဒီလို ၂ ကြောင်းခွဲပြီးဝင်တယ်။ ရွာကလူတွေက စစ်တပ်က လူတွေကို ဘယ်လိုသတ်ဖြတ်နေတယ်ဆိုတာ သိနေတော့ ပြေးကြတော့တာပေါ့။ မပြေးရင် အသက်ဘေးက မသေချာဘူး။ မထင်ရင်မထင်သလို သတ်ဖြတ်နေတာ၊ မပြေးရင် သေဖို့များတယ်။ ရွာထဲဝင်လာပြီဆိုရင်လည်း ယူချင်တာတွေယူ၊ လုပ်ချင်သလိုတွေလုပ်ပြီး ပြန်ထွက်ခါနီးမီးရှို့၊ ဒီလိုတွေ လုပ်သွားတာ။ ပြန်လို့ရတောင် ပြန်စရာအိမ်မရှိတော့တဲ့သူတွေ အများကြီး”ဟု စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှ ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပြသည်။

ISP -Myanmar ၏ ထုတ်ပြန်ချက်များအရ စစ်အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းနှင့်မကွေးတိုင်းအတွင်း အရပ်သား သေဆုံးမှု ရာနှင့်ချီရှိခဲ့ပြီး ယခုနှစ် မေလ ၁ ရက်မှ ၁၅ ရက်အထိ ၁၅ ရက်အတွင်းမှာပင် စစ်ကိုင်းတိုင်းအတွင်း၌ စစ်ကောင်စီက အရပ်သား ၃၈ ဦးအထိ သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်များသည် ထိုးစစ်ဆင်ရင်း အရပ်သားများကို လူမဆန်စွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည့်ဖြစ်စဉ်များလည်း စစ်ကိုင်းနှင့် မကွေးတိုင်းအတွင်း ကျူးလွန်ခဲ့ကြသည်ဟု ဒေသခံများက ပြောဆိုသည်။

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့က ဆားလင်းကြီးမြို့နယ်၊ ဒုန်းတောရွာဒေသခံ ၁၁ ဦးကို စစ်ကောင်စီတပ်က လက်ပြန်ကြိုးတုတ်ကာ အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခဲ့သည်။

ဒုန်းတောရွာဒေသခံ ၁၁ ဦး လက်ပြန်ကြိုးတုတ်ကာ အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခံခဲ့ရသည့် တည်နေရာ

နောက်ထပ်ဖြစ်ရပ်တစ်ခုမှာ ပြီးခဲ့သည့် မေလ ၁၀ ရက်နေ့က ရေဦးမြို့နယ်၊ မုံတိုင်ပင်ကျေးရွာမှ ဒေသခံ ၃၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး ၂၆ ဦးကို တစုတဝေးတည်း သတ် ဖြတ်၍ အလောင်းဖျောက်ဖျက်မီးရှို့ခဲ့ခြင်း ဖြစ်သည်။

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် မုန်တိုင်ပင်ရွာသားများအား လက်ပြန်ကြိုးတုပ်ပြီး ဖမ်းဆီးထားခဲ့သည့် ဘုန်းတော်ကြီးကျောင်းဝင်းထဲမှ သစ်သားကျောင်းဆောင်ကို ၂၀၂၂ ခုနှစ် ဇွန်လအတွင်း ရိုက်ကူးထားသည့်ပုံ။

ထို့ပြင် စစ်ကောင်စီတပ်များက ရေစကြိုမြို့နယ်အတွင်းမှ ကိုယ်ဝန်ဆောင် CDM ဆရာမ ၁ ဦးအပါအဝင် CDM ဝန်ထမ်း ၄ ဦးနှင့် PDF ရဲဘော် ၁ ဦးတို့ကို အပိုင်းပိုင်းခုတ်ထစ်၍ အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

အပိုင်းပိုင်းခုတ်ထစ်၍ အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခံရသူများ

အာဏာသိမ်း စစ်ကောင်စီ၏ပြောခွင့်ရပုဂ္ဂိုလ် ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ အဆိုပါ ကျေးရွာမီးရှို့မှုများနှင့် အရပ်သားများကို သတ်ဖြတ်မှုများကို ၎င်းတို့ စစ်တပ်မှ ကျူးလွန်ခြင်းမရှိကြောင်း ပြည်ပ အခြေစိုက် သတင်းမီဒီယာများကို သြဂုတ်လဆန်းပိုင်းက ဖြေကြားထားသည်။

