( ဇွန် ၁ ရက်နေ့မှ ၁၅ ရက်နေ့ အထိ နှစ်ပတ်ဈေးကွက်အခြေအနေ)
ဧရာဝတီတိုင်းမ်
ဇွန် ၁၆ ရက်
ငွေကြေးဖောင်းပွမှုကြောင့် အထွေထွေကုန်ဈေးနှုန်းများဆက်လက်မြင့်တက်နေရာတွင် ယခုသီတင်းပတ်အတွင်း ဟင်းသီးဟင်းရွက်ကုန်စိမ်း ဈေးနှုန်းများက ပိုမိုမြင့်တက် လာသည်။
ရှမ်းပြည်နယ်ထွက်ကုန် ဂေါ်ဖီထုပ်ဈေးနှုန်းက အမြင့်ဆုံးစျေးအထိ ရောက်ရှိခဲ့ပြီးနောက် အနည်းငယ်ကျဆင်းသွားသည်။
ကုန်သွယ်ရေးလမ်းကြောင်း အခက်အခဲများကြောင့် သွင်းကုန်ပစ္စည်းများဈေးတက်နေပြီး ထိုင်းနိုင်ငံထုတ် သွင်းကုန်ပစ္စည်းများနှင့် နေကြာဆီ၊ ပဲပိစပ်ဆီဈေးနှုန်းများမြင့်တက် နေကာ ကုန်ပစ္စည်းရှားပါးလျက်ရှိသည်။
စစ်ကောင်စီက နိုင်ငံခြားငွေလွဲလုပ်သူများနှင့် နာမည်ကြီးရွှေဆိုင်ပိုင်ရှင်များကို ဖမ်းဝရမ်း ထုတ်ထားသော်လည်း နိုင်ငံခြားငွေလဲလှယ်နှုန်းထားနှင့် ပြည်တွင်းရွှေဈေးနှုန်းက အမြင့်ဈေးတွင်ရှိနေသည်။
နိုင်ငံခြားငွေလဲလှယ်ဈေးနှုန်း
ယခုသီတင်းပတ်အတွင်း နိုင်ငံခြားငွေလဲလှယ်ဈေးနှုန်းများက အမြင့်တန်းမှာပင် ရှိနေသည်။ အမေရိကန်တစ်ဒေါ်လာလျှင် ကျပ် ၅၀၀၀ နီးပါးရောက်ခဲ့ပြီး ယခုအခါတွင် တစ်ဒေါ်လာကို ကျပ် ၄၅၀၀ ဝန်းကျင်ရှိကြောင်း ဈေးကွက်အတွင်းက စုံစမ်းသိရသည်။
ဇွန် ၁ ရက်နေ့တွင် အမေရိကန်တစ်ဒေါ်လာ ကျပ် ၄၇၀၀ ဈေးပေါက်ရာမှ ဇွန် ၁၅ ရက်နေ့တွင် တစ်ဒေါ်လာကို ကျပ် ၄၅၅၀ ကျပ်ရှိကြောင်း သိရသည်။
စစ်ကောင်စီသည် မေလတွင် နိုင်ငံခြားငွေလဲလှယ်သူ၊ ဟွန်ဒီလုပ်ငန်းလုပ်ဆောင် သူများနှင့် ရွှေလုပ်ငန်းရှင်အချို့ကိုဖမ်းဆီးထားပြီး ကျန်ရှိသူများကို ဖမ်းဝရမ်းထုတ်ကာ ဒေါ်လာဈေးနှင့် ရွှေဈေးကျဆင်းစေရန် လက်နက်ကိုင်၍ ခြိမ်းခြောက်ခဲ့သည်။
ထိုသို့ ခြိမ်းခြောက်ထားသော်လည်း အဆိုပါ စျေးနှုန်းများမှာ စစ်ကောင်စီ မျှော်မှန်းသလောက် ကျဆင်းခြင်းမရှိဘဲ ဈေးအမြင့်မှာပင်ငြိမ်နေသည်။
