
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၈ ရက်
ရန်ကုန်တိုင်း၊ ဒလမြို့နယ်အတွင်း၊ မြေအောက်အနက် ၇ ကီလိုမီတာ (၄ မိုင်ကျော်) ကို ဗဟိုပြုပြီး ယမန်နေ့ အောက်တိုဘာ ၁၇ ရက်နေ့ ည ၁၁ နာရီ ၉ မိနစ်ခန့်က ရစ်ချ်တာစကေး ၃.၉ အဆင့် ငလျင်လှုပ်ခတ်ခဲ့သည်။ အဆိုပါ ငလျင်လှုပ်ခတ်မှုနှင့် ပတ်သက်၍ အမျိူးသားညီညွတ်ရေးအစိုးရ (NUG) ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM) က ထုတ်ပြန်ခဲ့သည်။
အဆိုပါ ငလျင်သည် ပြင်းအား နည်းသော်လည်း အနက်တိမ် ငလျင်ဖြစ်သည့်အတွက် ရန်ကုန်တစ်မြို့လုံးနီးပါးရှိ ပြည်သူများ သိသိသာသာ ခံစားခဲ့ရပြီး ထိတ်လန့်ခဲ့ကြကြောင်း သိရသည်။
“ပထမတစ်ချက်လှုပ်တုန်းက သိပ်မသိသာဘူး။ နောက်တစ်ခါလှုပ်တော့ အိမ်က ယိမ်းထိုးနေတာ။ အဲ့တော့မှ ငလျင်လှုပ်တာဆိုပြီး အိမ်ပြင် ပြေးထွက်ကြတာ”ဟု သန်လျင်မြို့နေ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ငလျင်လှုပ်ခတ်မှုကို လှိုင်၊ ကမာရွတ်၊ စမ်းချောင်း၊ တောင်ဥက္ကလာပ၊ သန်လျင်၊ တွံတေး စသည့် မြို့နယ်များအပါအဝင် ရန်ကုန်တစ်မြို့လုံးနီးပါးမှ ခံစားခဲ့ရကြောင်း လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားဖော်ပြမှုများ တွေ့ရှိရသည်။
“အစက မိုးခြိမ်းတယ်ပဲ ထင်တာ၊ ဒုန်းဆိုပြီးတော့ စောင့်တွန်းလိုက်သလိုမျိုးပြီးမှ စလှုပ်တာ၊ နေရာတော်တော်များများက ငလျင်လှုပ်တာ သိကြတယ်” ဟု စမ်းချောင်းမြို့နယ်ရှိ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အမျိုးသားညီညွတ်ရေးအစိုးရ MOHADM အနေဖြင့် ငလျင်ပြင်းအား ၄ နှင့်အထက်ကိုသာ သတင်းထုတ်ပြန်သော်လည်း အနက်တိမ်ငလျင်ဖြစ်သည့်အတွက် အများပြည်သူ သိရှိနိုင်ရန် ထုတ်ပြန်ခြင်း ဖြစ်သည်ဟု အသိပေးထားသည်။
ဓာတ်ပုံ-MOHADM ၊ လူမှုကွန်ရက်
ပုံစာ-ရန်ကုန်မြို့တွင် ငလျင် လှုပ်ခပ်ပြီးနောက် အထပ်မြင့် တိုက်ခန်းတွင် နေထိုင်သူများ လမ်းပေါ် ထွက်လာသည်ကို တွေ့ရစဉ်။