ဒေသခံများကတော့ ဗိုလ်ချုပ် ဇော်မင်းထွန်းမှာ ဗြောင်လိမ်နေခြင်းဖြစ်ပြီး အာဏာသိမ်း စစ်တပ်က ကျေးရွာများကို မီးရှိ့ ဖျက်ဆီး လုယက်ခြင်းများနှင့် ဒေသခံများကို သတ်ဖြတ်ခဲ့သည့် သက်သေ အထောက်အထားများစွာ ရှိသည်ဟု ဆိုသည်။

လူမဆန်တဲ့ စစ်ရာဇဝတ်မှုတွေကို ဘယ်သူတွေ တာဝန်ခံရမလဲ

စစ်ကိုင်းတိုင်း၊ မကွေးတိုင်း(မြောက်ပိုင်း)နှင့် ချင်းပြည်နယ်တို့သည် စစ်ကောင်စီတပ်၏ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ၏ ကွပ်ကဲမှုနယ်မြေတွင်ပါဝင်သော ဒေသများဖြစ်သည်။

နမခ ၏ စစ်တိုင်းမှူးရုံးသည် စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ အလုံတပ်မြို့၊ မုံရွာ-ရေဦးလမ်းမပေါ်တွင်တည်ရှိသည်။ နမခသည် စစ်ကောင်စီတပ်၏စစ်တိုင်း ၁၄ တိုင်းတွင် နယ်မြေဧရိယာအရကြီးမားကျယ်ပြန့်သည့် တိုင်းစစ်ဌာနချုပ်တစ်ခုလည်း ဖြစ်သည်။

စစ်ကောင်စီတပ်၏ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) နှင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) ၂ ခုတို့ကို စစ်ကောင်စီ၏နေပြည်တော်ရှိ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)ရှိ အမှတ် ၁ စစ်ဆင်ရေးအထူးအဖွဲ့(ကစထ – ၁) က ကွပ်ကဲသည်။

စစ်ကောင်စီတပ်၏ ကွပ်ကဲအမိန့်ပေးမှုလုပ်ငန်းစဉ်များအရ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်း၌ ပြုလုပ်ခဲ့သည့် “အလောင်းမင်းတရား”စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်များ ကျူးလွန်ခဲ့ကြသည့် နေအိမ် ၂ သောင်းနီးပါး မီးရှို့ဖျက်ဆီးမှု၊ အရပ်သားများကို လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ ဒေသခံ ၃ သိန်းခန့် နေရပ်စွန့်ခွာ ထွက်ပြေးရမှုများအတွက် အဓိကတာဝန်ရှိသူများမှာ အာဏာသိမ်း စစ်ခေါင်းဆောင်များအပါအဝင် နမခကို ကွပ်ကဲသည့် စစ်ဆင်ရေးအထူးအဖွဲ့မှူး (ကစထမှူး)၊ နမခ စစ်တိုင်းမှူး၊ စစ်ကိုင်းနှင့်မကွေးတိုင်းအတွင်း မြေပြင်၌ အမိန့်ပေးသတ်ဖြတ်နေသော တိုက်ခိုက်ရေးတပ်မမှူးများဖြစ်သည်ဟု တပ်မတော်အရာရှိဟောင်း များက ပြောဆိုသည်။

ထို့ကြောင့် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းရှိ အလွန်တရာ ရက်စက်ကြမ်းကြုတ်သော စစ်ရာဇဝတ်မှုများအတွက် အဓိကတာဝန်ရှိသူများကို နာမည်အတိအကျဆိုရလျှင် အာဏာသိမ်း စစ်ခေါင်းဆောင် ကာချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒု-ကာချုပ် ဒု-ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း/ရေ/လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ပြည်ထဲရေး ဒုဝန်ကြီး၊ ရဲချုပ်နှင့် ကစထ – ၆ မှူးလုပ်ခဲ့သူ ဒု-ဗိုလ်ချုပ်ကြီးဟောင်း သန်းလှိုင်၊ လေတပ်ကာချုပ်ဟောင်း ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ လက်ရှိ လေတပ်ချုပ် ဗိုလ်ချုပ်ကြီး အောင်ထွန်းတို့တွင် တာဝန်ရှိသည်။

ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး

ထို့ပြင် လက်ရှိ အမှတ် – ၁ စစ်ဆင်ရေးအထူးအဖွဲ့မှူး (ကစထ – ၁ မှူး) ဒု ဗိုလ်ချုပ်ကြီး တေဇကျော်၊ နမခ တိုင်းမှူးဟောင်း (လက်ရှိ နယ်စပ်ရေးရာ ဒုဝန်ကြီး) ဗိုလ်မှူးချုပ် ဖြိုးသန့်၊ လက်ရှိ နမခ စစ်တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက် တို့သည် ညွှန်ကြားကွပ်ကဲရေးပိုင်းတွင် အဓိကတာဝန်ရှိသူများဖြစ်သည်။

လက်ရှိမြေပြင်တွင် လက်တွေ့စစ်ကြောင်းထိုး ရွာမီးရှို့၊ သတ်ဖြတ်မှုများတွင် အနီးကပ်ပါဝင်သည်မှာ စစ်ကိုင်းနှင့် မကွေးအတွင်း ရောက်ရှိနေသည့် တိုက်ခိုက်ရေးတပ်မများ၏တပ်မမှူးများဖြစ်သည်။

ဧရာဝတီတိုင်းမ်သတင်းဌာန၏ စုံစမ်းမှုများအရ အလောင်းမင်းတရားစစ်ဆင်ရေးစတင်စဉ်က ထိုးစစ်ဆင်ခဲ့သည့်တပ်မများအပါအဝင် လက်ရှိအချိန်အထိ ပါဝင်နေသည့် တပ်မများမှာ နယ်မြေခံတပ်မများ ဖြစ်သည့် စစ်ကိုင်းမြို့အခြေစိုက် အမှတ် ၃၃ ခြေမြန် တပ်မဌာနချုပ် (တပ်မ- ၃၃)၊ ပခုက္ကူမြို့အခြေစိုက် တပ်မ – ၁၀၁၊ ကလေးမြို့အခြေစိုက် အမှတ် ၁၀ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ – ၁၀) တို့ ဖြစ်သည်။

ထို့ပြင် ဒေသကွပ်ကဲမှု စစ်ဌာနချုပ် – ဒကစ (ကလေး)၊ လက်ရှိ စစ်ကိုင်း(အထက်ပိုင်း)တွင် ထိုးစစ်ဆင်နေသည့် မကွေးအခြေစိုက် တပ်မ – ၈၈၊ ကချင်ပြည်နယ်၊ မိုးကောင်းမြို့အခြေစိုက် စကခ – ၃ နှင့် စစ်ကိုင်း(အောက်ပိုင်း) တွင် ထိုးစစ်ဆင်နေသည့် ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်အခြေစိုက် စကခ ၄ စသည့် တပ်မများလည်း ပါဝင်သည်။

ဧရာဝတီတိုင်းမ်သတင်းဌာနအနေဖြင့် စုံစမ်းသိရှိရသည့် အဆိုပါ တပ်မများ၏ တပ်မမှူးများမှာ တပ်မ – ၃၃ တပ်မမှူး ဗိုလ်မှူးချုပ် ဝင်းကျော်သူ၊ တပ်မ – ၁၀၁ တပ်မမှူး ဗိုလ်မှူးချုပ် မျိုးဆက်အောင်၊ စကခ – ၁၀ တပ်မမှူး ဗိုလ်မှူးချုပ် စိုးလှိုင်၊ ဒကစ (ကလေး) ဒကစမှူး ဗိုလ်မှူးချုပ် သန့်ဇင်ဦး၊ တပ်မ – ၈၈ တပ်မမှူး ဗိုလ်မှူးချုပ် ကျော်လင်း၊ စကခ – ၃ တပ်မမှူး ဗိုလ်မှူးချုပ် ခွန်အောင်သွင်၊ စကခ – ၄ တပ်မမှူး ဗိုလ်မှူးချုပ် ကြည်သိုက် တို့ဖြစ်သည်။

ဒေသကွပ်ကဲမှုစစ်ဌာနချုပ်-ကလေး ဒကစမှူး ဗိုလ်မှူးချုပ် သန့်ဇင်ဦး

၎င်းတို့အားလုံးသည် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းမှ စစ်ရာဇဝတ်မှုများအတွက် အပြည့်အဝတာဝန် ရှိသည်ဟု စစ်ရေးလေ့လာစောင့်ကြည့်သူများက ပြောဆိုသည်။