ယင်းပြင် စစ်ကောင်စီ၏ ဗဟိုဘဏ်က အကြောင်းအမျိုးမျိုးဖြင့်ပြည်ပသို့သွား ရောက်သူများ အနေဖြင့် AD လိုင်စင်ရဘဏ်များ၏ ငွေလဲကောင်တာတွင် ဗဟိုဘဏ် သတ်မှတ်ဈေး Online Trading Rate အပေါင်း ၁၀ ကျပ်ဖြင့် ဝယ်ယူနိုင်ကြောင်း ဇွန်လတွင် ထပ်မံထုတ်ပြန်ခဲ့သည်။
ထို့သို့ ထုတ်ပြန်ခဲ့သော်လည်း စစ်ကောင်စီ၏ ဗဟိုဘဏ်အနေဖြင့် ဒေါ်လာ၊ ယွမ်နှင့် ဘတ်ငွေများကို Online Trading Platform မှတစ်ဆင့်ပင် ဟန်ပြရောင်းချနိုင်ခြင်းမရှိပေ။
အမေရိကန်ဒေါ်လာဈေးမြင့်တက်မှုနှင့်အတူ တရုတ်ယွမ်၊ ထိုင်းဘတ်ဈေးတို့လည်း မြင့်တက်ကာ မြန်မာကျပ်ငွေ တန်ဖိုးပိုမိုကျဆင်းလာပြီဖြစ်သည်။
တရုတ်ယွမ်ဈေးနှုန်းသည် ဇွန် ၁ ရက်နေ့တွင် ၆၁၃ ကျပ်ရှိရာမှ ဇွန် ၁၅ ရက်နေ့တွင် တစ်ယွမ် ၆၃၉ ကျပ်ဖြစ်ပြီး ၂၆ ကျပ် ကျော်ဈေးမြင့်လာခြင်းဖြစ်သည်။
ထိုင်းဘတ်ဈေးနှုန်းသည် ဇွန် ၁ ရက်နေ့တွင် ၁၁၆ ကျပ်ရှိရာမှ ဇွန် ၁၅ ရက်နေ့တွင် ထိုင်းတစ်ဘတ်လျှင် ၁၂၄ ကျပ်ဖြစ်ကြောင်း ငွေလဲလှယ်သူများထံသိရသည်။
ပြည်တွင်းရွှေဈေးနှုန်း
ကမ္ဘာ့ရွှေဈေးနှုန်းကျဆင်းလာသဖြင့် ပြည်တွင်းရွှေဈေးအနည်းငယ် ကျဆင်းလာသည်။ စစ်ကောင်စီက နာမည်ကြီးရွှေဆိုင်လုပ်ငန်းရှင်များကို ဖမ်းဆီးစစ်ဆေးခြင်းနှင့် လာရောက်စစ်ဆေး မခံသူများကို ဖမ်းဝရမ်းထုတ်ပြီး ရွှေဈေးကျဆင်းစေရန် လုပ်ဆောင်ခဲ့သည်။
ထိုသို့လုပ်ဆောင်ခဲ့သော်လည်း ရွှေဈေးက ဆက်လက်မြင့်တက်နေပြီးနောက် ကမ္ဘာ့ရွှေ ဈေးကျဆင်းချိန်တွင် အနည်းငယ် လိုက်ပါကျဆင်းလာသည်။ ရွှေဆိုင်များအနေဖြင့် ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း (YGEA)၏ ရည်ညွှန်းဈေးဖြင့်သာ ရောင်းချရ မည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
