ဧရာဝတီတိုင်းမ်
(ရေဖြူ)၊ ဇွန် ၁၈ ရက်

တနင်္သာရီတိုင်း ၊ထား၀ယ်မြို့လယ်ကောင်ရှိ ဥတ္တံတားကြီးလမ်းဆုံတွင် မိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား တစ်ဦးသေဆုံးခဲ့ကြောင်း လောင်းလုံးမြို့ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (LLPDF) ထံက သိရသည်။

ယမန်နေ့ ဇွန် ၁၇ ရက် နံနက် ၈ နာရီခန့်က ထားဝယ်မြို့လယ်ကောင်ရှိ ဥတ္တံတားကြီး လမ်းဆုံတွင် မိုင်းတစ်လုံး၊ ယာဥ်ထိန်းရဲဂိတ်နံဘေးတွင် မိုင်းတစ်လုံး စုစုပေါင်းမိုင်း နှစ်လုံးချထားခဲ့ပြီး စစ်ကောင်စီတပ်က မိုင်းလာရှင်းတွင် ချိန်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“ပထမတစ်လုံးက မိုင်းဖြုတ်နေစဉ်မှာပဲ ပေါက်ကွဲပြီး စစ်ကောင်စီ BE တပ်က တစ်ယောက်သေသွားတယ်။ ယာဥ်ထိန်းရုံးနားမှာ ထောင်ထားတဲ့ဒုတိယတစ်လုံးကိုတော့ သူတို့(စစ်ကောင်စီတပ်)က ရှာဖွေတွေ့ရှိခဲ့ပြီး ဖောက်ခွဲရှင်းလင်းလိုက်တယ်”ဟု လောင်း လုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ကိုရှဲဒိုးက ဧရာဝတီတိုင်းမ် ကိုပြောသည်။

မိုင်းဖောက်ခွဲမှုလုပ်ဆောင်ခဲ့သည့် ဥတ္တံတားကြီး လမ်းဆုံနှင့် ထားဝယ်မြို့မရဲစခန်းတို့ သည် မီတာတစ်ရာကျော်ခန့်သာကွာဝေးပြီး အဆိုပါ ပေါက်ကွဲမှုကြောင့် စစ်မြေပြင် အင်ဂျင်နီယာတပ် (BE) က စစ်ကောင်စီတပ်သား တစ်ဦးသေဆုံးခဲ့သည်။

အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ လောင်းလုံး(ပကဖ) နှင့် ဒေါင်းညီနောင်စစ်ကြောင်းမှ မြို့ပြပျောက်ကြားတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင် သိရသည်။

ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့အနေဖြင့် စစ်ရေးပစ်မှတ်များကို အချိန်မရွေး တိုက်ခိုက်သွားမည်ဖြစ်၍ ထား၀ယ်မြို့တွင်းရှိ လမ်းများပေါ်တွင်ဖြစ်စေ၊ စစ်ကောင်စီ တပ်စွဲရာ စခန်းအနီး၀န်းကျင်တွင်ဖြစ်စေ မိမိနှင့်သက်ဆိုင်ခြင်းမရှိဘဲ မသင်္ကာစရာ တွေ့ရှိရသည့် မည်သည့်အထုပ်အပိုး၊ မည်သည့် အိတ်မျိုးကိုမျှ သွားရောက်ထိတွေ့ ကိုင်တွယ်ခြင်းမပြုကြရန် အသိပေးထားသည်။

ထို့ပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ၊ စစ်ကောင်စီတပ်စွဲရာနေရာများ နှင့် ဝေးဝေးရှောင်ရှား ကြရန် လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတိပေးထားသည်။

ပုံစာ- ထားဝယ်မြို့လယ်ကောင်ရှိ ဥတ္တံတားကြီး လမ်းဆုံတွင် ဇွန်လ ၁၇ ရက်နေ့က တွေ့ရသည့်မိုင်း။

#ထား၀ယ်မြို့လယ် #ဥတ္တံတားကြီးလမ်းဆုံ #မိုင်းဖောက်ခွဲတိုက်ခိုက် #စစ်မြေပြင်အင်ဂျင်နီယာတပ် #စစ်ကောင်စီတပ်ဖွဲ့ဝင် #သေဆုံး #Ayeyarwaddy_Times