ဧရာဝတီတိုင်းမ်
ဇွန် ၁၇ ရက်

ဂျပန်နိုင်ငံရှိကုမ္ပဏီများက မြန်မာအလုပ်သမား ၁၅၀၀ ဦးကို အလုပ်ကမ်းလှမ်းစာ ( Demand Letter) ဖြင့် အလုပ်ခေါ်ယူမည်ဖြစ်ပြီး အမျိုးသမီး ၁၀၀၀ ကျော်ပါဝင်ကြောင်း သိရသည်။

အဆိုပါဂျပန်ကုမ္ပဏီ ၃၆၀ ကျော်၏ အလုပ်ကမ်းလှမ်းစာကို မြန်မာသံရုံးထံ ပေးပို့ထားကာ စိစစ်ပြီးနောက် စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးဌာနထံ ပြန်လည်ပေးပို့ထားကြောင်း ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးထံကသိရသည်။

ဇွန် ၃ ရက်နေ့မှ ၁၇ ရက်နေ့အထိ Demand Letter စိစစ်နိုင်ရန် အတွက် စာရွက် စာတမ်းပို့ပေးနိုင်သည့် ကုမ္ပဏီများစာရင်းများထဲမှ အရေအတွက် ၅၀၀ ကျော် ကျန်ရှိနေပြီး ထိုသို့ အလုပ်ခေါ်ယူသည့်ကုမ္ပဏီများသည် ဂျပန်နိုင်ငံတွင်တရားဝင် တည်ထောင်ထားခြင်းရှိ၊ မရှိ စစ်ဆေးရ ကြောင်းသိရသည်။

စစ်ကောင်စီ၏ အာဏာသိမ်းမှုအပြင် အတည်ပြုပြဌာန်းခဲ့သည့် ပြည်သူ့စစ်မှုထမ်း ဥပဒေကြောင့် ပြည်ပထွက်ခွာ အလုပ်လုပ်လိုသူများပြားလာချိန်တွင် ပြီးခဲ့သည့် မေလဆန်း မှ စတင်၍ အမျိုးသားများ နိုင်ငံခြားအလုပ်လျှောက်ထားမှုကို စစ်ကောင်စီက ယာယီပိတ်ထားကာ တင်းကျပ်ခဲ့သည်။

ထို့ကြောင့် ဂျပန်နှင့် ကိုရီးယားနိုင်ငံသို့ သွားရောက် အလုပ်လုပ်မည့်သူများအနေဖြင့် အလုပ်ခေါ်စာဖြင့်သာ တရားဝင်သွားရောက်လုပ်ကိုင်နိုင်မည်ဖြစ်ပြီး လက်ရှိတွင် မြန်မာနိုင်ငံကူးလက်မှတ် PV ( Passport for Visit) ဖြင့် ထိုင်း၊ စင်ကာပူ၊ ယူအေအီးနိုင်ငံများသို့ အများဆုံးသွားရောက်လျက်ရှိကြောင်းသိရသည်။

စစ်ကောင်စီသည် နိုင်ငံခြားထွက်၍ အလုပ်လုပ်ကိုင်မှုအပေါ် ကန့်သတ်ထားသလို ပြည်ပရောက်အလုပ်သမားထံမှ အခွန်ငွေ ၂ ရာခိုင်နှုန်းကောက်ယူ၍ လစာငွေ ၂၅ ရာခိုင်နှုန်းကို အိမ်ပြန်ပို့ရာတွင် ပြည်တွင်းဘဏ်အကောင့်ထံပေးပို့စေပြီး ယင်းတို့ သတ်မှတ်ထားသော ငွေလဲနှုန်းထားဖြင့် ပိုက်ဆံဖြတ်ယူလျက်ရှိသည်။

တရားဝင် အလုပ်သမားအဖြစ် သွားရောက်ရာတွင် အစိုးရအချင်းချင်း အသိ အမှတ်ပြုစေလွှတ်မှု၊ Demand Letter ရရှိမှုနှင့် မိမိကိုယ်အစီစဉ်ဖြင့် သွားရောက် သူများအပါအဝင် ခွင့်ပြန်အလုပ်သမားနှင့် အမြဲတမ်းနေထိုင်ခွင့်ဖြင့် နေထိုင်အလုပ်လုပ် သူများသည် ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ်ပြား ( OWIC) ကတ်လျှောက်ထားရကြောင်း သိရသည်။

ထို့ပြင် ပြည်ပအလုပ်အကိုင်အေဂျင်စီများသည် အလုပ်သမားစေလွှတ်မှုအတွက် လအလိုက်စာရင်းပြရပြီး စာရင်းချုပ်ပေးပို့ခြင်းမရှိသည့်အေဂျင်စီများ ဒဏ်ကြေး ပေးဆောင်ရမည်ဖြစ်ပြီး ပြည်ပအလုပ် အကိုင်အေဂျင်စီအကျိုးဆောင်လိုင်စင်ရ အေဂျင်စီပေါင်း ၅၆၅ ခုရှိကြောင်း စစ်ကောင်စီ အလုပ်သမားဝန်ကြီး ဌာန၏ ဇွန်လအထိ စာရင်းများအရ သိရသည်။

ဓာတ်ပုံ -လူမှုကွန်ရက်
#ဂျပန်အလုပ်သမား #demandletter #၁၅၀၀ #နိုင်ငံခြားထွက်အလုပ်လုပ်သူများပြား
#Ayeyarwaddy_Times