“အသင်းကရောင်းဈေးနဲ့ နာမည်ကြီးဆိုင်တွေက ရွှေတစ်ပဲရောင်းပေးတယ်လို့ သိရ တယ်။ အခုရွှေဆိုင်တွေက ရွှေဝယ်ဖို့တိုကင်ယူထားရတယ်။ ဒါပေမဲ့ ကိုယ့်အလှည့် ရောက်ရင် ရွှေဝယ်လို့ ရ/မရ မသေချာဘူး။ အချို့ဆိုင်တွေက ဒီနေ့ဆိုင်မှာ ရွှေပြန်ရောင်း သူရှိတယ်ဆိုရင် အဲဒီရွှေကိုအခြားသူကိုပြန်ရောင်းပေးတာမျိုး။ သူတို့ဆီရှိနေတဲ့ ရွှေတွေ ရောင်းပေးတာမဟုတ်ဘူး။ ဖမ်းခံရမှာစိုးလို့ အဖွင့်ပြရုံပဲ ” ဟု ရန်ကုန်မြို့ခံ ရွှေဝယ်လို သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
လက်ရှိပြင်ပပေါက်ဈေး အကယ်ဒမီအခေါက်ရွှေဈေးသည် တစ်ကျပ်သားကို ကျပ် ၅၂ သိန်းမှ ၅၃ ကြားရှိပြီး ကြိုက်ရောင်း၊ ကြိုက်ဝယ်ဈေးကွက်တစ်ခုလို ဖြစ်နေသည်။
ဇွန် ၁၅ ရက်နေ့ အကယ်ဒမီအခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၄၆ သိန်းကျော် ( ၄,၆၂၉,၅၅၁ ) ဖြင့် ရောင်းချရမည်ဟု ဈေးသတ်မှတ်ထားသည်။ ကမ္ဘာ့ရွှေဈေးသည် ရွှေတစ်အောင်စလျှင် ၂၃၀၇ ဒေါ်လာရှိကြောင်းသိရသည်။
အဆိုပါအသင်းသတ်မှတ်ချက်ဈေး ဇွန် ၁ ရက်နေ့တွင် အခေါက်ရွှေ တစ်ကျပ်သားကို ကျပ် ၄၁ သိန်းကျော် ( ၄,၁၄၀,၂၀၀ ) ဖြစ်သည်။ ယင်းနေ့တွင် ကမ္ဘာ့ရွှေဈေးသည် တစ်အောင်စလျှင် ၂၃၂၇ ဒေါ်လာဖြစ်သည်။
ထို့ပြင် ရွှေဈေးနှုန်းတည်ငြိမ်ရေးအတွက် ရန်ကုန်တိုင်းအတွင်းရှိ ရွှေဆိုင်များ ဖွင့်လှစ်ရန်နှင့် ရွှေရောင်းချရန် ညွှန်ကြားကာ လိုက်နာခြင်းမရှိပါက ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း YGEA က ထုတ်ပြန်သည်။
ပြည်တွင်းစက်သုံးဆီဈေးနှုန်း
စစ်ကောင်စီက ပြည်တွင်းစက်သုံးဈေးကိုထိန်းချုပ်ထားရာတွင် ယခုနှစ်ပတ်အတွင်း တစ်ပတ်ဈေးကျပြီး တစ်ပတ်ဈေးတက်နေသည်။ စက်သုံးဆီအရောင်းဆိုင်များတွင် ဓာတ်ဆီနှင့် ဒီဇယ်အမျိုးအစားထဲက တစ်မျိုးမျိုးမှာ ကုန်နေလျှက်ရှိသည်။ ယခုသီတင်းပတ်တွင် ဒီဇယ်လီတာ ၁၀၀ ကျပ်မှ ၃၀၀ ကျော်ထိဈေးမြင့်လာသည်။
ဇွန် ၁၅ ရက်နေ့တွင် အောက်တိန်း ၉၂ တစ်လီတာ ၂၅၁၅ ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာ ၂၆၄၅ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာ ၂၇၀၅ ကျပ် နှင့် ဒီဇယ် တစ်လီတာ ၂၃၀၅ ကျပ်ဖြစ်ကြောင်း စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီထံက သိရသည်။
