
ဧရာဝတီတိုင်းမ်
ဇွန် ၁၆ ရက်
ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်တွင် စစ်မှုထမ်းလိုစိတ်မရှိသည့် ဒေသခံလူငယ်အချို့ စစ်မှုထမ်းဆောင်ရန်ဆန္ဒမရှိသည့်အတွက် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံ များထံက သိရသည်။
ညောင်တုန်းမြို့နယ်၊ အလယ်ချောင်းကျေးရွာအုပ်စုရှိ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးဟန်ညွန့်နှင့် စာရေးဦးအောင်ကိုဝင်းတို့သည် ဒေသရှိလူငယ်များကို အစည်းအဝေး ခေါ်ကာ မဲနှိုက်ခိုင်းပြီး အဓမ္မစစ်မှုထမ်းဆောင်ခိုင်းနေသည့်အတွက် လူငယ် အချို့မှာ ထွက်ပြေးတိမ်းရှောင်ရခြင်းဖြစ်သည် ဟု ဒေသခံများက ဆိုသည်။
“လူငယ်တွေရဲ့ မိဘတွေလည်း အရမ်းစိုးရိမ်နေကြရတာ။ တစ်ခါတည်းနဲ့ပြီးသွားမှာ လည်းမဟုတ်ဘူး။ သူတို့က တောက်လျှောက်ခေါ်မှာဆိုတော့ လူငယ်တွေလည်း အရမ်းကြောက်နေပြီး ပြေးတဲ့သူတွေပြေးနေကြရပြီ။ အုပ်ချုပ်ရေးမှူးနဲ့ စာရေးကလည်း နေ့စဥ်နဲ့အမျှ မူးရူးနေပြီး လုပ်ချင်တိုင်းလုပ်နေကြတာ” ဟု အလယ်ချောင်းကျေးရွာ အုပ်စုရှိ ဒေသခံအမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
အလယ်ချောင်းကျေးရွာအုပ်စုတွင် စစ်မှုထမ်း အမှတ်စဥ်အလိုက် တစ်ကြိမ်ခေါ်ယူသည့် အခါတိုင်း တစ်ရွာတစ်ယောက်နှုန်း စစ်မှုထမ်းရမည်ဖြစ်ပြီး လက်ရှိ စစ်မှုထမ်းစာရင်းတွင် အမည်စာရင်းပါရှိနေသည့် လူငယ်များကို စစ်မှုထမ်းသင်တန်းတက်ရောက်ရန်အတွက် ခံဝန်လက်မှတ်များလည်း ထိုးထားရကြောင်းသိရသည်။
ပြီးခဲ့သည့် ဧပြီလ ဒုတိယပတ် အတွင်းကလည်း သာပေါင်းမြို့နယ် ၊ ရွှေတောင်ကျွန်း အုပ်စုရှိ ရွှေတောင်ကျွန်းကျေးရွာ၊ ရွှေသင်မျှောင်ရွာ၊ အိုးဘိုလေးရွာနှင့် ကြာအင်းကွင်း ရွာတို့မှ လူငယ်များသည် စစ်ကောင်စီတပ်တွင် စစ်မှုထမ်းဆောင်ရန် ဆန္ဒမရှိသည့် အတွက် ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။
ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်အများစုတွင်လည်း စစ်မှုထမ်းအကြောင်းပြကာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဒေသခံ ပြည်သူများကို ခြိမ်းခြောက်ကာ ငွေတောင်းယူမှုများနှင့် စစ်မှုထမ်းဆန့်ကျင်သူများကိုပါ ဖမ်းဆီးချုပ်နှောင်မှုများပြုလုပ်နေကြောင်းသိရသည်။
မြန်မာပြည်ဒေသအနှံ့အပြား စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများ၏ သားသမီးများကို အမှတ်စဥ် (၁) ၊ အမှတ်စဥ် (၂) ၊ အမှတ်စဥ် (၃) တို့တွင် စစ်မှုထမ်းဆောင်ရန်ချန်လှပ်ထားပြီး ၎င်းတို့နှင့် အဆင်မပြေသူ အများစုကိုသာ စစ်မှုထမ်းဆောင်ရန် စာရင်းများထည့်သွင်းထားကြောင်း စုံစမ်းသိရှိရသည်။
ယခုအမှတ်စဉ် (၃) အတွက် စစ်သင်တန်းတက်ရောက်ရန် စစ်သားသစ်ခေါ် ယူရာတွင်လည်း ယခင်နည်းအတိုင်း စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူး များက အနိုင်ကျင့် ခြိမ်းခြောက်မှုများပြုလုပ်၍ လက်ရှိအချိန်ထိ စစ်မှုထမ်းဖောင်များ ဖြည့်ခိုင်းလျှက်ရှိကြောင်းသိရသည်။
စစ်ကောင်စီ၏ စစ်မှုထမ်းသင်တန်းအမှတ်စဥ် တစ်ခုလျှင် ၁၂ ပတ်အကြာ စစ်သင်တန်း ပေးမည်ဖြစ်ကာ ယခုဇွန်လကုန်တွင် အမှတ်စဉ် (၁) သင်တန်းဆင်းမည်ဖြစ်ကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံကသိရသည်။
ပုံစာ- အမှတ်စဥ် (၃) အတွက် စစ်မှုထမ်းရန် စုဆောင်းခံထားရသည့် လူငယ်များ
#ညောင်တုန်း #စစ်မှုထမ်းရမည်ကို #စိုးရိမ် #လူငယ် #ထွက်ပြေးတိမ်းရှောင် #Ayeyarwaddy_Times