
ဧရာဝတီတိုင်းမ်
ဇွန် ၁၈ ရက်
အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ် အင်ဖားမြို့အကျဉ်းထောင်တွင် အကျဥ်းကျနေသည့် မြန်မာနိုင်ငံသား ၉၉ ဦးသည် ဇွန်လ ၁၆ ရက်နေ့မှစ၍ အစာငတ်ခံဆန္ဒပြနေကြောင်း India for Myanmar တာဝန်ရှိသူထံက သိရှိရသည်။
အင်ဖားမြို့ အကျဥ်းထောင်တွင် အကျည်းကျနေသည့် မြန်မာနိုင်ငံသားများသည် ၎င်းတို့ကို စစ်ကောင်စီထံ ပြန်မအပ်ရန်နှင့် အမြန်ဆုံးလွှတ်ပေးရန် ဇွန်လ ၁၆ ရက်နေ့မှစ၍ ဇွန်လ ၁၈ ရက်နေ့ထိ သုံးရက်တိုင်တိုင် အစာငတ်ခံဆန္ဒပြခြင်းဖြစ်သည်။
အဆိုပါ အစာငတ်ခံ ဆန္ဒပြတောင်းဆိုမှု ရပ်တန့်ရန် ထောင်အာဏာပိုင်များက ပြောဆိုထားသော်လည်း ရပ်တန်ခြင်းမရှိသည့်အတွက် ယမန်နေ့ ဇွန်လ ၁၇ ရက်နေ့ ညနေပိုင်းတွင် မျက်ရည်ယို ဗုံး၊ ရာဘာကျည်တို့ဖြင့် ဖြိုခွဲခံရပြီး မြန်မာနိုင်ငံသား သုံးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင့် သိရှိရသည်။
“အဓိက ဆန္ဒပြတောင်းဆိုမှုက ထောင်ကျနေတဲ့သူတွေ အမြန်ဆုံးလွှတ်ပေးဖို့နဲ့ စစ်ကောင်စီထံ ပြန်မအပ်ဖို့ပါ။ အဲ့ဒီထဲမှာ မြန်မာပြည်ပြန်ဖို့ အဆင်ပြေတဲ့သူတွေရှိသလို စစ်ကောင်စီထံ ပြန်အပ်လို့ အဆင်မပြေ တဲ့သူတွေလည်း ရှိတယ်။ တချို့က လွတ်ရက်စေ့ပြီး ဆက်လက်ထိန်းသိမ်းခံရတာတွေရှိတယ်။ အဲ့ဒါကြောင့် အမြန်ဆုံးလွှတ်ပေးဖို့နဲ့ စစ်ကောင်စီထံ ပြန်မအပ်ဖို့ ဆန္ဒပြတောင်းဆိုတာ ဖြစ်ပါတယ်။ အခုတောင်းဆိုချက်ကို ညှိနှိုင်းတာမျိုး ရှိတယ်” ဟု India for Myanmar တည်ထောင်သူ ဆလိုင်းဒိုခါရ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
အကျဥ်းကျခံရသည့် မြန်မာနိုင်ငံသားများသည် စစ်အာဏာ မသိမ်းခင်ကတည်း မဏိပူရ်ပြည်နယ်တွင် လာရောက်အလုပ်လုပ်ကိုင်နေကြသည့်သူများနှင့် စစ်အာဏာသိမ်းပြီး ထွက်ပြေးတိမ်းရှောင်လာကြသည့် စစ်ဘေးရှောင်များဖြစ်ကြသည်။
“အိန္ဒိယနိုင်ငံဟာ ဒီမိုကရေစီနိုင်ငံဖြစ်တဲ့အတွက် ဘာမှအပြစ်မရှိဘဲ သာမန် စစ်ဘေးရှောင်ပြည်သူတွေ ဖမ်းဆီးပြီး သူတို့ကျခံရမယ့် အပြစ်ဒဏ်တွေကို အကုန် ကျခံပြီးမှ ပြန်မလွှတ်ပေးဘဲ နှစ်ချီ ဆက်လက် ထိန်းသိမ်းထားတာဟာ လူ့အခွင့်ရေးချိုးဖောက်ပြီး အိန္ဒိယနိုင်ငံအတွက် ဂုဏ်သိက္ခာကျဆင်းစေပါတယ်။ ပြီးတော့ ဖမ်းဆီးထိန်းသိမ်းခံရတဲ့ တစ်ဦးချင်းသော်လည်းကောင်း၊ မိသားစုတွေသော်လည်းကောင်း တွေ့ဆုံ၊ ထောက်ပံ့ပေးဖို့ကလည်း အင်မတန်မှ ကုန်ကျစရိတ်များလာတဲ့အတွက် အမြန်ဆုံးလွှတ်ပေးဖို့ တောင်းဆိုချင်ပါတယ် “ ဟုဆလိုင်းဒိုခါရ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပြီးခဲ့သည့် မေလ ၂ ရက်နေ့ကလည်း အင်ဖားလ်အကျည်းထောင်တွင် အကျဥ်းကျနေသည့် မြန်မာနိုင်ငံသား ၃၈ ဦးကို ပထမအကြိမ် စစ်ကောင်စီလက်ထံ လွှဲပြောင်းပေးအပ်ပြီး ဒုတိယအသုတ်အနေဖြင့် ဇွန်လ ၁၁ ရက်နေ့က မြန်မာနိုင်ငံသား ၃၈ ဦးကို စစ်ကောင်စီလက်ထံ ထပ်မံလွှဲပြောင်းပေးအပ်ခဲ့သည်။
အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်တွင် အကျဥ်းထောင်နှင့် ထိန်းသိမ်းရေးစခန်းတို့ရှိ အကျဥ်းကျ ထိန်းသိမ်းခံရသည့် မြန်မာနိုင်ငံသားများကို ၎င်းတို့၏ ဆန္ဒမပါဘဲ အတင်းအကြပ် နေရပ်ပြန်ပို့ခြင်း ချက်ခြင်းရပ်တန့်ရန် အပြည်ပြည်ဆိုင်ရာ ဥပဒေပညာရှင်များ ကော်မရှင် (ICJ) အပါဝင် Burma Refugees Committee Kabaw Valley(BRCK) နှင့် India for Myanmar တို့မှ တောင်း ဆိုထားသည်။
#မဏိပူရ်ပြည် #အင်ဖားလ်အကျဥ်းထောင် #အကျဥ်းကျနေ #မြန်မာနိုင်ငံသားများ #အစာငတ်ခံဆန္ဒပြ #Ayeryarwaddy_Times