
ဧရာဝတီတိုင်းမ်
ဇွန် ၁၇ ရက်
ရှမ်းမြောက်၊ တပ်မဟာ(၂)စစ်ဒေသ၊ နောင်ချိုမြို့နယ်နှင့် မိုးမိတ်မြို့နယ်တို့တွင် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အပြင် ဒရုံးဗုံးများဖြင့်ပါ ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် ယမန်နေ့ ဇွန် ၁၆ ရက်နေ့၊ ညနေ ၃နာရီ ၃၀မိနစ်ခန့်တွင် နောင်ချိုမြို့နယ် ဘန့်ဘွေကျေးရွာမှနေ၍ ဆမ္မဆယ်ရွာကို ဒရုန်းဖြင့် ဗုံးလေးလုံး လာရောက် ကြဲချတိုက်ခိုက်ခဲ့ကြောင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ထုတ်ပြန်သည်။
ထို့နောက် ညနေ ၄ နာရီခန့်တွင်လည်း အုမ္မတီးနှင့် အုမ္မခါးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သည် သုံးဆယ်ကျေးရွာ (၈) ရပ်ကွက်ကို လက်နက်ဖြင့် နှစ်ကြိမ် ထပ်မံပစ်ခတ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် မိုးမိတ်မြို့ရှိ စစ်ကောင်စီတပ်သည် ဇွန် ၁၅ ရက်နေ့၊ ည ၉နာရီ ၄၅မိနစ်မှ ၁၂နာရီအထိ ဒိုပင်ကျေးရွာသို့ဦးတည်ကာ လက်နက်ကြီးဖြင့် ခြောက်ကြိမ်၊ နောင်ချို မြို့နယ် အုမ္မတီးနှင့် အုမ္မခါးလမ်းခွဲမှနေ၍ ဆမ္မဆယ်ရွာဘက်သို့ လက်နက်ကြီး ရှစ်လုံး ပစ်ခတ်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် ပြည်သူများနေထိုင်ရာ ကျေးရွာများသို့ ရည်ရွယ်ချက်ရှိရှိ ဒရုန်းနှင့်လက်နက် ကြီးများ ပစ်ခတ်မှုကြောင့် ကျေးရွာဒေသခံတချို့ စိုးရိမ်ပြီး ဘေးလွတ်ရာသို့ တိမ်းရှောင်နေရကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ဇွန်လ ၁ ရက်နေ့မှ ယမန်နေ့ ၁၆ ရက်နေ့အထိ မိုးမိတ်နှင့် နောင်ချိုမြို့နယ်တွင်ဒရုန်းဖြင့် ဗုံးလေးလုံးနှင့် လက်နက်ကြီး (၄၂) ကြိမ် ထက်မနည်း ပစ်ခတ်ခဲ့ကြောင်း TNLA က ထုတ်ပြန်သည်။
စစ်ကောင်စီသည် ရှမ်းမြောက်ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) အတွင်းသို့ ဒရုန်းတပ်ဖွဲ့ကို ကြီးကြပ်မည့် အရာရှိများနှင့်အတူ ဒရုန်းအစင်းရေ ရာနှင့်ချီ ပို့ဆောင်ထားပြီး လားရှိုး၊ ကျောက်မဲ၊ သီပေါ၊ မူဆယ်မြို့များတွင်လည်း လူ အင်အား လက်နက်အင်အားတိုးချဲ့၍ ခံစစ်ပြင်ဆင်ကာ စစ်ရေးပြင်နေကြောင်းသိရသည်။
TNLA တပ်များကလည်း ၎င်းတို့စိုးမိုးနယ်မြေများတွင် တပ်သား ရာချီသုံး၍ ကားများဖြင့် ကင်းလှည့် အင်အားပြမှုများပြုလုပ်လျှက်ရှိသည်။
ယခုကဲ့သို့ ရှမ်းမြောက်၌ စစ်ရေးတင်းမာနေချိန်တွင် စစ်ကောင်စီက TNLA တပ်များရှိနိုင်သည့် နေရာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေခြင်းသည် ဟိုင်ဂင်အပစ်ရပ်စဲရေး သဘောတူစာချုပ်ကို ချိုးဖောက်နေခြင်းဖြစ်ကြောင်း TNLA စစ်ရေးသတင်းရစ်မြစ်က ဆိုသည်။
ဓာတ်ပုံ-အင်တာနက်
#နောင်ချို #မိုးမိတ် #စစ်ကောင်စီ #လက်နက်ကြီး #ဒရုန်းဗုံး #ကြဲချတိုက်ခိုက် #Ayeyarwaddy_Times