”စစ်ကိုင်းတိုင်းနဲ့မကွေးတိုင်းထဲက အနိဌာရုံတွေကတော့ အားလုံမြင်တွေ့နေရတာဘဲ။ တရက် တရက် မီးရှို့မခံရတဲ့၊ အသတ်မခံရတဲ့နေ့မှ မရှိတာ။ ဒီစစ်ရာဇဝတ်မှုတွေအတွက် ဒီလူတွေမှာအပြည့်အဝ တာ ဝန်ရှိတယ်။ သူတို့လက်ထက်မှာလုပ်ခဲ့တဲ့ဟာတွေအတွက် သူတို့တာဝန်ယူရမှာဖြစ်တယ်။ လက်ရှိ တာ ဝန်ထမ်းဆဲရော နားသွားတဲ့သူတွေရော အားလုံးပါမှာ ဖြစ်တယ်။ ဥပဒေအရ စစ်ခုံရုံးနဲ့ စစ်ဆေးသင့်တယ်။ ရခိုင်မြောက်ပိုင်းဖြစ်စဉ်တွေတုန်းက ဒု-တပ်ချုပ်၊ ကစထမှူး၊ တိုင်းမှူး၊ တပ်မမှူးတွေကို အခုလက်ရှိ အာဂျင်တီးနားနိုင်ငံတရားရုံးမှာ တရားစွဲထားတဲ့ပုံစံမျိုး သီးခြားကို အပြစ်ပေးအရေးယူရမှာ ဖြစ်တယ်”ဟု တပ်မတော်အရာရှိဟောင်းတဦးက ပြောဆိုသည်။

အလောင်းမင်းတရား” စစ်ဆင်ရေး ဘယ်လိုစတင်ခဲ့သလဲ

အလုပ်သင်တေဇ အပတ်စဉ် ၂၃ ဆင်းဗိုလ်မှူးချုပ် ဖြိုးသန့်သည် စစ်ကောင်စီတပ်၏ ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ ဖူးကြီးရွာအခြေစိုက် အမှတ် ၄ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၄) တပ်မမှူး ဖြစ်သည်။ စစ်တပ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလတွင် အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) တိုင်းမှူးအဖြစ် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ခန့်အပ်ခဲ့သည်။

စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းမှ ပြည်သူများသည် အကြမ်းမဖက် ငြိမ်းချမ်းစွာဆန္ဒပြမှုကို ရက်စက်စွာ သတ်ဖြတ်ဖြိုခွင်းသော အာဏာသိမ်းစစ်တပ်ကို ၂၀၂၁ ခုနှစ်၊ မေလကစတင်၍ ရရာလက်နက်ဖြင့် ခုခံတော်လှန် တိုက်ခိုက်ခဲ့ကြသည်။ ယင်းလက်နက်ကိုင်တော်လှန်မှုကို နမခ စစ်တိုင်းမှူးဖြစ်သည့် ဗိုလ်မှူးချုပ်ဖြိုးသန့်က ကနဦး ကိုင်တွယ်နှိမ်နင်းခဲ့သည်။

ဗိုလ်မှူးချုပ် ဖြိုးသန့် ကိုင်တွယ်နေစဉ်မှာပင် ဒေသခံ PDF တပ်များက စစ်ကောင်စီ ယာဉ်တန်းများကို မိုင်းဆွဲ တိုက်ခိုက်ခြင်း၊ စစ်တပ်ပိုင် Mytel တာဝါတိုင်များကို ဖြိုလှဲဖျက်ဆီးခြင်းများ ဆက်တိုက်ဖြစ်ပေါ်နေသဖြင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဗိုလ်မှူးချုပ် ဖြိုးသန့်ကို ကိုင်တွယ်မှု ညံ့ဖျင်းသည်ဟု ယူဆခဲ့သည်။

ထို့ကြောင့် အာဏာသိမ်း စစ်ခေါင်းဆောင်က ပြည်ထဲရေး ဒုဝန်ကြီး၊ မြန်မာနိုင်ငံ ရဲချုပ်နှင့် ကစထ – ၆ မှူး တာဝန်ယူထားသူ ဒု ဗိုလ်ချုပ်ကြီး သန်းလှိုင်နှင့် ကစထ ၁ မှူး တာဝန်ယူထားသူ ဒု ဗိုလ်ချုပ်ကြီး တေဇကျော်တို့ကို PDF များကို အပြီးတိုင်နှိမ်နင်းရန် မုံရွာမြို့ရှိ နမခသို့ စေလွှတ်ခဲ့သည်။