ဇွန် ၁ ရက်နေ့တွင် အောက်တိန်း ၉၂ တစ်လီတာ ၂၅၆၅ ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာ ၂၆၆၅ ၊ ပရီမီယံဒီဇယ်တစ်လီတာ ၂၃၈၀ နှင့် ဒီဇယ်တစ်လီတာ ၂၃၃၀ ကျပ်ဖြင့် စစ်ကောင်စီက ဈေးနှုန်းထိန်းချုပ်ထားသည်။
“ ဆီဈေးကပုံမှန်ပဲပြောရမလား။ ဒီထပ်ဈေးထပ်ဆက်မတက်ဘူးပေါ့။ ဆီကတော့ မနက်ထည့်ရင် အကုန်ရတယ်။ ညနေပိုင်းတွေဆို လိုချင်တဲ့ဆီကိုရှာထည့်ရတာရှိတယ်။ ဆိုင်တွေမှာ ညနေဆို အောက်တိန်းမဟုတ်ရင် ပရီမီယံဒီဇယ်က ကုန်နေတတ်ပြီ” ဟု ရန်ကုန်မြို့ခံ ကိုယ်ပိုင်ရှင်မောင်းတစ်ဦးက ပြောကြားသည်။
အခြေခံစားသောက်ကုန်ဈေးနှုန်း
သင်္ကြန်အပြီး မေလမှစတင်၍ မြင့်တက်လာသော အထွေထွေကုန်ဈေးက ဇွန်လလယ် ရောက်သည့်အထိ ဈေးတက်ကောင်းဆဲဖြစ်သည်။
ဈေးထဲမှာ ၊ လက်ဖက်ရည်ဆိုင်တွေမှာ၊ မုန့်ဆိုင်များအပါအဝင် လမ်းပေါ်၊ ဘတ်စ်ကားပေါ် တွေမှာ အိမ်ရှင်မများရဲ့ ညည်းတွားသံကို ကြားနေရဆဲဖြစ်သလို အိမ်ထောင့်တာဝန် ထမ်းဆောင်နေသာ အမျိုးသားများ၏ ညည်းတွားသံများကိုပါ ထပ်မံကြားနေရပြီ ဖြစ်သည်။
အခြေခံကုန်စည်ဖြစ်သည့် စားသုံးဆီဈေးမြင့်တက်နေသည်။ ကုန်စိမ်းဟင်းသီး ဟင်းရွက်နှင့် စားဖိုဆောင်သီးနှံ ဈေးမြင့်တက်နေသည်။ ထို့ပြင်အမြင့်တွင် ငြိမ်နေသော ဆန်ဈေးလည်း မြင့်တက်လာနေပြီဖြစ်သည်။ နယ်စပ်ကုန်သွယ်ရေးရပ်တန့်နေသဖြင့် ပြင်ပသွင်းကုန်ပစ္စည်းများ ဈေးဆက်လက်မြင့် တက်နေဆဲဖြစ်သည်။
ယခုသီတင်းနှစ်ပတ်တွင် ရှမ်းပြည်မှလာသော ဂေါ်ဖီထုပ်ဈေးမြင့်တက်သွားသည်။ လက်မ ၂၀ ကျော်ဆိုဒ်ရှိသော ဂေါ်ဖီတစ်ထုပ်ကို ကျပ် ၆၀၀၀ ဈေးဖြစ်ပေါ်ခဲ့သည်။ ယခု ဇွန်လလယ်တွင် တစ်ထောင်ကျပ်မှ နှစ်ထောင်ခန့် ဈေးပြန်ကျလာသည်။
“ ကုန်ကားဝင်ဖို့ရှိလို့ ဂေါ်ဖီဈေးနည်းနည်းကျတယ်။ အရင်လို ၁၂ ဘီးကားကြီးတွေနဲ့ တိုက်ရိုက်ဝင်တာမဟုတ်တော့ ဂေါ်ဖီတွေဈေးတက်တာ။ လမ်းမှာကြာတာလည်း ရှိမှာပေါ့။ အခုတစ်ခေါက် ဂေါ်ဖီအသေးဆိုဒ်တွေပဲရတယ် “ ဟု ရွှေပြည်သာမြို့နယ်ရှိ ကုန်စိမ်းရောင်းသူ အမျိုးသမီးတစ်ဦးက ပြောသည်။
