ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၇ ရက်

 

ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းအလုပ်သမားများကို တရားဝင်အလုပ်လုပ်ကိုင်ခွင့် ပန်းရောင်ကတ် (အလုပ်သမားကတ်) ပြုလုပ်ပေးမည့် အစီအစဉ်ကို ယမန်နေ့ အောက်တိုဘာ ၁၆ ရက်နေ့တွင် ရက်အကန့်အသတ်မရှိ ယာယီရွှေ့ဆိုင်းလိုက်ကြောင်း ထိုင်းအစိုးရက ကြေညာခဲ့သည်။

 

ထိုင်းအလုပ်သမားရေးဝန်ကြီးဌာနသည် ပြီးခဲ့သည့်အောက်တိုဘာ ၁၅ ရက်နေ့ကပင် ပန်းရောင်ကတ် ပြုလုပ်ပေးခြင်းကို စတင်ခွင့်ပြုခဲ့သော်လည်း တစ်ရက်အကြာမှာပင် နယ်စပ်ဒေသလုံခြုံရေး အခြေ အနေများကြောင့်ဟုဆိုကာ ရက်ရွှေ့ဆိုင်းခဲ့ခြင်းဖြစ်သည်။

 

ယခုကဲ့သို့ စီမံချက်ရုတ်တရက် ရပ်ဆိုင်းလိုက်ခြင်းကြောင့် ပန်းရောင်ကတ် ပြုလုပ်ရန် ဘတ် ၆,၀၀၀ မှ ၁၀,၀၀၀ ဝန်းကျင် ကြိုတင်ပေးချေ စောင့်ဆိုင်းနေသည့် ထိုင်းရောက် မြန်မာလုပ်သားများစွာမှာ အခက်အခဲများစွာကြုံတွေ့နေရပြီး ဘတ်သန်းနှင့်ချီ၍ ငွေကြေးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရသည်။

ထိုင်းနိုင်ငံ၏ ရွှေ့ပြောင်းအလုပ်သမားသမိုင်းတွင် တရားဝင်ခွင့်ပြုချက် စာထုတ်ပြန်ပြီးနောက်မှ ယခုကဲ့သို့ ရုတ်တရက် ပိတ်သိမ်းလိုက်ခြင်းမှာ လုံးဝ မရှိခဲ့ဖူးသည့် ပထမဆုံး အကြိမ် ဖြစ်ကြောင်း အလုပ်သမားအရေးဆောင်ရွက်သူများက ထောက်ပြသည်။

 

“ဒီလိုမျိုး စာထုတ်ပြန်ပြီးနောက် ရုတ်တရက်ပိတ်လိုက်တာမျိုးက ထိုင်းနိုင်ငံရဲ့သမိုင်းမှာ လုံးဝမရှိဘူး။ ပန်းရောင်ဘတ်လူသစ်တွေအတွက် ထိုင်းအစိုးရဘက်က တရားဝင်ခွင့်ပြုချက်ကျပြီးမှ ရုတ်တရက် ပိတ်ပစ်တာ ဒါပထမဆုံးပဲ။ အဲ့ဒါအရမ်းထူးခြားတယ်” ဟု အေအေစီကိုရဲမင်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

စာမွတ်ဆာခွန်ခရိုင်တွင် ယမန်နေ့ကလည်း ပွဲစားပြဿနာကြောင့် မြန်မာရွှေ့ပြောင်းလုပ်သား ၁၃၀ ကျော်မှာ တရားမဝင်နေထိုင်မှုဖြင့် ဖမ်းဆီးခြင်းခံခဲ့ရသည်။ ၎င်းတို့သည် ထိုင်းနိုင်ငံအရောက် တစ်ဦးလျှင် သိန်း ၈၀ ဝန်းကျင် ပေးဆောင်ကာ တရားမဝင် ဝင်ရောက်လာခဲ့ရပြီး တရားဝင်အလုပ်လုပ်ခွင့် ပန်းရောင်ကတ်ရရန် စောင့်ဆိုင်းနေသူများဖြစ်သည်။

ပန်းရောင်ကတ်ပြုလုပ်ခွင့် အစီအစဉ် ပြန်လည်စတင်မည့်ရက်ကို ထပ်မံကြေညာပေးမည်ဟု ထိုင်းအစိုးရကပြောဆိုထားသော်လည်း အဆိုပါပြန်လည်စတင်မည့်လုပ်ငန်းစဉ်မှာ လနှင့်ချီကြာ မြင့်နိုင်ပြီး ထိုင်းနိုင်ငံရေးအခြေအနေအရ လွှတ်တော်ကိုဖျက်သိမ်းကာ အသစ်ပြန်လည် စတင်ရန်ရှိနေသည့်အတွက် ပန်းရောင်ကတ်ပြုလုပ်ခွင့်ပြန်လည်ရရှိရန် အလှမ်းဝေးနေသေးကြောင်း သိရသည်။

 

“မြန်မာဘက်ကများ နယ်စပ်ပြဿနာတွေ အကြောင်းပြုပြီးတော့များ ထိုင်းကို ဖိအားပေးတာလား၊ တခုခုပြောတာမျိုးကြောင့် ရုတ်တရက် ဒီလိုပိတ်လိုက်တာလားဆိုပြီးတော့လည်း ကိုရဲမင်းတို့ သုံးသပ်မိတယ်” ဟု ၎င်းက ဆိုသည်

 

“မြန်မာဘက်ကများ တစ်ခုခု နယ်စပ်ပြသနာအကြောင်းပြုပြီး နယ်စပ်တံတားတွေပိတ်ထားတာ၊ နယ်စပ်လမ်းကြောင်းတွေ ပိတ်ထားတာတွေနဲ့များ ထိုင်းကိုဖိအားပေးတာလား။ တစ်ခုခုပြောတာမျိုး ကြောင့် ရုတ်တရက်ဒီလိုပိတ်လိုက်တာလား ဆိုပြီးတော့လည်း ကျွန်တော်တို့လိုအလုပ်သမားအရေး လုပ်ဆောင်နေတဲ့သူတွေ သုံးသပ်မိတယ်” ဟု အေအေစီကိုရဲမင်းက ဆက်လက်ပြောကြားသည်။

 

စစ်ကော်မရှင်ဘက်ကလည်း နိုင်ငံအတွင်းမှ လူငယ်အများအပြားထွက်ခွာခြင်းကို ရသည့် နည်းလမ်းဖြင့် ပိတ်ပင်နေပြီး စစ်မှုထမ်းတပ်သားသစ်များကိုလည်း အသည်းအသန်စုဆောင်းနေသည့်အတွက် ယခု ကဲ့သို့ ထိုင်းနိုင်ငံတွင် ပန်းရောင်ကတ်ပြုလုပ်ခွင့်ရုတ်တရက်ပိတ်သိမ်းခြင်း၊ ကျန်ရှိနေသည့် အလုပ်လုပ် ခွင့်ဗီဇာ သက်တမ်းတိုးခွင့် ရပ်ဆိုင်းထားခြင်းများမှာ စစ်ကော်မရှင်နှင့် သက်ဆိုင်နေ‌နိုင်ကြောင်းလည်း အလုပ်သမားအရေးဆောင်ရွက်သူများက သုံးသပ်ပြောဆိုကြသည်။

 

ဓာတ်ပုံ – လူမှုကွန်ရက်