ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၇ ရက်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ရှိ စက်တော်ရာဘိုးဘွားရိပ်သာမှ အဘိုးအဘွားများသည် လာမည့် ရွေးကောက်ပွဲအတုတွင် မဲပေးနိုင်ရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား(မှတ်ပုံတင်)ရှိ၊ မရှိကို ယမန်နေ့ နိုဝင်ဘာ ၂၆ ရက်တွင် စစ်ကော်မရှင်လက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန (လဝက)ဝန်ကြီး ဦးမြင့်ကြိုင်က ကိုယ်တိုင် သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

စစ်ကော်မရှင်သည် ၎င်းတို့၏ ရွေးကောက်ပွဲကျင်းပရန် အချိန်နီးကပ်လာသည့်တိုင် ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်တွင်လည်း “ပန်းခင်းလမ်း စီမံချက်” ကို ရုတ်သိမ်းခြင်းမရှိသေးဘဲ နိုင်ငံသား စိစစ်ရေးကတ်ပြားများ ဆက်လက်ထုတ်ပေးနေဆဲဖြစ်သည်။

ဝန်ကြီး ဦးမြင့်ကြိုင်က အဘိုးအဘွားများအနေဖြင့် လာမည့်ရွေးကောက်ပွဲတွင် မဲပေးနိုင်ရေးနှင့် နိုင်ငံသားအခွင့်အရေး မဆုံးရှုံးစေရန် နိုင်ငံသားကတ်ပြား ပျောက်ဆုံး/ပျက်စီးပါက မိတ္တူလျှောက်ထား ကိုင်ဆောင်နိုင်အောင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

၎င်းက ဆက်လက်၍ ကျုံပျော်မြို့နယ်အတွင်းရှိ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ် ပျက်စီး၊ ပျောက် ဆုံးသွားသူများနှင့် နိုင်ငံသားစိစစ်ရေးကတ်မရှိသူများကို ပန်းခင်းလမ်းစီမံချက်အဆင့် (၃) ဖြင့် ထုတ်ပေးနေကြောင်း ပြောသည်။

ပန်းခင်းလမ်းစီမံချက်အဆင့် (၃) ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ခြင်းကို အောက်တိုဘာ ၃၁ ရက်နေ့ နောက်ဆုံးထားပြုလုပ်ပေးမည်ဟု ဆိုထားသော်လည်း စစ်ကော်မရှင်က ၎င်းတို့၏ ရွေးကောက်ပွဲအတွက် ရည်ရွယ်ကာ လက်ရှိအချိန်အထိ ရပ်ဆိုင်းခြင်းမရှိသေးဘဲ လုပ်ဆောင်ပေးနေဆဲ ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် စစ်ကော်မရှင်ပြုလုပ်မည့် ရွေးကောက်ပွဲအတုအတွက် ဒုတိယအကြိမ် မဲစာရင်း ထုတ်ပြန် ရာ၌ မဲစာရင်းမှားယွင်းမှု၊ နိုင်ငံသားစိစစ်ရေးကတ်ပြားနံပါတ် မှားယွင်းမှု၊ မိဘအမည်မှားယွင်းမှုများ ရှိနေကြောင်း ရန်ကုန်မြို့ခံများထံမှ သိရသည်။

ထို့ပြင် မဲစာရင်းတွင် အမည်စာရင်း ပါဝင်မှသာ မဲပေးခွင့်ရှိသော်လည်း လက်ရှိတွင် နိုင်ငံသားစိစစ်ရေး ကတ်ပြားရှိသူတိုင်း မဲပေးခွင့်ရရန် လုပ်ဆောင်နေကြောင်း စစ်ကော်မရှင်က ထုတ်ပြန်လျက်ရှိသည်။

အဆိုပါ ရွေးကောက်ပွဲအတုကို နိုင်ငံရေးပါတီ ၅၇ ပါတီနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်း ၅,၀၂၃ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ကြောင်း စစ်ကော်မရှင်၏ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။ လာမည့် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျင်းပမည့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲအတုတွင် မဲပေးခွင့် ရှိသူအရေအတွက်ကို ထုတ်ဖော်ပြောကြားခြင်းမရှိသေးပေ။

စစ်တပ်အာဏာသိမ်းထားသည့် ၂၀၂၁ ခုနှစ်မှ ဇူလိုင် ၂၀၂၅ ခုနှစ်အထိ ပန်းခင်းလမ်းစီမံချက်ဖြင့် လူဦးရေ ၉.၈ သန်းကျော်ကို နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးထားကြောင်း လဝက ဝန်ကြီးဌာနထံမှ သိရသည်။

ဓာတ်ပုံ – ဧရာဝတီတိုင်းမ်