စစ်ကောင်စီ အာဏာသိမ်းမှုကြောင့် ငွေကြေးဖောင်းပွမှုနှုန်းမြင့်တက်လာပြီး အထွေထွေ ကုန်ဈေးနှုန်းများ၏ ဈေးနှုန်းများက သုံးဆ ခန့်မြင့်နေသည်။ မိသားစုလေးဦးရှိသော အိမ်ထောင်စုတစ်စုတွင် အသားငါးနှင့်ဟင်းသီးဟင်းရွက်ပါဝင်သည့် စားစရိတ်က တစ်ပတ်ကို ကျပ်ငါးသောင်းမှ ခုနစ်သောင်းကြားကုန်ကျစရိတ်ရှိသည်။ ထိုထဲတွင် ဆန်၊ ဆီမပါဝင်ပေ။
ယခုနှစ်ပတ်အတွင်း ဆန်ဈေးနှုန်းသည် ဈေးအမြင့်မှာပင်ရှိနေပြီး ကျပ် ၅၀၀၀ မှ ၁၀၀၀ ကျပ် ကျော် ဈေးတက်လာကြောင်း ဆန်ဆိုင်များထံက သိရသည်။
ဆန်ချော ရွှေဘိုအိုးဝင် တစ်အိတ် ၁၈၅,၀၀၀ ကျပ်၊ ရွှေဘိုထူးထူးရှယ် ၁၆၆,၀၀၀ ကျပ်၊ကျားပျံ ၁၅၀,၀၀၀ ကျပ်၊ တောင်ပျံ ၁၄၂,၀၀၀ ကျပ်၊ ဖျာပုံပေါ်ဆန်းမွှေး ၁၃၆,၀၀၀ ကျပ်၊ ပေါ်ဆန်းရိုးရိုး ၁၁၅,၀၀၀ ကျပ်၊ ဇီယာ ကျပ် ၈၇၀၀ ကျပ်ရှိကြောင်း ဆန်လက်လီ လက္ကားရောင်းချသူထံက သိရသည်။
ပြည်တွင်းသုံးစွဲမှုများသော စားအုန်းဆီဈေးသည် ယခုတစ်ပတ် စစ်ကောင်စီ သတ်မှတ်ချက် ရန်ကုန်အထိုင်ဈေးအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းသည်ပင် ယခင် တစ်ပတ်ကထက် ၉၅ ကျပ် ဈေးနှုန်းမြင့်တက်လာသည်။
၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၀ ရက်နေ့မှ ဇွန်လ ၁၆ ရက်နေ့အထိ ရန်ကုန် အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ၅,၃၆၅ ကျပ် ဖြစ်ကြောင်း ထုတ်ပြန်သည်။
လက်ရှိအချိန်ထိ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းအပါအဝင် စားအုန်းဆီတင်သွင်းသည့်ကုမ္ပဏီတို့ ပူးပေါင်းပြီး စစ်ကောင်စီသတ်မှတ်ဈေးနှုန်းဖြင့် စားအုန်းဆီရောင်းချရာနေရာများတွင် ပြည်သူများ တိုကင်ဖြင့် တန်းစီးတိုးဝယ်နေရဆဲ ဖြစ်သည်။