ဒု-ဗိုလ်ချုပ်ကြီး တေဇကျော်သည် စစ်အာဏာမသိမ်းပြီးမီက ဗိုလ်ချုပ်ရာထူးဖြင့် ပုသိမ်မြို့အခြေစိုက် အနောက်တောင်တိုင်း စစ်ဌာနချုပ် (နတခ) တွင် စစ်တိုင်းမှူး တာဝန်ယူခဲ့ပြီး NLD အရပ်သားအစိုးရ လက်ထက်တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) စစ်တိုင်းမှူးအဖြစ် နှစ်အတန်ကြာ တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ နောက်ပိုင်းတွင် ဒု-ဗိုလ်ချုပ်ကြီး အဖြစ် ရာထူးတိုးခဲ့ပြီးနောက် နေပြည်တော်ရှိ စစ်ရုံးချုပ်၌ ကစထ – ၁ မှူးအဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ – NUG က ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၇ ရက်နေ့တွင် D-Day ကြေညာကာ နိုင်ငံအနှံ့ ခုခံတော်လှန်စစ်များ စတင်ပြီဟု ထုတ်ပြန်ခဲ့ပြီးနောက် စစ်ကောင်စီကလည်း နမခ ကွပ်ကဲမှုအောက်ရှိ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ချင်းပြည်နယ်တို့တွင် “အနော်ရထာ”နှင့် “အလောင်းမင်းတရား”ဟူသော စစ်ဆင်ရေးကြီး ၂ ခုကို စတင်ခဲ့သည်။

စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတွင် “အလောင်းမင်းတရား” စစ်ဆင်ရေးကို စတင်ခဲ့သလို ချင်းပြည်နယ်တွင် “အနော်ရတာ”စစ်ဆင်ရေးကို ဆင်နွှဲခဲ့သည်။ အဆိုပါ စစ်ဆင်ရေး ၂ ခုကို ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင် (ကစထ – ၆) နှင့် ဒုတိယ ဗိုလ်ချုပ်ကြီး တေဇကျော် (ကစထ – ၁) တို့က အဓိက စီမံကွပ်ကဲခဲ့ကြသည်။

”မုံရွာမြို့ပေါ်အပါအဝင် စစ်ကိုင်းနဲ့မကွေးမှာ တိုက်ခိုက်ခံနေရတာ များလာတာနဲ့ စစ်ကိုင်းနဲ့ မကွေးကို မထိန်းနိုင်ရင် ချင်းပြည်နယ်ကို လက်လွှတ်ရဖို့ များနေတယ်။ တိုင်းမှူးဖြစ်တာ လပိုင်းလောက်ဘဲရှိသေးတဲ့ ဖြိုးသန့်ကလည်း နည်းနည်းပျော့တော့ မာမာချာချာရှိမယ့် ဒုဗိုလ်ချုပ်ကြီး ၂ ယောက်ကို လွှတ်တာ”ဟု နမခ စစ်တိုင်းအတွင်း တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် CDM ပြုလုပ်လာသူ စစ်ကောင်စီတပ်ဖွဲ့ဝင် တပ်ကြပ်ကြီး တဦးက ရှင်းပြသည်။

စစ်ကောင်စီက “အလောင်းမင်းတရား”စစ်ဆင်ရေးကို ခန့်မှန်းခြေ စစ်သည်အင်အား ၃၀၀၀ နှင့် ၅၀၀၀ ကြားဖြင့် ပြုလုပ်ခဲ့ပြီး စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်း၊ ယောဒေသ၌ ကျေးရွာများကို မီးရှို့ခြင်း၊ ပြည်သူတို့၏ နေအိမ်များကို လုယက် ဖျက်ဆီးခြင်း၊ အရပ်သားများကို ထင်သလို သတ်ဖြတ်ခြင်း၊ အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်ခြင်း စသော စစ်ရာဇဝတ်မှုများကို ကျူးလွန်ခဲ့ကြသည်။

