ဧရာဝတီတိုင်းမ်
ဇွန် ၁၇ရက်

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ သံလျင်တံတား အမှတ်(၃) ဖွင့်ပွဲကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ရန်ကြံစည်သည်ဟုဆိုကာ ရန်ကုန်ရှိ နောက်ထပ် လူငယ် ​လေး ဦးကို စစ်ကောင်စီက ထပ်မံဖမ်းဆီးခဲ့ကြောင်းသိရသည်။

ယနေ့ ဇွန် ၁၇ရက်တွင် သံလျင်တံတားဖွင့်ပွဲကို ရှော့တိုက်ဒုန်းဖြင့် ပစ်ခတ်ရန်ကြံစည်သည့် ရန်ကုန်မြို့ပြပြောက်ကျား အဖွဲ့ဝင် လေး ဦးကို ထပ်မံဖမ်းဆီးထားကြောင်း စစ်ကောင်စီ၏ ဝါဒဖြန့် သတင်းစာများမှ တစ်ဆင့် ထုတ်ပြန်ထားသည်။

ဖမ်းဆီးခံထားရသူများမှာ ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့ Dark Shadow မှ ကိုမျိုးသိန်းထွန်း၊ ကိုထက်၊ ကိုရဲဇော်ထွန်းနှင့် ကိုရှိန်းမြင့်မိုရ်အောင်တို့ဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။

ပြီးခဲ့သည့် ဇွန် ၁၄ရက်နေ့က အဆိုပါ လေးဦးကို မူလကဖမ်းဆီးထားသည့် လူ ကိုးဦး၏ ထွက်ဆိုချက်များအရ ဆက်စပ် ရှာဖွေဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခုဖမ်းဆီးခံရသည့် မြို့ပြပြောက်ကျားအဖွဲ့ဝင်များသည် ရန်ကုန်တိုင်းအတွင်းရှိ မင်္ဂလာတောင်ညွန့်မြို့နယ်နှင့် လှိုင်သာယာမြို့နယ်များတွင် ဖောက်ခွဲရေးလုပ်ငန်းများကို နှစ်ကြိမ်တိုင် ပြုလုပ်ခဲ့သည်ဟု စစ်ကောင်စီက စွပ်စွဲထားသည်။

သံလျင်အမှတ် (၃) တံတားဖွင့်ပွဲကို ပြီးခဲ့သည့် ဇွန်လ ၈ရက်နေ့တွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ခဲ့ပြီး ဖွင့်ပွဲကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ရန်ကြံစည်သည်ဟုဆိုကာ လူ ကိုးဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဖွင့်ပွဲပြုလုပ်ခဲ့သည့် ဇွန် ၈ရက်နေ့တွင် ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၆၁ရပ်ကွက်၊ ဝန်ထမ်းအိမ်ရာဟောင်းအတွင်းတွင် လူ ခုနစ်ဦးကို ရှော့တိုက်ဒုံးတစ်လုံး၊ ဆက်စပ်ပစ္စည်းများနှင့်ဖမ်းမိပြီး ဇွန် ၉ရက်နေ့တွင် တောင်ဒဂုံမြို့နယ်မှ နောက်ထပ်လူ နှစ်ဦးကို ထပ်မံဖမ်းဆီးရမိခဲ့သည်ဟု စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။

Dark Shadow အဖွဲ့ကို ဧရာဝတီတိုင်းမ်မှ ဆက်သွယ်မေးမြန်းရာတွင် တာဝန်ရှိသူမှာ တိုက်ပွဲအတွင်းရှိနေသည့်အတွက် ယခု ကိစ္စကို ဖြေကြားနိုင်ခြင်းမရှိသေးပေ။

ဓာတ်ပုံ-စစ်ကောင်စီ
#သံလျင် #အမှတ်၃တံတား #မြို့ပြပြောက်ကြားအဖွဲ့ #စစ်ကောင်စီ #ထပ်မံဖမ်းဆီး #Ayeyarwaddy_Times