သို့ရာတွင် စားအုန်းဆီကို တစ်ပိဿာရောင်းချနိုင်ခြင်းမရှိဘဲ ၅၀ ကျပ်သားပဲ ရောင်းချကြောင်း သိရသည်။ ယင်းပြင် ထိုင်းနိုင်ငံသွင်းကုန် နေကြာဆီ၊ ပဲပိစပ်ဆီနှင့် ဟင်းသီးဟင်းရွက်ဆီများဈေးမြင့်တက်နေသည်။
စားဖိုဆောင်သီးနှံဈေးနှုန်း
စားဖိုဆောင်သီးနှံဈေးနှုန်းများတွင် ယခုတစ်ပတ်တွင် ချင်း ( ဂျင်း) ဈေးတက်လာသည်။ ပြီးခဲ့သည့်တစ်ပတ်တွင် တစ်ပိဿာ ကျပ် ၁၀၀၀၀ ဈေးရှိရာမှ ယခုတစ်ပတ်တွင် ၁၄၀၀၀ ကျပ်ရှိလာသည်။
ကြက်သွန်နီတစ်ပိဿာ ၃၀၀၀ ကျပ်၊ ကြက်သွန်ဖြူ တစ်ပိဿာ ၁၂၀၀၀ မှ ၁၄၀၀၀ ဖြစ်သွားသည်။ အားလူတစ်ပိဿာ ၃၅၀၀ ကျပ်ရှိသည်။
သားငါးဈေးတွင်မူ ကြက်သား (CP) ဈေးသည် တစ်ပိဿာ ၁၅၀၀၀ ကျပ်မှ ၁၈၀၀ ကျပ်ကြားတွင်ငြိမ်နေပြီဖြစ်သည်။
ဟင်းသီးဟင်းရွက်များဈေးများလည်း မြင့်တက်နေသည်။ ခရမ်းချဉ်းသီးတစ်ပိဿာ ၅၀၀၀ ကျပ်၊ ဂေါ်ဖီတစ်ထုပ် အသေး ၁၀၀၀ ကျပ် အကြီး ၅၀၀၀ ကျပ် ၊ ကန်စွန်းရွက်တစ်စီး ၈၀၀ ကျပ်၊ နံနံပင် ၅၀၀ ဖိုးဝယ်မှရသည်။ ခဝဲသီးတစ်ထောင့် ၁၀၀၀ ကျပ်၊ ဗုံလုံသီး ၁၀၀၀ ကျပ်၊ ဖလန်တောင်မွှေး ၁၀၀၀ ကျပ်၊ ချဉ်ပေါင်ရွက် တစ်စီး ၃၀၀ ကျပ် ၊ မုန့်ညှင်းစိမ်း တစ်စီး ၄၀၀ ကျပ်ဈေးရှိသဖြင့် ဟင်းရွက်တစ်စီးဝယ်လျှင် ကျပ်ငွေ ၁၀၀၀ ကုန်ကျနေပြီဖြစ်သည်။
“ဈေးတွေကအကုန်အတက်ချည်းပဲ။ မတက်တာဘာမှမရှိဘူး။ အဝေးက လာတဲ့ ပစ္စည်းလည်းဝေးလို့ ဈေးတက်တယ်။ ဒီနားကထွက်တဲ့ကုန်လည်း ဈေးတက်တာပဲ။ ကုန်ပစ္စည်းရှားပါးတဲ့ စာအုပ်နဲ့တိုးဝယ်ရတဲ့ အမေတို့ခေတ်နဲ့ အဖွားတို့ခေတ်ကို ပြန်တော့မယ်” ဟု ရန်ကုန်မြို့ခံ အသက် ၃၀ ကျော်အရွယ်ရှိ အိမ်ရှင်မတစ်ဦးက ညည်းတွားပြောဆိုသည်။
(ဧရာ၀တီတိုင်းမ်သတင်းဌာနအနေဖြင့် ရန်ကုန်မြို့အတွင်းရှိစျေးကွက်၊ ညောင်ပင်လေး ဈေးနှင့် လက်လီဈေးကွက်တို့တွင် ဇွန် ၁ ရက်နေ့မှ ဇွန် ၁၅ ရက်နေ့အတွင်း ကောက်ယူထားခြင်းဖြစ်ပြီး အချိန်နှင့် အမျှဈေးနှုန်း အပြောင်းအလဲ ဖြစ်ပေါ် နိုင်ပါသည်။)
#ဒေါ်လာရွှေစက်သုံးဆီဈေးနှုန်း #အခြေခံစားသောက်ကုန်ဈေးနှုန်း #စျေးကွက်သတင်း #ဇွန်၁မှဇွန်၁၅ရက် #Ayeyarwaddy_Times