ကစထ ၁ မှူး တာဝန်သည် မုံရွာမြို့ အခြေစိုက် အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နမခ) နှင့် မြစ်ကြီးနားမြို့အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) ၂ ခုကို တာဝန်ယူကွပ်ကဲရသည့် ကြီးမားသော စစ်ဘက်ရာထူးဖြစ်သည်။

ထို့ကြောင့် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းရှိ ရက်စက်ကြမ်းကြုတ်သော စစ်ရာဇဝတ်မှုများနှင့် ပတ်သတ်လျှင် အာဏာသိမ်း စစ်ခေါင်းဆောင် ၂ ဦး၏နောက်တွင် ကစထ ၁ မှူးဖြစ်သူ ဒု ဗိုလ်ချုပ်ကြီးတေဇကျော်က အဓိကတာဝန်ရှိသူဖြစ်သည်ဟု စစ်ဘက်ဆိုင်ရာ သတင်းရင်းမြစ်များက ပြောဆိုသည်။

ဒု ဗိုလ်ချုပ်ကြီး တေဇကျော်နှင့်အတူ ပူးတွဲ တတိယနေရာက တာဝန်ရှိသူက ဒု ဗိုလ်ချုပ်ကြီးဟောင်း သန်းလှိုင် ဖြစ်သည်။ သန်းလှိုင်သည် ကစထ ၆ မှူး ဖြစ်သော်လည်း မုံရွာမြို့အခြေစိုက် နမခတွင် ၂၀၁၅ ခုနှစ်မှ ၂၀၁၇ ခုနှစ်ထိ ၃ နှစ်ကြာ စစ်တိုင်းမှူးတာဝန်ယူခဲ့သူ ဖြစ်သည်။ ထို့ကြောင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က နယ်မြေကျွမ်းကျင်သည်ဟုယူဆကာ “အလောင်းမင်းတရား”စစ်ဆင်ရေးတွင် ၎င်းအား ကိုင်တွယ်စေခဲ့ပြီး အနီးကပ်ကြီးကြပ်ကွပ်ကဲ စေခဲ့သည်။

သတင်းဆောင်းပါးအစတွင် ဖော်ပြခဲ့သည့် ဆားလင်းကြီးမြို့နယ်၊ ဒုန်းတောရွာမှ အရပ်သား ၁၁ ဦးကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ်မှုဖြစ်စဉ်သည် ဒု-ဗိုလ်ချုပ်ကြီး သန်းလှိုင် တာဝန်ယူကွပ်ကဲစဉ်အချိန်က ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

”အဲ့ဒီတုန်းက ရွာထဲကိုဝင်လာတော့ ရွာထိပ်မှာမိတဲ့လူတွေကို စုပြီးဖမ်းထားတယ်။ မျက်နှာတွေကို စည်းထားပြီး ဒူးထောက်ခိုင်းထားတယ်။ ရက်ရက်စက်စက်နှိပ်စက်ပြီးမှ မီးရှို့သတ်သွားတာ။ သူတို့ထွက်သွားတော့ ဘယ်ဟာက ဘယ်သူ့အလောင်းဆိုတာတောင် မမှတ်မိဘူး၊ မီးကျွမ်းထားတာ” ဟု ဆားလင်းကြီးမြို့နယ်မှ ဒေသခံအမျိုးသမီးတဦးက ပြောသည်။

စစ်ကောင်စီက ဒု ဗိုလ်ချုပ်ကြီး ၂ ဦးကို တာဝန်ယူကြီးကြပ်စေကာ ဆင်နွှဲခဲ့သော အလောင်းမင်းတရားနှင့် အနော်ရထာ စစ်ဆင်ရေးကို ဒေသခံ PDF တပ်များက နည်းမျိုးစုံဖြင့် ကြံ့ကြံ့ခံ ခုခံခဲ့ကြသဖြင့် စစ်ကောင်စီတပ်သည် ကျေးရွာများကို လုယက်ဖျက်ဆီး၊ ရွာများကိုမီးရှို့၊ အရပ်သားများကို သတ်ဖြတ်ခြင်းသာ အများဆုံး ဆောင်ရွက်ခဲ့ကြပြီး နယ်မြေခံ PDF များကို အပြီးတိုင် ချေမှုန်းနိုင်ခြင်း မရှိခဲ့ပေ။

