ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၈ ရက်

အာရက္ခတပ်တော် (AA) က မကွေးတိုင်းအတွင်းရှိ နတ်ရေကန်ဗျူဟာကုန်း တိုက်ပွဲများအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင်အချို့ကို လက်ရဖမ်းဆီးရရှိခဲ့သည့်အပြင် အလံဖြူထောင်ကာ အလင်းဝင် ရောက်လာသည့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များလည်း ဆက်တိုက်ရှိနေကြောင်း ယမန်နေ့ အောက်တိုဘာ ၁၇ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာသည်။

AA အနေဖြင့် နတ်ရေကန်ဗျူဟာကုန်းရှိ အနည်းငယ်သော လက်ကျန်နေရာများ ကို ထိုးစစ်ဆင် တိုက်ခိုက်နေပြီး ကစဉ့်ကလျား ထွက်ပြေးနေကြသော စစ်ကော်မရှင် တပ်ဖွဲ့ဝင်အချို့နှင့်လည်း ၎င်းတို့ ရောက်ရှိရာ နေရာအချို့တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။

စစ်ကော်မရှင်တပ်သည် အဆိုပါဗျူဟာကုန်းမကျဆုံးရေးအတွက် လေကြောင်းပစ်ကူနှင့် စစ်ကူများ အဆက်မပြတ် ပေးနေသည့်ကြားမှပင် AA တပ်ဖွဲ့ဝင်များ၏ အကောင်းဆုံး တုံ့ပြန်ခံစစ်များနှင့်အတူ ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယမန်နေ့ အောက်တိုဘာလ ၁၇ ရက်နေ့က တိုက်ပွဲဖြစ်ပွားနေသည့် အချို့နေရာများတွင် စစ်ကော်မရှင် တပ်ဖွဲ့ဝင်အချို့သည် AA ထံသို့ အလံဖြူထောင်ကာ လက်နက်ချ အလင်းဝင်ရောက် လာခဲ့ကြပြီး အချို့ကို မူ တိုက်ပွဲအတွင်း လက်ရဖမ်းဆီးရမိခဲ့ ကြောင်း AA က အတည်ပြုသည်။

AA အနေဖြင့် ၎င်းတို့ထံသို့ အလင်းဝင်ရောက်လာခဲ့ကြသောသူတိုင်းကို စစ်သုံ့ပန်း ဥပဒေနှင့်အညီ ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ပေးထားလျက်ရှိကြောင်း ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ကတိပြု ထားသည်။

ထို့ကြောင့် စစ်ကော်မရှင်၏ မတရားသဖြင့် စစ်မှုထမ်းရန် စုဆောင်းခြင်းခံရသူများအနေဖြင့် အာရက္ခ တပ်တော် (AA) နှင့် အနီးဆုံးနေရာများသို့ ဆက်သွယ်၍ အချိန်မရွေး လက်နက်ချ အလင်းဝင်ရောက် နိုင်ပါကြောင်း AA က အသိပေး နှိုးဆော်ထားသည်။

ဓာတ်ပုံ – AA Info Desk
ပုံစာ- အောက်တိုဘာ ၁၇ ရက်နေ့တွင် AA က ဖမ်းဆီရမိသူများနှင့် အလင်းဝင်ရောက်လာသူ စစ်ကော်မရှင် တပ်ဖွဲ့ဝင်များအားတွေ့ရစဉ်။