ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၇ ရက်

 

ထိုင်းနိုင်ငံ၊ စာမွတ်ဆာခွန်ခရိုင်၊ မဟာချိုင်တွင် တရားမဝင်နေထိုင်ကာ ထိုင်းအစိုးရမှ တရားဝင်ထုတ် ပေးမည့် အလုပ်လုပ်ခွင့်ပန်းရောင်ကတ်ကို ရရှိရန် စောင့်ဆိုင်းနေသည့် မြန်မာအလုပ်သမား ၁၃၁ ဦးသည် ယမန်နေ့ အောက်တိုဘာ ၁၆ ရက်နေ့ ညနေပိုင်းက ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

 

ဖမ်းဆီးခံခဲ့ရသည့် မြန်မာလုပ်သားများမှာ မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံအထိလာသည့်စရိတ်အပြင် တရားဝင်အလုပ်လုပ်ခွင့် ပန်းရောင်ဘတ်(အလုပ်သမားကတ်) အပါအဝင် တစ်ဦးလျှင် သိန်း ၈၀ ဝန်းကျင်ပေးဆောင်ခဲ့ရပြီး ကြားခံပွဲစားအချင်းချင်း ပြသနာဖြစ်မှုများကြောင့် ထိုင်းလူဝင်မှုကြီးကြပ်ရေး ထံ တိုင်ကြားခံခဲ့ရကာ ယခုကဲ့သို့ ဖမ်းဆီးခံရခြင်း ဖြစ်သည်။

 

“ဒီအလုပ်သမား ၁၃၁ ဦးက ပန်းရောင်ဘတ်လုပ်ဖို့အတွက် စောင့်နေတာ။ ပွဲစား တစ်ယောက်က တန်းလျားတစ်ခုမှာ ခိုးပြီးတော့ထားထားတာ။ သူတို့အချင်းချင်းခွက်စောင်းခုတ် (ရန်ဖြစ်)ပြီး တိုင်လို့ နေရာအတိအကျနဲ့လာဖမ်းတာ” ဟု ‌MHAC မဟာမိတ်အဖွဲ့မှ အေအေစီကိုရဲမင်းက ဧရာဝတီတိုင်းမ် ကိုပြောသည်။

ထိုင်းအလုပ်သမားရေးဝန်ကြီးဌာသည် တရားမဝင်ရွှေ့ပြောင်းအလုပ်သမားများကို အောက်တိုဘာ ၁၅ ရက်နေ့တွင် တရား ဝင်ပန်းရောင်ကတ် ပြုလုပ်ပေးမည်ဟုကြေညာခဲ့သော်လည်း ၁၆ ရက်နေ့တွင် ရက်ရွှေ့ဆိုင်းကြောင်း ကြေညာခဲ့အပြီး ညနေပိုင်းတွင် မြန်မာအချင်းချင်း တိုင်ကြားခံရမှုကြောင့် အလုပ်သမားများ ဖမ်းဆီးခံရခြင်းဖြစ်သည်။

 

ဖမ်းဆီးခံရသည့်မြန်မာအလုပ်သမား ၁၃၁ ဦးသည် ပန်းရောင်ကတ်ပြုလုပ်ရန်ပွဲစားမှ တစ်ဆင့် ချိတ်ဆက် ထားသော်လည်း ထိုင်းအလုပ်သမားဝန်ကြီးဌာန အမှတ်တံဆိပ်ပါသည့် စာရွက်စာတမ်းများ ရရှိထားခြင်းမရှိသည့်အတွက် သက်ဆိုင်ရာလုပ်ထုံးလုပ်နည်းများအတိုင်း အချုပ်ကျခံရပြီးပါက မြန်မာနိုင်ငံသို့ ပြန်ပို့ခံရမည် ဖြစ်ကြောင်းလည်း သိရသည်။

 

“ထိုင်းအစိုးရအလုပ်သမားဝန်ကြီးဌာနရဲ့ အမှတ်တံဆိပ်မပါတဲ့ စာရွက်စာတမ်းမှန်သမျှ တရားမဝင်ဘူး။ အလုပ်သမားတစ်ယောက်အတွက်” ဟု အေအေစီကိုရဲမင်းက ဆက်လက်ပြောကြားသည်။

 

ထိုင်းအစိုးရသည် နယ်စပ်အခြေအနေများကြောင့်ဟုဆိုကာ ၎င်းတို့တရားဝင်ထုတ်ပြန်ခဲ့သည့် ရွှေ့ပြောင်းအလုပ်သမားများအတွက် တရားဝင်အလုပ်သမားကတ်ပြုလုပ်ခွင့်ကို ယမန်နေ့ကပင် ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းကြောင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

 

ဓာတ်ပုံ – အေအေစီကိုရဲမင်း