လူဟောင်းဖြုတ်၊ လူသစ်အစားထိုးပြီး အကြမ်းဖက်မှုများကို အရှိန်မြှင့်ခဲ့

“အလောင်းမင်းတရား”နှင့် “အနော်ရထာ”စစ်ဆင်ရေး ဆင်နွှဲနေစဉ် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်နေ့တွင် လေတပ် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်ကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရာထူးမှ ဖြုတ်ချခဲ့ပြီး ၎င်းနေရာတွင် ဗိုလ်ချုပ်ကြီး အောင်ထွန်းကို လေတပ်ကာချုပ်အသစ်အဖြစ် အစားထိုး ခန့်အပ်ခဲ့သည်။

ထို့ပြင် စစ်ခေါင်းဆောင်က ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့တွင် နမခစစ်တိုင်းမှူး ဗိုလ်မှူးချုပ် ဖြိုးသန့်ကို PDF များကို နှိမ်နင်းရာ၌ ကိုင်တွယ်ပုံပျော့ညံ့သည့်အချက်ဖြင့် စစ်ဘက်ရာထူးမှ ဖြုတ်၍ နယ်စပ်ရေးရာဌာန ဒုဝန်ကြီးအဖြစ် အရပ်ဘက်တာဝန်သို့ ပြောင်းလဲ ခန့်အပ်ခဲ့သည်။

နမခတိုင်းမှူး ဗိုလ်မှူးချုပ် ဖြိုးသန့်ကို အရပ်ဘက်ဝန်ကြီးဌာနသို့ နေရာရွှေ့ပြောင်းပြီးနောက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က နမခ စစ်တိုင်းမှူးရာထူးကို စစ်ကိုင်းတိုင်း၊ ကလေးမြို့အခြေစိုက် အမှတ် ၁၀ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်(စကခ – ၁၀) တပ်မမှူး ဗိုလ်မှူးချုပ် သန်းထိုက်အား ခန့်အပ်ခဲ့သည်။

လက်ရှိအနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက်

ယင်းကာလအလွန် ၂၀၂၂ နှစ် ဖေဖော်ဝါရီလတွင် အလောင်းမင်းတရားစစ်ဆင်ရေး ဦးစီးကွပ်ကဲခဲ့သူ ဒု ဗိုလ်ချုပ်ကြီး သန်းလှိုင်ကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စစ်ဘက်ရာထူး ကစထ – ၆ မှူးတာဝန်မှ ဖြုတ်ပစ်ခဲ့ပြီး နောက်ပိုင်းတွင် ၎င်း၏ရဲချုပ်ရာထူးနှင့် ပြည်ထဲရေး ဒုဝန်ကြီးရာထူးများအားလုံးကိုပါ ဖြုတ်ပစ်ခဲ့သည်။

”သူတို့(စစ်ခေါင်းဆောင်)တွေက ရှေ့မှာကမ်းကုန်အောင်မိုက်ပြမယ့်သူတွေ ထိုးထည့်လိုက်တယ်။ ပြည်သူလူထုကို ရက်ရက် စက်စက် သတ်ဖြတ်ပြပြီး အကြောက်တရားဝင်လာအောင် လုပ်တယ်။ ၃ လ၊
၄ လလောက်လုပ်လို့ပြီးသွားပြီဆိုရင် လူမသိသူမသိပြောင်းရင်ပြောင်း၊ မပြောင်းရင် အနားပေးပြီး သူတို့ဘာမှမလုပ်ခဲ့သလိုနဲ့ နေခိုင်းထားတယ်။ နောက်ထပ် မိုက်ပြမယ့်ဗိုလ်ချုပ်တယောက် အစားထိုးလိုက်တယ်။ အခု သူတို့ရက်ရက်စက်စက် ရွာမီးရှို့တာတွေ၊ သတ်ဖြတ်တာတွေလုပ်တဲ့ ဖြစ်စဉ်တွေကိုတော့ သူတို့တာဝန်ယူကိုယူရလိမ့်မယ်”ဟု CDM တပ်မတော်သား ဗိုလ်ကြီး ခန့်ကိုက ပြောသည်။

