ဧရာဝတီတိုင်းမ်
ဇွန် ၁၇ ရက်

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်နှင့် မင်းတပ်မြို့နယ်တို့ရှိ ဒိုင်ရ်ဒေသတွင် ဝမ်းကိုက်ရောဂါ ကပ်ရောဂါကြောင့် သေဆုံးသူ ၁၀ ဦးထိရှိလာကြောင်း ဒိုင်ရ်ဒေန္တရကောင်စီ ဥက္ကဌထံက သိရှိရသည်။

လူအများကြားတွင် ဝမ်းကိုက်ရောဂါ ကပ်ရောဂါ ဖြစ်စေသည့် ပိုးသည် ကူးစက်ခံရပြီး နှစ်နာရီမှ ငါးရက်အတွင်း ရောဂါလက္ခဏာများပြကာ အမြန်ဆုံး ထိရောက်သည့် ကုသမှု မခံယူပါက ၃၀မှ ရာခိုင်နှုန်းမှ ၅၀ရာခိုင်နှုန်းအထိသည် သေဆုံးနိုင်ပြီး ဆေးကုသမှု အချိန်မီ ခံယူပါက သေဆုံးမှုနှုန်း ၁ရာခိုင်နှုန်းရှိကြောင်း ချင်းကျန်းမာရေးအဖွဲ့ (CHO) ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

လက်ရှိတွင် CHO ၏ အကူအညီဖြင့် ဆေးဝါးကုသမှုများ လုပ်ဆောင်ပေးနေပြီး အဆိုပါ ကပ်ရောဂါသည် ဒိုင်ရ်ဒေသ ကျေးရွာများတွင် ဖြစ်ပွါးနှုန်းများပြားလာသောကြောင့် ဆေးဝါးများပြတ်လက်ကာ အရေးပေါ်ဆေးဝါးများ အကူညီလိုအပ်လျက်ရှိကြောင့် သိရှိရသည်။

“သေဆုံးမှုက ၁၀ ယောက်လောက်ရှိပြီ။ ချင်းပြည်အစိုးရ ကျန်းမာရေး ဝန်ကြီးအပါဝင် အဖွဲ့စည်းတွေနဲ့ ချိတ်ဆက်ပြီး ဆေးဝါးရနိုင်အောင်ချိတ်ဆက်နေပါတယ်။ ကူးစက်မှု ပုံစံကိုတော့ သိပ်မပြောတတ်ဘူး။ ရွာတစ်ရွာမှာတစ်ယောက်ဖြစ်ပြီဆိုရင် နောက်ထပ် တခြားလူတွေ ဖြစ်လာဖို့ ရာနှုန်းများတယ်။ ရောဂါဖြစ်တာက များလာလို့ ဆေးဝါးတွေ လုံလောက်မှုမရှိဘူး။ အရေးပေါ် ဆေးဝါးတွေ အကူညီလိုအပ်နေတယ်။”ဟု ဒိုင်ရ်ဒေန္တရအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဆလိုင်းအောင်မင်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့အပြင် အဆိုပါ ကပ်ရောဂါဖြစ်ပွားသည့် ဒိုင်ဒေသတွင် ဆေးဝါးရရှိအောင် တခြားအဖွဲ့စည်းများအနေဖြင့် အကူအညီများ ပေးစေချင်ပြီး ဆေးဝန်ထမ်းများအနေဖြင့်လည်း ကိုယ်တိုင်လာရောက် ဆေးကုသပေးခြင်းများ လုပ်ပေးစေလိုကြောင်း ၎င်းကဆိုသည်။

ဒိုင်ရ်ဒေသရှိ ကျေးရွာများတွင် သောက်သုံးရေ မသန့်ရှင်းမှုကြောင့်နှင့် ဆေးဝါးများ ပြတ်လပ်မှုကြောင့် ရောဂါဖြစ်ပွားမှုနှင့် သေဆုံးမှုများ တိုးလာခြင်းဖြစ်ကြောင်း ဒေသခံများထံက သိရှိရသည်။

“မိုးတွင်းကာလ မိုးရွာလိုက်၊ နေပူလိုက်နဲ့ ရာသီဥတုက မမှန်ဘူး။ သောက်သုံးရေကလည်း သန့်ရှင်းမှုမရှိဘူး။ ပြီးတော့ ရောဂါဖြစ်တာနဲ့ ဆေးသောက်ဖို့ ဆေးဝါးမရှိဘူး။ ဝယ်ဖို့လည်းမရှိသလို လမ်းကြောင်းတွေကလည်း မလွယ်လှဘူး ဖြစ်နေတယ်။”ဟု ပလက်ဝမြို့နယ်ရှိ ဒိုင်ရ်ဒေသမှ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆ်ိုပါ ဖြစ်ပွားသည့် ကပ်ရောဂါနှင့် ပတ်သက်ပြီး CHO က အပြင်စာများ၊ ဟင်းကျန်များ၊ ထမင်းကျန်များ မစားဘဲ အစာကို ယင်လုံအောင် သိမ်းဆည်းထားရမည်ဖြစ်ပြီး နို့တိုက်ကလေးများကို မိခင်နို့ တမျိုးတည်း တိုက်ရမည်ဖြစ်ကြောင်း ညွန်ကြားထားသည်။

ယင်းအပြင် ယင်လုံအိမ်သာ သုံးပြီး အိမ်သာတက်ပြီးတိုင်းနှင့် အစာမစားမီ ၊ မပြင်ခင်၊ မချက်ခင် လက်ကို ဆပ်ပြာဖြင့် စင်အောင် ဆေးကာ ဝမ်းလျှောဖြစ်တာနှင့် ကျန်းမာရေးဝန်ထမ်းထံ ချက်ချင်းပြသရန်နှင့် ဓာတ်ဆားရေကို ချက်ချင်းသောက်သုံးရန်လည်း တိုက်တွန်းထားသည်။ ဓာတ်ဆားမရှိပါက ဆားနှင့် သကြားကို ဖျော်သောက်ပြီး ရေကို ကျိုချက်ပြီး သောက်ရမည်ဖြစ်ကြောင်း ဆိုသည်။

#ပလက်ဝ #မင်းတပ်မြို့နယ်ရှိ #ဒိုင်ရ်ဒေသတွင် #ဝမ်းကိုက်ရောဂါကြောင့် #သေဆုံးသူ၁၀ဦးထိရှိလာ #Ayeyarwaddy_Times