ဧရာဝတီတိုင်မ်း
ဇွန် ၁၈ ရက်
တော်လှန်ရေးတပ်ဖွဲ့အသီးသီးရှိ အမျိုးသမီးများသည် ပဋိပက္ခကာလအတွင်း လိင် နှင့် ကျားမ အခြေပြုအကြမ်းဖက်မှုများကို ကြုံတွေ့နေရသည့်အတွက် ထိုသို့ အကြမ်း ဖက်မှုများကို တားဆီးနိုင်ရန်အတွက် မြန်မာအမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး အဖွဲ့(M-WPS) က တော်လှန်ရေးတပ်ဖွဲ့များရှိ ခေါင်းဆောင်များထံအချက် ခုနစ်ချက်ကို တိုက်တွန်း တောင်းဆိုခဲ့ကြောင်း သိရသည်။
တော်လှန်ရေးတပ်ဖွဲ့အသီးသီးရှိ အမျိုးသမီးများအနေဖြင့် တွေ့ကြုံခံစားနေရသည့် အကြမ်းဖက်ခံရမှုများကို ထိရောက်စွာ ကာကွယ်တားဆီးနိုင်ရန် တော်လှန်ရေးတပ်ဖွဲ့များ၊ တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့များ စသည့် အဖွဲ့အစည်း ၁၇ ခုမှ အမျိုးသမီး ၄၅ ဦး ပါဝင်တက်ရောက်သည့် ဆွေးနွေးပွဲကို ပြီးခဲ့သည့် ဇွန်လ ဒုတိယပတ်က ပြုလုပ်ခဲ့သည်။
ထို့သို့ ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ပြီးနောက် တော်လှန်ရေးတပ်ဖွဲ့ အသီးသီးရှိ ခေါင်းဆောင် များထံသို့ အချက် ခုနစ် ချက်ပါဝင်သည့် တောင်းဆိုချက်ကို ပေးပို့ခဲ့ခြင်းဖြစ်သည်။
တောင်းဆိုချက်များမှာ တော်လှန်ရေးတပ်ဖွဲ့များတွင် လိင်ပိုင်းဆိုင်ရာနှင့် ကျား၊မ အခြေ ပြုအကြမ်း ဖက်မှုများ ကျူးလွန်မှုမရှိစေရန်အတွက် မူဝါဒများချမှတ်လိုက်နာ နိုင်ရန်၊ အကြမ်းဖက်ခံရပါက တိုင် ကြားနိုင်ရန်ဌာနများထားရှိပေးပြီး တိုင်ကြားမှုများကို အချိန်နှင့် တပြေးညီ ပွင့်လင်းမြင်သာစွာ လုပ် ဆောင်ပေးရန် စသည့် အချက်များ ပါရှိကြောင်း သိရသည်။
ထို့ပြင် တိုင်ကြားရေးကော်မတီများတွင် ကျား၊မ တန်းတူညီမျှစွာ ပါရှိနိုင်ရေး၊ အကြမ်း ဖက်မှု အသိ ပညာပေးများကို စစ်သင်ရိုးညွှန်းတန်းများ၊ စစ်သင်တန်းများတွင် ထည့်သွင်း သင်ကြားပေးရန် နှင့် အကြမ်းဖက်မှုကိုခံရသူနှင့် မိသားစုဝင်များကိုလည်း စိတ်ပိုင်း ဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုပေးရန်တို့ ပါဝင်ကြောင်းလည်း သိရသည်။
တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် မိမိတို့ အစုအဖွဲ့အတွင်း မည်သည့် အကြမ်းဖက်လုပ်ရပ်ကို မဆို လုံး၀လက်သင့်မခံရေးမူကို ကျင့်သုံးရန် နှင့် တောင်းဆိုထားသည့် အဆိုပါမူများကို အလေးပေးဆောင်ရွက်ရန်လည်း M-WPS က ဆက်လက်တောင်းဆိုထားသည်။
တော်လှန်ရေးတပ်ဖွဲ့ဝင်များသည် အကြမ်းဖက်မှုများကျူးလွန်ခဲ့သည့်ဖြစ်စဉ်များရှိခဲ့ပြီး လွန်ခဲ့သည့် နှစ်လဝန်းကျင်က ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် တော်လှန်ရေးတပ်ဖွဲ့ဝင် ဟောင်းတစ်ဦးဖြစ်သူက ဇနီးဖြစ်သူကို သေဆုံးသည်အထိ ထိုးနှက်ခဲ့သည် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။
ထိုသို့ဖြစ်ပွားပြီးနောက် အဆိုပါ တော်လှန်ရေးတပ်ဖွဲ့ဝင်ဟောင်းသည် တော်လှန်ရေး နယ်မြေတွင် ပြန်လည်ပုန်းခိုခဲ့ပြီး ယခုဇွန်လအတွင်း ဖြစ်စဉ် အမှုမှန်ပေါ်ပေါက်သည့် အခါမှသာ သက်ဆိုင်ရာအဖွဲ့အစည်းထံတွင် အဖမ်းခံခဲ့ကြောင်း သိရသည်။
M-WPS အဖွဲ့အစည်းသည် မြန်မာအမျိုးသမီးများ၏ နိုင်ငံရေးနှင့် ငြိမ်းချမ်းရေးတွင် ပါ၀င်မှုကို မြှင့်တင်ခြင်း၊ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများမှ ကြိုတင်ကာကွယ်နိုင်ရန်နှင့် လိုအပ်သော ကာကွယ်စောင့်ရှောက်မှုများ ပြုလုပ်နိုင်ရန် လုပ်ဆောင်ခြင်း၊ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသူများအတွက် လူသားခြင်း စာနာထောက်ထားမှု အကူအညီပေးသည့် လုပ်ငန်းများလုပ်ဆောင်နေသည့် အဖွဲ့အစည်း တစ်ခု ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ် အစော ပိုင်းကာလအထိ ပဋိပက္ခများနှင့် အကြမ်းဖက်ခံရမှုများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေး ရသည့် အရပ်သားပြည်သူ ၂.၆ သန်း (နှစ်ဒသမခြောက်သန်း) ကျော်ရှိခဲ့ပြီး အမျိုးသမီး အရေအတွက်မှာ ထက်ဝက်ကျော် ၅၂ ရာခိုင်နှုန်း အထိပါဝင်နေကြောင်း ကမ္ဘာ့ကုလသမဂ္ဂ အစီရင်ခံစာ အရသိရသည်။
ဓာတ်ပုံ – အင်တာနက်(ပုံဟောင်း)
#တော်လှန်ရေးတပ်ဖွဲ့ #အမျိုးသမီးများအကြမ်းဖက်ခံရမှု #ကာကွယ်တားဆီး #တောင်းဆို #MWPS #အမျိုးသမီးကဏ္ဍ #Ayeyarwaddy_Times
(မြန်မာနိုင်ငံတွင် စစ်တပ် အာဏာသိမ်းမှုကြောင့် လက်ရှိအမျိုးသမီးများ ရင်ဆိုင်နေရသည့် အခက် အခဲ၊ စိန်ခေါ်မှုနှင့် ကျော်ဖြတ်ခဲ့ရသည့်အခြေအနေများအပြင် အမျိုးသမီးများဦးဆောင်၍ လုပ်ဆောင်နေသည့် အကြောင်းအရာများကို “အမျိုးသမီးကဏ္ဍ” အနေဖြင့် အပတ်စဉ် အင်္ဂါနေတိုင်း တင်ဆက်ပေးနိုင်ရန် ကြိုးစားသွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုနိုင်ပါကြောင်း ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အသိပေးအပ်ပါသည်။)