ဧရာဝတီတိုင်းမ်
ဇွန် ၁၆ ရက်

အသစ်ခန့်အပ်ခံရတဲ့ နိုင်ငံခြားရေးဝန်ကြီး မာရစ်ဆန်ဂီရမ်ပေါင်ဆာက မြန်မာပဋိပက္ခ ဖြေရှင်း နိုင်ရေး ငြိမ်းချမ်းရေး ဆွေးနွေးမှုပြုလုပ်ရာမှာ ထိုင်းနိုင်ငံရဲ့ အခန်းကဏ္ဍကို အလေးထားပြောကြားလိုက် ပါတယ်။

ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ကမကထပြုလုပ်တဲ့ မီဒီယာတွေနဲ့ တွေ့ဆုံပွဲမှာ မာရစ် က “Ignite Thailand, Re-ignite Thai Diplomacy” အမည်နဲ့ ထိုင်းနိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒမှာ သူ့ရဲ့ အမြင်ကို မျှဝေခဲ့ပါတယ်။

ထိုင်းနိုင်ငံရဲ့ နယ်စပ်လုံခြုံရေးကို သက်ရောက်စေခဲ့တဲ့ မြန်မာပဋိပက္ခကို ဉပမာပေးကာ ထိုင်းနိုင် ငံရဲ့ တည်ငြိမ်မှုကို ခိုင်မာစေမယ့် အိမ်နီးချင်းတိုင်းပြည်တွေနဲ့ ကောင်းမွန်သောဆက်ဆံရေး ထိန်းသိမ်းဖို့ အရေးကြီးပုံကို သူက ထောက်ပြခဲ့ပါတယ်။

“အိမ်နီးချင်းတိုင်းပြည်တွေနဲ့ပတ်သက်တဲ့ ထိုင်းနိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒဟာ နှစ်ဉီးနှစ်ဖက် အ ကျိုးဖြစ်စေတဲ့ ပူးပေါင်းဆောင်ရွက်ရေး ကြိုးပမ်းမှုတစ်ခု ဖန်တီးမယ့် နှစ်ဉီးနှစ်ဖက် ငြိမ်းချမ်းရေးအပေါ် အလေးထားသင့်ပါတယ်” လို့ သူက ပြောပါတယ်။

မြန်မာပြည်တွင်းစစ်က ထိုင်း-မြန်မာနယ်စပ်ကို သက်ရောက်မှုဖြစ်စေခဲ့ပြီး နယ်စပ်လုံခြုံရေး တည်ငြိမ်တာနဲ့ ထိုင်းနယ်စပ်တွေမှာ စစ်ပွဲအကျိုးသက်ရောက်မှု လျှော့နည်းစေတာကြောင့် ထိုင်းနိုင်ငံက မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး ပြန်လည်ရရှိတာကို မြင်တွေ့လိုတယ်လို့ ၎င်းက ဆိုပါတယ်။

“လုံခြုံရေးဧရိယာမှာ ကျွန်တော်တို့ မြန်မာနိုင်ငံကို ဉီးစားပေးရပါမယ်။ မြန်မာပဋိပက္ခကို ထိထိ ရောက်ရောက် ဖြေရှင်းနိုင်မယ့် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှု ဖြစ်လာရေးမှာ ထိုင်းနိုင်ငံက အရေးပါ တဲ့ တိုင်းပြည်တစ်ခုအဖြစ် ပါဝင်လိုပါတယ်” လို့ မာရစ်က ပြောပါတယ်။

“လူသားချင်းစာနာမှု အကူအညီက အရေးကြီးပြီး ကျွန်တော်တို့ ဒီနယ်ပယ်မှာ ဆက်လက် တွန်း အားပေးမှာဖြစ်ပေမယ့် အဖွဲ့အစည်းတိုင်းကို လက်သင့်ခံဖို့ လိုအပ်ပါတယ်။ တိုက်ပွဲတွေ ရပ်တန့်တာကို ကျွန်တော်တို့ မြင်တွေ့လိုပြီး အစိုးရိမ်ရဆုံးကိစ္စလည်း ဖြစ်ပါတယ်။ မြန်မာ့အရေးဟာ ထိရှလွယ်လို့ အေး အေးဆေးဆေး ဖြေရှင်းရမယ်ဆိုတာကို မှတ်ထားရပါမယ်” လို့ သူက ဆက်ပြောပါတယ်။

တရားမဝင် စီးပွားရေးလုပ်ငန်းတွေ၊ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေနဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး မှာ ထိုင်းနိုင်ငံက မြန်မာနဲ့ လက်တွဲဆောင်ရွက်ဖို့ လိုအပ်တယ်လို့ သူက ဆိုပါတယ်။

ကိုးကား – Bangkok Post
Ref; New minister lays out foreign policy

#Ayeyarwaddy_Times