စစ်ကိုင်းနှင့် မကွေးရှိ PDF များကို ထိရောက်စွာ မနှိမ်နင်းနိုင်ခြင်းနှင့် ကိုင်တွယ်ပုံပျော့ညံ့ခြင်းဟူသော အချက်များကြောင့် ဒု ဗိုလ်ချုပ်ကြီး သန်းလှိုင်နှင့် နမခ စစ်တိုင်းမှူး ဗိုလ်မှူးချုပ် ဖြိုးသန့်တို့ စစ်ဘက်ရာထူးများမှ အဖြုတ်ခံခဲ့ရသည့်ကိစ္စက စစ်ကိုင်းနှင့် မကွေးကို ပိုမိုဆိုးရွားစွာ မီးလောင်တိုက်သွင်းရန် တွန်းအားပေးမှု ဖြစ်လာစေခဲ့သည်။

”နမခရဲ့ နယ်မြေစစ်ဆင်ရေးတွေမှာ စစ်ကောင်စီတပ်ဘက်က အထိနာ၊ အများအပြားသေဆုံးတာနဲ့ ပတ်သက်ပြီး မင်းအောင်လှိုင်က မောင်မောင်ကျော်၊ သန်းလှိုင်၊ ဖြိုးသန့်တို့ကိုဖြုတ်ပြလိုက်တော့ နောက်ရောက်တဲ့သူတွေက သူတို့လိုပျော့ရင်အဖြုတ်ခံရနိုင်တယ်ဆိုတာမျိုးနဲ့ သူတို့ထက်ပိုပြီး မိုက်ပြ၊ ရှို့ပြ၊ လူသတ်ပြအောင် အဲဒီလိုမျိုး ပုံဖော်လာတာ”ဟု တပ်မတော်သား CDM ဗိုလ်ကြီးတစ်ဦးက ရှင်းပြသည်။

လေတပ်ကာချုပ် ဗိုလ်ချုပ်ကြီး အောင်ထွန်း၊ ကစထ – ၁ မှူး ဒု ဗိုလ်ချုပ်ကြီး တေဇကျော်၊ နမခ စစ်တိုင်းမှူးသစ် ဗိုလ်မှူးချုပ် သန်းထိုက်တို့ အပါအဝင် တပ်မမှူး၊ တပ်ရင်းမှူးများသည် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းအတွင်း “အလောင်းမင်းတရား”စစ်ဆင်ရေးကို ဆက်လက်ကွပ်ကဲ ဆင်နွှဲနေပြီး အရပ်သားများကို အကြမ်းဖက် ဖမ်းဆီးသတ်ဖြတ်ခြင်း၊ လုယက်ခြင်း၊ ကျေးရွာများကို မီးလောင်တိုက်သွင်းမှုများ ဆက်လက် ကျူးလွန်နေဆဲ ဖြစ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ – NUG အနေဖြင့် အာဏာသိမ်း စစ်ကောင်စီက ၎င်းတို့တာဝန်ယူစဉ်ကာလ အတွင်း ကျူးလွန်ခဲ့သည့်စစ်ရာဇဝတ်မှုများကို ပြည်တွင်းဥပဒေသာမက နိုင်ငံတကာ ဥပဒေများဖြင့်ပါ အရေးယူ တရားစွဲဆိုသွားမည်ဟု NUG ၏ တရားရေးဌာနက ပြောသည်။

“ကျနော်တို့အရေးယူမယ့်အပိုင်းက ၂ ပိုင်းပေါ့နော်။ ပြည်တွင်းဥပဒေနဲ့ နိုင်ငံတကာဥပဒေ ၂ ပိုင်းနဲ့ တရားစွဲဖို့ ရှိတယ်။ အချက်အလက်ကလည်း ကျနော်တို့ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဌာနမှာ စုဆောင်းထားပြီးသား ရှိတယ်။ ဒီလူပုဂ္ဂိုလ်တဦးကို ၂ ခါတရားစွဲ ဆိုခွင့်မရှိဘူးဆိုတဲ့ ကန့်သတ်ချက်တွေရှိနေတာတွေလည်း ရှိတယ်ပေါ့နော်။ အဓိကက ဒီစစ်ခေါင်းဆောင်တွေကို လက်ဝယ်ဖမ်းဆီးရမိရေးပေါ့။ တရားစွဲဆိုမှုနဲ့ အပြစ်ပေး အရေးယူမယ့်အပိုင်းက ကျနော်တို့ဘက်က အားလုံးပြင်ဆင်ထားပြီးသား ဖြစ်ပါတယ်”ဟု NUG တရားရေးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က ပြောဆိုသည်။